အနုပညာရှင်သားသမီးများ ကိုသာ ၂၀၁၈ အကယ်ဒမီရွှေကြို အဖြစ် ရွေးချယ်မည်

ရန်ကုန် ၈ ဖေဖော်ဝါရီ

 

၂၀၁၈ခုနှစ် မတ်လကုန်တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးတွင် ရွှေကြိုအဖြစ်   နာမည်ကြီး အနုပညာရှင်ကြီးများ၏ သားသမီးများဖြစ်သော တက်သစ်စ မင်းသား၊ မင်းသမီး (၆) ဦးခန့်ကိုသာ ရွှေကြိုများအဖြစ် ရွေးချယ်မည်ဟု သိရသည်။

 

ရွှေကြိုဟု သတ်မှတ်ခဲ့ခြင်းမှာ  ၂၀၁၆ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပြီး အကယ်ဒမီ ဗန်းကိုင်အစား ရွှေကြိုဟု ခေါ်တွင်ခဲ့ပြီး နောင်ပိုင်း အနုပညာကို စိတ်ဝင်စားသူ လူငယ်များအား ရွေချယ်ခဲ့ကြောင်းသိရသည်။ ယင်းအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေး (ဇာတ်ညွန်းအလွှာ)နှင့် တွေ့ဆုံ မေးမြန်းဖြစ်သည်များကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

 

အစီအစဉ်

 

“ဒီနှစ် မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲရဲ့ ထူးခြားချက်ကတော့ ဆုပေးပွဲရဲ့ ဝင်လမ်းကတ္တီပါ ကော်ဇောနီ တစ်လျှောက်ရဲ့ဘေးမှာ ဂန္ထဝင် ရုပ်ရှင်ဇာတ်ကားတွေကို ဘေဘုတ်တွေ ထောင်ပြီးတော့ ပြသထားမယ်။ နောက် ဒီပွဲကို တက်ရောက်လာတဲ့ အနုပညာရှင်တွေကလည်း ရွှေစာအုပ်လေးက အကယ်ဒမီဆုတွေထားသူတွေတိုင်း လက်မှတ်ထိုးရမယ်။ ဘေးက ငွေရောင်စာအုပ်လေးက အနုပညာရှင် တွေတိုင်း လက်မှတ်ထိုးရမယ်။ ဒီစာအုပ်လေးက အကယ်ဒမီရရှိထားတဲ့သူတွေရဲ့ သမိုင်းကိုလည်း စုစည်းပြီး သားဖြစ်မယ်။ အကယ်ဒမီကို ၁၉၅၂ ခုနှစ်ထဲက အကယ်ဒမီရခဲ့သူတွေကပြီးတော့ ယခုရခဲ့တဲ့သူတွေအထိ လက်မှတ်ထိုးရမယ်။

 

အကယ်ဒမီစာရင်းဝင် ဇာတ်ကားရွေးချယ်မှု

 

ရုပ်ရှင်ဇာတ်ကားပေါင်း (၅၃)ကားထိ ရှိနေတယ်။ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေ အရင်နှစ်ကထက် ပိုမိုများပြားလာပြီး ဇာတ်ကားစိစစ်ဖို့ အချိန်ပိုပေးရတာကြောင့် မတ်လပိုင်းရက်ကို အတိအကျ ဖော်မပြနိုင်သေး တာပါ။ အခုလက်ရှိမှာလည်း တစ်ရက်ကို ဇာတ်ကား ၂ ကားကြည့်နေတာကို ပထမအဆင့်ကြည့်ရှု စစ်ဆေးမှု သာရှိသေးတယ်။ အရင်နှစ်တွေကတော့ နှစ်ကြိမ်ပြန် ကြည့်တာပေါ့။ ဒီနှစ်က ဇာတ်ကားကောင်းတွေကလည်း အပြိုင်ဖြစ်နေတယ်။ ခဏခဏထက် ကြည့်ရမယ်။ ပထမအကြိမ်နဲ့တင် ဖေဖော်ဝါရီလထဲ ရောက်သွားမယ်။ ဒီနှစ်ပွဲမတိုင်မီပြီးစီးအောင် စနစ်တကျ စိစစ်ကြည့်ရှုနေတယ်။

 

အရင်ကဆိုရင် ဒီဇာတ်ကားကြိုက်ရင် ကြိုက်တယ်။ မကြိုက်ရင်မကြိုက်ဘူးလုပ်လို့ရတယ်။ ဒီနှစ် အကယ်ဒမီ ထူးချွန်ဆုအတွက် သုညနဲ့ တစ်ခွဲခြားထားတယ်။ ပထမအကြိမ်မှာ သုညတွေများရင် ဒီကား ပြန်မကြည့်တော့ဘူး။ တစ်တွေများရင် နောက်တစ်ကြိမ် ပြန်ကြည့်ခွင့်ရမယ်။ အကြိုက်ဆုံးကို ၅ မှတ်ပေးတယ်။ ဒုတိယ အဆင့်ထိ ရွေးချယ်ခံရသော ရုပ်ရှင်ဇာတ်ကားတွေကို အရင်နှစ်များနဲ့ မတူဘဲ အမှတ်ပေးပုံစံပြောင်းလဲ ပေးနိုင်အောင်လည်း စီစဉ်ထားတယ်။ အခုဒီနှစ် အကယ်ဒမီအတွက် မဲပေးတာ မတူဘူး။ မဲပေးတာက အရင်ကဆိုရင် သရုပ်ဆောင်ဆိုရင် ရှိသမျှလူ အကုန်ပေးရတာ။ အခုက အဲလိုပေးလို့မရဘူး။ သရုပ်ဆောင် အလွှာမှာရှိတဲ့ လူငါးယောက်ရယ်။ အဖွဲ့ခေါင်းဆောင် ခုနစ်ယောက်ပဲ မဲပေးရတယ်။

 

ဥပမာဆိုပါတော့ ဇာတ်ညွှန်းအလွှာဆိုရင် ဇာတ်ညွှန်းအဖွဲ့ ခေါင်းဆောင်က ကိုကြည်စိုးထွန်း ၊ ဓာတ်ပုံအဖွဲ့ ခေါင်းဆောင်က ကိုမြင့်သိန်းဖေ၊ အသံအဖွဲ့ရဲ့ ခေါင်းဆောင် ကိုချစ်ဆွေပေါ့နော်။ အဲလိုဖွဲ့ထားတာ အားလုံးပေါင်း ခုနစ်ယောက်ရှိတယ်။ အဲဒီတော့ သရုပ်ဆောင်ကို ပေးမယ်ဆိုရင် သရုပ်ဆောင်အဖွဲ့ကပေး စောစောက ခုနစ်ယောက် အဖွဲ့ကပေး။ ဇာတ်ညွှန်းကို ပေးမယ်ဆိုရင် ဇာတ်ညွှန်းအဖွဲ့ကပေး ။ အဲဒီ ခုနစ်ယောက်ကပေး။ အဲဒီ အမှတ်ကိုပဲယူမှာ တခြားလူတွေ ပေးလို့မရဘူး။ အဲဒါကြောင့် နည်းနည်း တွက်လို့ရတယ်။ ဇာတ်ကားဆုကြတော့ ရှိသမျှလူ အကုန်ပေးလို့ရတယ်။ လူသုံးဆယ်ရှိရင် သုံးဆယ်လုံး ပေးလို့ရတယ်။ ဇာတ်ညွှန်းဆုကလည်း နှစ်တိုင်းထည့်တယ်။ မနှစ်က သူ့ဘာသူ ရွေးစရာ မရှိလို့ မရတာ။

 

၂၀၁၈ အကယ်ဒမီ ၏ ထူးခြားချက်များ

 

မြန်မာ့ရုပ်ရှင် အဆင့်မြှင့်တင်ရေးအတွက် နှစ်တစ်နှစ်အတွင်း အကောင်းဆုံးထူးချွန်ဆု (၁၁)ဆု အပြင် ထူးခြားသော အနုပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာပါက အထူးဆု၊ ယခုနှစ်တွင် ရုပ်ရှင် တစ်သက်တာ ဆုကိုပါ ထည့်သွင်း ပေးအပ်သွားမယ်။  စုစုပေါင်း (၁၃)ဆု ပါ။ အထူးဆုကလည်း အရင်တုန်းက ကလေးဇာတ်ဆောင်ပဲပေးတယ်။ မနှစ်ကထဲက ပြောင်းလဲခဲ့တာပါ။ မိတ်ကပ်ပညာမှာ ထူးချွန်ရင် မိတ်ကပ်ပညာရှင် ပေးမယ်။ ဒါကြောင့် ဆုရဖို့ မျှော်လင့်ချက်တွေလည်း များလာပါပြီ။ တစ်သက်တာ ဆုကိုလည်း ရွှေစင်ကြယ် ၅ ကျပ်သားအပြင် တစ်သက်လုံးကို နှစ်စဉ်ကျပ် ငါးသိန်းထောက်ပံ့မှာပါပဲ။

 

တစ်သက်တာဆုကတော့ အသက်ကြီးဆုံးဖြစ်မယ်။ အကြမ်းဖျင် ရုပ်ရှင်အလုပ်ကို မြတ်မြတ်နိုးနိုး လုပ်နေတဲ့သူ၊ အသက်လည်း ကန့်သတ်ချက်တွေရှိတယ်။ ဥပမာ - အသက် ၉၀ ပေါ့။ သက်ဆိုင်ရာ အကယ်ဒမီဆုရသူ၊ မရခဲ့လည်း နိုင်ငံတော်ကပေးတဲ့ စာပေဆုအဲလို ဆုရသူတွေလို့ သတ်မှတ်ချက်တွေရှိပါတယ်။

 

ကိုလင်း