အပြောင်းအလဲဆိုတဲ့ နှစ်သစ်ရဲ့ နေ့သစ်တွေ

၂၅  ဇန်နဝါရီ

"အရှေ့ဆီက... ဝင်းပရွှေရည်...

နေခြည်ပွင့်စ...၊ ဩကာသလောက

လှပပွင့်လင်း... နံနက်ခင်း...၊ အဆင်းဝေဆာ..."

ပိုးစုန်းကြူးတွေက အုပ်လိုက် အုပ်လိုက် စုန်းတောက်စား

ဒီစာသားလေးက ကျွန်တော့်နှုတ်ဖျားမှာ အမှတ်မထင် သီးခိုခဲ့တာကြာပါပြီ။ ကုန်လွန်ခဲ့တဲ့နှစ်ကာလအချို့မှာ ကျွန်တော်ဟာ အများတကာထက်စောပြီး နေကို စောစောမြင်ခွင့်ရခဲ့တယ်လို့ဆိုရင် မိတ်ဆွေတို့ နှာခေါင်းရှုံ့၊ မျက်မှောင်ကြုတ်ကြမှာ သေချာပါတယ်။ မင်းက ဘယ်တောင်ပေါ်၊ ဘယ်ကမ္ဘာများရောက်နေလို့ အများတကာ ထက်ထူးပြီး ဒီစကားပြောတာလဲလို့ အပြစ်တင်ကြမှာပေါ့။ ဒီလိုပါ။ ကျွန်တော် မန္တလေးမြို့ရဲ့ အရှေ့ဘက်အစွန်အဖျား ရွှံ့ဗွက်၊ ရိုးပြတ်၊ လယ်ကန်သင်းဘေး ရောက်ခဲ့ရတာ နှစ် ၂၀ ကျော်ပါပြီ။ ဒီနေရာလေး စပြီးရောက်တော့ ကျွန်တော့်အိမ်လေးရဲ့ အရှေ့ဘက်မှာ ပိတ်စွယ်တော်ကြီး။

တောင်ဘက်မှာလည်း ပိတ်စွယ်တောကြီး။ ဒီတောရိုင်းပင် တွေကနွေကာလဆိုရင်မို့လိုလိုအဖြူပွင့်တွေ လေမှာလွင့်လို့...။ ညဆိုရင် ဒီအပင်တွေကြားက ပိုးစုန်းကြူးတွေက အုပ်လိုက်အုပ်လိုက် စုန်းတောက်စားင် ဆောင်လို့...။

အိမ်လေးရဲ့ အရှေ့ဘက်ပိတ်စွယ်တောအဆုံးမှာ ရေအိုင်တွေရှိတယ်။ ရေအိုင်တွေအရှေ့ခြမ်းမှာ ငါးကန်ကြီးတွေ ရှိတယ်။ ပြီးရင် အင်္ဂလိပ်ခေတ်ကတည်းကဖောက်ခဲ့တဲ့ အောင်ပင်လယ်ကန်ပေါင်ရိုးက ကျောက်လမ်းကွေး ကွေး...။ အောင်ပင်လယ်ကန်ထဲမှာတော့ နန်းတော်ရှေ့ ဆရာတင်တို့ ခေတ်ကတည်းက "တကယ်တော့ အစစ် ကဲ့သို့ လယ်တောဖြစ်လို့မို့" ဆိုတဲ့ တစ်နံတစ်လျား လယ်ကွင်းတွေ..။ ဟိုး... အရှေ့တစ်မျှော်တစ်ခေါ် ကန့်လန့် အနားသတ်မှာမှ ရန်ကင်းတောင်နဲ့..။ ဟိုးဝေးဝေး... ရှမ်းရိုးမ တောင်တန်းပြာပြာ...။

နေရောင်ခြည်ကို မိနစ်အနည်းငယ်ပိုလို့

ဒီတော့... နွေအခါရန်ကင်းတောင်ပေါ်နေလုံးမေးတင်တာနဲ့ ဒီမှာဘက်အစွန်းမှာရှိတဲ့ ကျွန်တော့အိမ်ကလေးဆီ နေရောင်ခြည်က အတားအဆီးမဲ့ ချက်ချင်းရောက်လာတယ်...။ ဆောင်းတွင်းကာလမှာ ရော...၊ နေက တောင်ဘက်ယွန်းပြီး ရှမ်းရိုးမရဲ့ ကြွက်နဖားတောင်ထိပ်က ခပ်ဖျော့ဖျော့ အလင်းရောင်ပေးရင်ကိုပဲ အိမ်ခေါင်းရင်း ငှက်ပျောပင်တွေကြား နေရောင်ခြည်က မြားပစ်နေပြီ။ ဒီတော့ မန္တလေးမြို့ထဲ လူကုံထံရပ်ကွက်တွေထဲမှာ အနောက်ပြင်၊ တောင်ပြင်၊ လူကုံထံရပ်ကွက်မှာ...၊ မြို့သစ်ဂရန်ပေါက် ရပ်ကွက်တွေထဲမှာ...ဟို... ဧရာဝတီမြစ်ကမ်းနံဘေး နောက်ဆုံးပေါ်ထွက် တိုက်ခန်းကျယ်ကြီးတွေထဲမှာ နေထိုင်ကြလေကုန်သော ကျွန်တော့်မိတ်ဆွေတွေထက် နေရောင်ခြည်ကို မိနစ်အနည်းငယ်ပိုလို့ စောစောမြင်တွေ့ရတယ်လို့ အစွန်အဖျားမှာနေရခြင်းအပေါ်  ဂုဏ်သိမ်စွာကျူးရင့်ရခြင်းပါ။

နေရောင်ခြည်ရတာနှင့် ငှက်ကလေးတွေ စိုးစီ၊ စိုးစီ

လယ်ကွင်းတွေ၊ ရေကန် ရေအိုင် ရေပေါက်တွေ...။ သပြေခြံ၊ သရက်ခြံတွေကြားမှာနေရတော့ မနက်ခင်း နေရောင်ခြည်ရတာနှင့် ငှက်ကလေးတွေ စိုးစီ၊ စိုးစီ ဝင်းပေါက်မှာ မြည်တော့တာပါပဲ...။ အိုင်လေးတွေထဲက ငါးလေးတွေကလည်း ဖျပ်ဖျပ်လူး ရေကူးကြတာပါပဲ။ အရုဏ်မတက်မီကတည်းက သရက်ကုန်းဘုန်းကြီး ကျောင်းက ကုလားတက်ခေါက်သံနှင့်အတူ ဆွမ်းခံ သူတော်စင်တွေ ကြွလှမ်းလာကြတော့တာပါပဲ။ ဝီရိယကောင်းတဲ့ခြံအချို့ရဲ့ အစောင့်တဲတွေဆီက ပရိတ်ရွတ် မေတ္တာပို့တဲ့ စီဒီအချပ်ဖွင့်ကြတော့တာပါပဲ။

အဲဒီအချိန် မြေတူးကန်သင်းဖို့တဲ့ မိသားတစ်စု မနက်စောစော အလုပ်ခွင်ကတောင် ပြန်လာပြီလေ.....။ အိမ်ရှေ့က လမ်းလေးပေါ် တံမြက်စည်းလှည်းနေတဲ့ ကျွန်တော်ကို "အာစရိ.. ခေါင်းရင်းကငှက်ပျောပင်တွေ ကြားကိုင်းရှင်း ပေါင်းရှင်းပေးရဦးမလား"လို့အလုပ်စပ်နေ ပြီလေ...။ သူတို့ မနက်စောစာအတွက် သူတို့တစ်မိသားစုလုံး ရှာဖွေပြန်လာကြပါပကော...။ ဒီလိုပဲ ရေတံခွန်တောင်ခြေသွားပြီး ဝါးနှီးတွေဝယ်ကြမယ့် တောင်းရက်၊ တံမြက်စည်းထိုးလုပ်သားတွေလည်း စက်ဘီးကိုယ်စီနှင့်ခရီးနှင်ကြပေါ့။ နို့စားနွားမတစ်ကောင်နှင့် အပျိုကြီး၊ လူပျို ကြီး မောင်နှမလည်း နို့ညှစ်ပြီးလို့ အစ်ကိုလုပ်သူက နို့ပုံး စက်ဘီးချိတ်ပြီး မြို့ထဲထွက်သွားကြတာ ကြာပေါ့...။ အနောက်ထီးတိုင်ဈေးကကုန်စိမ်းတွေ လက်ကားယူပြီး အရပ်ထဲလက်လီလှည့်ရောင်းတဲ့ ဈေးသည်လည်း "ဒီက အင်းသီးနီမာတွေ..."လို့ အော်ဟစ်လှည့်လည်တာ အိမ်စေ့လှပေါ့...။

နေခြည်ပွင့်စ ဩကာသလောက လှပပွင့်လင်း

နံနက်ခင်းတိုင်းဟာ အသစ်ဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ သာယာတယ်။ နံနက်ခင်းတိုင်းဟာ အေးမြတယ်။ နံနက်ခင်းတိုင်းဟာ လှပတယ်။ နံနက်ခင်းတိုင်းဟာ နွေးထွေးတယ်။ နံနက်ခင်းတိုင်းဟာ လန်းဆန်းတယ်။ နံနက်ခင်းတိုင်းဟာ တက်ကြွတယ်။ နံနက်ခင်းတိုင်းဟာ ကျက်သရေရှိတယ်။ နံနက်ခင်းတိုင်းဟာ တစ်နေ့တာ အစီအစဉ်တွေအတွက် ဆုံးဖြတ်ချက်အချိန်ဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ စိတ်နှလုံးချမ်းမြေ့စေမယ့် နေ့သစ်ရဲ့ အစဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ လုံ့လဝီရိယရှိခြင်းရဲ့ တံခါးဝဖြစ်တယ်။ နံနက်ခင်းတိုင်းဟာ မနေ့ကအပေါ် သုံးသပ်ပြီး အနာဂတ်အတွက် ဒီနေ့လုပ်ဆောင်ရမယ့် ခေါင်းလောင်းသံဖြစ်တယ်။

ဒီမြင်ကွင်းတွေ ... ဒီအတွေးတွေနဲ့ ယစ်မူးသွားပြီးတဲ့နောက် ကျွန်တော့်နှုတ်ဖျားမှာ အဲဒီစကားလုံးတွေ သီးခိုခဲ့တာပေါ့။

"အရှေ့ဆီက... ဝင်းပရွှေရည်

နေခြည်ပွင့်စ... ဩကာသလောက

လှပပွင့်လင်း... နံနက်ခင်း... အဆင်းဝေဆာ..."ဆိုတာလေ...။

အပြောင်းအလဲဆိုတဲ့ နှစ်သစ်ရဲ့ နေ့သစ်တွေ

ဟော... အခုလည်း... ကိုဗစ်ကပ်ဆိုးကြီးကြောင့် အိမ်တွင်းအောင်းကြရ၊ ပွဲလမ်းတွေ ပိတ်ပင်ရ၊ တွေ့ဆုံမှုတွေ ရပ်ဆိုင်းရ။ လူချင်းဖက်လဲတကင်းနဲ့ ကင်းကြရ။ တစ်နှစ်ပြည့်လုပြီ။ ဒါပေမယ့် အရင်လို ပြန်မဖြစ်နိုင်တော့။ နေထိုင်မှုပုံစံသစ်နဲ့ ရှေ့ခရီးဆက်ကြရတော့မယ်။

အပြောင်းအလဲဆိုတဲ့နှစ်သစ်ရဲ့ နေ့သစ်တွေမကြာခင် ရောက်လာတော့မယ်။ နောက်အသစ်တစ်ဖန် ရောက်လာဦးမယ့် နှစ်သစ်မှာ စစ်မှန်တဲ့မဏ္ဍိုင်တွေဖြစ်ဖို့ ကျက်သရေမင်္ဂလာရှိစွာနှင့် တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားဆိုသော ကုသိုလ်အလုပ်တွေ ဆောင်ရွက်နိုင်ကြဖို့အတွက် မွန်မြတ်သော “ဓမ္မတရားများ ကိုယ်စီကိုယ်စီ တည်နိုင် ကြပါစေ...။

ဆူးငှက်