အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ် (၄/၂၀၂၀)

၁၂  မေ

၁။ မြန်မာ့တပ်မတော်က ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရက အကြမ်းဖက် အုပ်စုများ အခြေပြုလှုပ်ရှားသော နေရာဒေသများအဖြစ် သတ်မှတ်ထားသည့် နယ်မြေများမှအပ အခြားနယ်မြေများတွင် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲသွားမည်ဖြစ်ကြောင်း ဖော်ပြကြေညာခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်အရ အကြောင်းနှစ်ရပ်ရှိပြီး ပထမအချက်မှာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်တားဆီးကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်နှင့် ဒုတိယအချက်မှာ ထာဝရငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ရန် ဖြစ်သည်။

၂။ မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ ခြိမ်းခြောက်မှုနှင့် ယင်းအခက်အခဲကြောင့် တစ်နိုင်ငံလုံး၏ လူမှုစီးပွားဘဝကို ဆိုးကျိုးသက်ရောက်မှုများအပေါ် နိုင်ငံတစ်ဝှမ်းလုံးက တက်တက်ကြွကြွ ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခါသမယတွင် တပ်မတော်၏ ယခုကဲ့သို့ အခါသင့်စွာဆောင်ရွက်မှုသည် အမျိုးသားငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ အခက်အခဲအပေါ် အပြီးသတ်အောင်မြင်မှုရရှိရန်အတွက် အကျိုးပြုနိုင်မည်ဖြစ်သဖြင့် ကြိုဆိုပါသည်။

၃။ လက်ငင်းအကျိုးဖြစ်ထွန်းမှုများအနေဖြင့် အပစ်အခတ်ရပ်စဲမှုသည် ယာယီအားဖြင့် ဖြစ်သော်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများသည် ငြိမ်းချမ်းမှုကို မျက်မြင်ကိုယ်တွေ့ ရရှိခံစားနိုင်မည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် အဆိုပါဒေသများရှိ လူမှုအသိုင်းအဝိုင်းများသည်လည်း ကိုဗစ်-၁၉ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းရပ်များကို ပိုမိုအာရုံစိုက်လုပ်ဆောင်လာနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် လတ်တလောတွင် ပဋိပက္ခဒဏ်ခံစားရသည့် ဒေသများ၌ အခြေအနေများ တည်ငြိမ်အေးချမ်းသွားသဖြင့် အဆိုပါဒေသများ၌ နေထိုင်သော လူမှုအသိုင်းအဝိုင်းများအတွက် အရေးပေါ်လိုအပ်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးကူညီရန် ပိုမိုလွယ်ကူ လာစေနိုင်မည်ဟု ကော်မရှင်က ရှုမြင်ပါသည်။

၄။ ကော်မရှင်အနေဖြင့် အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း အပြုသဘောဆောင်သော သက်ရောက်မှုများ ရရှိမည်ဟု မျှော်မှန်းထားသည်။ ယင်းကဲ့သို့ အပြုသဘောသက်ရောက်မှုများရရှိပြီး သက်ဆိုင်သည့် အစုအဖွဲ့များ အားလုံးက ကျေနပ်လက်ခံကြသည့်အခါ မိမိတို့အနေဖြင့် မဝေးတော့သည့် အနာဂတ်တွင် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ချက်များ ထပ်မံဖြစ်ပေါ်စေရန် မျှော်လင့်နိုင်မည်ဖြစ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန် အဟုန်မြှင့်နိုင်ရေးအတွက် လမ်းစဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၁ ရက်