အဖေခေါ်မှားတဲ့သားနဲ့ အဆိုးသံသရာထဲက ယူကရိန်း

မြင့်မြတ်

ဒီအချိန် ဒီကာလတစ်ခုဟာ ယူကရိန်းအတွက်တော့ အခက်ခဲဆုံးအချိန်ဖြစ်နေပါပြီ။ အမေရိကန်ကို အားကိုးတဲ့ ဇာလန်စကီး၊ နေတိုးကို အဖော်ပြုတဲ့ယူကရိန်း အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်နေရပြီ။ သတိမမူ ဂူမမြင် ဘယ်သူကမိတ်ဆွေအစစ်၊ ဘယ်သူက မိတ်ဆွေအတု ခွဲခြားမသိခဲ့၊၊ နေတိုးရဲ့ စနစ်တကျစီစဉ်မှုအောက်မှာ ဆင်ခြင်တုံတရားမဲ့တဲ့ ယူကရိန်းခေါင်း ဆောင်တွေဟာ မည်သည့်အပြောင်းအလဲတစ်ခုခု၊ အခင်းအကျင်းသစ် တစ်ခုခုကိုမှ ဖန်တီးနိုင်စွမ်းမရှိသေးဘဲ သူတို့နိုင်ငံ၊ သူတို့ပြည်သူတွေကို ကြမ္မာဆိုးထဲ တွန်းပို့ဆဲဖြစ်နေပါတယ်။ ယနေ့ကမ္ဘာ့အရေးအခင်းတွေ မြင်ကွင်းတွေက မိမိနိုင်ငံအတွက်ဆို သင်ခန်းစာ ယူသင့်စရာတွေအများကြီးပါ၊ ယူတတ်ရင်ပညာ အမှန်မြင်တတ်ဖို့ပဲ လိုပါတယ်။

စစ်ကြောင့် အဆုံးအရှုံးတွေရှိပေမယ့် Sanction က မရပ်သေး

လွန်ခဲ့တဲ့ နှစ်နှစ်က US နဲ့ NATO ဂွင်ဆင်မှု အောက်မှာ ယူကရိန်းခေါင်းဆောင်ဟာ စစ်ကို လွယ်လွယ်ရွေး၊ ခပ်တိမ်တိမ်တွေးပြီး ပြည်ပအားကိုးနဲ့ စစ်ကိုမရမက တိုက်ခဲ့တယ်။ ယခုအချိန်မှာ တိုင်းပြည်ရဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားရပြီ။ ဆုံးရှုံးသမျှနယ်မြေတွေ ပြန်ရနိုးနဲ့ အမေရိကန်နဲ့ နေတိုးထည့်သမျှ ဂျင်းအောက်မှာ နယ်မြေတွေ၊ လူ့အသက်တွေ ထပ်မံဆုံးရှုံးဖို့သာ ရှိနေပါတယ်။ UNHMM ရဲ့ စာရင်းအရဆိုရင် နှစ်နှစ်တာစစ်ပွဲ အတွင်း ယူကရိန်းစစ်သား လေးသိန်းကျော်နဲ့ အရပ်သား သေဆုံးဒဏ်ရာရ ၃၀၄၅၇ ဦးခန့် ရှိသွား ပါပြီ။ အမှန်တကယ်မြေပြင်မှာ ဒီထက် ဂဏန်း ပိုများမှာ သေချာပါတယ်။ ပြည်တွင်းမှာ အိုးပစ် အိမ်ပစ် စွန့်ခွာသွားတဲ့ အရေအတွက်ဟာ ၃ ဒသမ ၇ သန်းနဲ့ နိုင်ငံတကာကို ရောက်သွားတဲ့ယူကရိန်း ဒုက္ခသည်ပေါင်းဟာ ၆ ဒသမ ၃ သန်း ကျော်သွားပါပြီ။

ယူကရိန်းလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်း ပမာဏ ရှိတဲ့ ပြည်သူ ၁၄ ဒသမ ၆ သန်းဟာ အရေးပေါ် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်နေပြီး အိမ်နီးချင်း နိုင်ငံတွေဆီရောက်နေတဲ့ ဒုက္ခသည် ၂ ဒသမ ၂ သန်း ကလည်း အရေးပေါ်စားနပ်ရိက္ခာ ပြတ်လပ်နေပါ တယ်။ အခြေခံအဆောက် အအုံတွေ ပျက်စီးဆုံးရှုံး ရမှုတန်ဖိုးက ၂၀၂၃ နှစ်ကုန်အထိ USD ၁၅၂ သန်း ပမာဏအထိ ရောက်ရှိသွားခဲ့ပါပြီ။ စစ်ကိုမရပ်ဘဲ အမေရိကန်ရဲ့ အထောက်အပံ့သာဆက်မရရင် စစ်ရေးအရ အရေးပါတဲ့ အက်ဗီရက်ဗ်ကာ (Adveyevka) လို ယူကရိန်းမြို့ကြီးတွေနဲ့လူ့အသက် တွေ သိန်းနဲ့ချီပြီး ဆက်လက်ဆုံးရှုံးနိုင်ခြေသာ ရှိနေပါတယ်။

ဒီအခြေအနေအထိ အမေရိကန်ကရုရှားကို အင်အားချည့်နဲ့ဖို့ ယူကရိန်းကို အသုံးချခဲ့တာကို ယူကရိန်းခေါင်းဆောင်တွေ မသိချင်၊ မမြင်ချင်ယောင် ဆောင်နေဆဲပါ။ တစ်ဖက်ကလည်း ဆန်ရှင် (Sanction)ကလွဲပြီး ဘာမှမလုပ်တတ်တဲ့ အမေရိကန်နဲ့ အီးယူက တစ်ဖက်သတ် ဆန်ရှင် အသစ်တွေသာ ထပ်မံချခဲ့ကြပြီး ရန်လိုမှုကို ပြသနေ ကြပါတယ်။ အမေရိကန်က ဆန်ရှင်အရေအတွက် ၅၀၀ နဲ့ အီးယူက ၁၃ ခု ဖြစ်ပုံရပါတယ်။ လက်ရှိ မှာတော့ ယူကရိန်းကို ထောက်ခံတဲ့ အမာခံဆိုလို့ အမေရိကန်လွှတ်တော်နဲ့ အင်္ဂလန်ပဲရှိတော့ လောက်အောင် ကျန်နေတိုးနိုင်ငံတွေက စစ်ကနေ လက်ရှောင်ဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

စစ်လိုလားသူ စစ်ဝါဒီတွေရဲ့အမူအကျင့်

မိုက်တွင်းနက်ဆဲ ယူကရိန်းခေါင်းဆောင် တွေဟာ တိုက်ပွဲဖော်ဆောင်ဖို့သာ အားသန်နေ ကြပါတယ်။ ငြိမ်းချမ်းရေးကို ငြင်းပယ်ပြီး ကိုယ့်ပြည်တွင်း၊ ကိုယ့်ဒေသမှာ တိုက်ပွဲဖော် တယ်ဆိုတာ စစ်လိုလားတဲ့ စစ်ဝါဒီတွေရဲ့အလုပ်၊ စစ်သွေးကြွ တွေရဲ့ အဓမ္မဝါဒသာဖြစ်ပါတယ်။ မြို့တွေ၊ ရွာတွေအသိမ်းခံရ၊ အခြေခံအဆောက်အအုံတွေ ပျက်စီးကြေမွ ကိုယ့်လူတွေ၊ လူမျိုးတွေ ဆက်ပြီး သေကြ၊ ကျေကြဦးမှာ မမှုတဲ့သူတွေလောက် မိုက်တဲ့သူ ရှိပါ့မလား၊၊

ယူကရိန်းစစ်ကို မလိုလားတဲ့ ရုရှားကတော့ နေတိုးကြောင့်ဖြစ်ရတဲ့စစ်ကို ညီအစ်ကိုချင်းဖြစ်တဲ့ စစ်ပွဲရယ်လို့သာ သတ်မှတ်ဆဲဖြစ်ပြီး ညီအစ်ကိုအချင်းချင်းပြေလည်အောင် ဖြေရှင်းလိုတဲ့ သဘောသာ ရှိပါတယ်၊၊ ဒါပေမယ့် အဝိဇ္ဇာဖုံးနေတဲ့ ယူကရိန်း ခေါင်းဆောင်တွေက ရုရှားကို ရန်သူလို့ပဲမြင်နေတာ ခက်တယ်။ နေတိုး ဇာတ်ညွှန်းအတိုင်း ကပြရတာ ဆိုတော့ အမှန်ကိုသိလည်း မသိချင်ယောင်ဆောင် နေမှာပါပဲ။ ယခုပဲကြည့်ပါ၊ စစ်ပြေငြိမ်းရေးအတွက် ရုရှားနဲ့ နိုင်ငံတကာက လမ်းဖွင့်ပေးတာတောင် မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေနဲ့ စစ်ကို ရပ်စဲချင် ပုံ မရသေးပါဘူး။

ယူကရိန်းနယ်မြေအားလုံးကနေ ရုရှားတပ်တွေ ပြန်ရုပ်သိမ်းဖို့နဲ့ ရုရှားကို စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖြစ် အရေးယူရမယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ တောင်းဆို ချက်တွေကို တရားသေ ကိုင်စွဲပြီး သွေးရူးသွေးတမ်း တောင်းဆိုတဲ့ စစ်ရှုံးနေသူတို့ရဲ့စစ်လိုလားပုံကို အထင်းသား တွေ့နေရတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်နဲ့ စစ်ရဲ့ဆိုးကျိုးတွေကို မသိသေးလောက်အောင်ကို မိုက်တွင်း နက်ကြသူတွေကို ကမ္ဘာပေါ်မှာ အများကြီး တွေ့နေရပါတယ်။ စစ်လိုလားသူ စစ်ဝါဒီ၊ စစ်သွေးကြွ တွေဆိုတာ ဘယ်သူကဘယ်လို ငြိမ်းချမ်းရေးကို ဖိတ်ခေါ်သည်ဖြစ်စေ ဂရုမစိုက်ကြပါဘူး။ ကိုယ့် ပြည်သူ၊ ကိုယ့်လူမျိုး ဘယ်လောက်သေသေ၊ ဘယ်သူသေသေ ငတေမာပြီးရော အတ္တဆန်တဲ့ ကမ္ဘာ့လူမိုက်တွေထဲမှာ ဇာလန်စကီးတို့လို လူတွေ လည်းပါတယ်။ ငြိမ်းချမ်းရေးကို ငြင်းဆန်သူ အတ္တကြီးတဲ့ အဖျက်သမားတွေကြောင့်ပဲ စစ်ပွဲတွေဟာ ကြာရှည်နေရခြင်းဖြစ်ကြောင်း လက်တွေ့ မြင်နိုင်ပါတယ်။

ယူကရိန်းစစ်ကို စိတ်နာနေကြပြီ

 ယူကရိန်းစစ်ကို စိတ်နာနေကြသူတွေထဲမှာ အီးယူပြည်သူတွက ရှေ့ဆုံးကဖြစ်ပြီး ယူကရိန်း ပြည်သူတွေကိုယ်တိုင်လည်း စစ်ကိုရပ်ချင်နေကြပါပြီ။ သို့သော်လည်း ရုရှားကို အဆိုးမြင်တဲ့ အီးယူ အစိုးရအချို့က လုံခြုံရေးအကူအညီတွေ ယူကရိန်းကို ဆက်လက်ထောက်ပံ့နေဆဲ ဖြစ်ပါတယ်၊၊ နောက်ပိုင်းမှာ နေတိုးအထောက်အပံ့ခံ လက်နက်တွေ မကြာခဏ ဖျက်ဆီးခံရတဲ့ သတင်းတွေ တက်လာနေတယ်။ ဂျာမနီကထောက်ပံ့တဲ့ လီယိုပတ်တင့်ကားတွေ၊ ဆွီဒင်ထောက်ပံ့တဲ့ အမြောက်တွေ၊ အမေရိကန်တင့်ကားနဲ့ သံချပ်ကာယာဉ်တွေ၊ နောက်ဆုံးပေါ် လေကာစနစ်တွေဟာ ရုရှားလက်ချက်နဲ့ ပျက်စီးကုန်တာ တွေ့ရတယ်။ ဇာလန်စကီးဟာ သူ့အတ္တနဲ့အတူ မစားရတဲ့အမဲ သဲနဲ့ ပက်သည့်အလား ဥရောပတိုက်ကို အဏုမြူ လောင်တိုက်ထဲ တစ်ပါတည်း ခေါ်သွားလိုပုံလည်း ရတယ်။ ဒါကြောင့် ယူကရိန်းကို တပ်တွေစေလွှတ်ရေး အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီကလွဲပြီး တချို့ နျူလက်နက်မရှိတဲ့ ဥရောပနိုင်ငံတွေက လက်တွန့် ရှောင်တိမ်းကြတဲ့ အနေအထားမှာ ဖြစ်ကုန်ပါပြီ၊

ဒါပေမယ့် အချို့နိုင်ငံတွေကတော့ ဒီလိုမဟုတ်ပါဘူး။ အာဖရိကအနောက်ပိုင်း နိုင်ဂျာပြည်သူ တွေက နှင်ထုတ်လို့ ဆုတ်ခွာခဲ့ရတဲ့ ပြင်သစ်အထူးတပ်ဖွဲ့ဝင် အချို့ကို ယူကရိန်းဆီလွှတ်ပြီး အခြေခံအဆောက် အအုံတွေ ကာကွယ်ပေးဖို့နဲ့ ရုရှားထိုးစစ်ကို ဟန့်တားနိုင်ဖို့ ပြင်သစ်သမ္မတ မက်ခရွန်က ကြိုးစားနေပြန်ပါပြီ၊၊ ယူကရိန်းအတွက် စည်းလုံးညီညွတ်ကြောင်း G7 လို နိုင်ငံတွေက ဆက်လက် ပြသနေကြပေမယ့် ယူကရိန်းဂယက်ဟာ အီးယူနိုင်ငံတွေရဲ့ တချို့သောအလွှာတွေအပေါ်မှာပိုပြီး ဆိုးကျိုးသက်ရောက်မှုရှိလာတာ တွေ့ရပါတယ်။ အီးယူအဖွဲ့ဝင် ဘယ်လ်ဂျီယံနဲ့ ပိုလန်နိုင်ငံက လယ်သမားတွေ ယူကရိန်းကို ဆန္ဒပြကြတာ တွေ့နေရတယ်။ ဘေးနိုင်ငံတွေဟာ ယူကရိန်းရဲ့ မိမိကိုယ်မိမိ ခုခံကာကွယ်ပိုင်ခွင့်ကို ပါးစပ်နဲ့ ထောက်ခံပြီး ဘယ်လို ကတိကဝတ်တွေပေးပေး အဆန်မပါတဲ့ အမြောက်လို သူတို့ကိုယ်တိုင်က အားမပါကြတာ တွေ့နေရပါတယ်။

ဖြစ်သင့်တာတွေ

လက်ရှိအခြေအနေအရတော့ ယူကရိန်းစစ်ရဲ့ အဓိကတရားခံ အမေရိကန်ကတော့ ယူကရိန်းစစ် ကနေ နောက်ဆုတ်မယ့် အခြေအနေဖြစ်လာနေပါပြီ။ နေတိုးနိုင်ငံအချို့လည်း ထိုနည်း လည်းကောင်းဖြစ်မှာပါ။ ဘာတွေ့ရသလဲဆိုတော့ နိုင်ငံကို ဦးဆောင်တဲ့ နိုင်ငံခေါင်းဆောင်ဟာ နိုင်ငံရေးအမြင် တစ်ခုတည်း ရှိရုံနဲ့မရဘဲ စစ်ရေးအမြင်ပါ ရှိသင့်တယ်ဆိုတဲ့ အချက်ပါ။ ကိုယ့်ပြည်တွင်းရေးပဋိပက္ခမှာ ပါဝင်လှုပ်ရှားနေတဲ့ ဆန့်ကျင်ဘက်အဖွဲ့များဟာ သူများအားကိုး ပြီး အမေကျော် ဒွေးတော်လွမ်းနေတာထက် ကိုယ့်ပြည်သူ၊ ကိုယ့်အင်အား၊ ကိုယ့်ပါတီ အဖွဲ့အစည်း အားကိုသာ အဓိကရယူပြီး ညှိနှိုင်းဖြေရှင်းသင့်တယ် ဆိုတဲ့အချက်ကို တွေ့ရပါတယ်။ ဒါပေမယ့် ယူကရိန်း ပြည်သူတွေဆီမှာရှိရမယ့် မျိုးချစ်စိတ်ဓာတ်ကို မျှော်ကိုးလို့မ ရတော့တဲ့အခါ ပြည်ပအားကို မျှော်ရ တဲ့ အခြေအနေပဲ ရောက်လာရပြန်တယ်။

တကယ်လို့ နိုင်ငံတကာအကူအညီရယူဖို့ လိုအပ်ခဲ့ရင်လည်း မိတ်ဆွေအစစ်အမှန်ကို ရှာဖွေ ပူးပေါင်းပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ကစား တတ်သူများအကြား အဖြူအမည်း ခွဲခြားနိုင်စွမ်း ရှိရပါမယ်။ ပြည်တွင်းက တလွဲဆံပင်ကောင်း မျိုးချစ်စိတ်ကင်းသူတွေ၊ မျက်ကန်းမျိုး ချစ်စိတ်ရှိသူတွေအတွက် ဒေါင်းယောင်ဆောင်တဲ့ ကျီးမိုက်တွေက အနားမှာ အသင့်ရှိနေလို့ ဖြစ်ပါတယ်။ အားလုံးဟာ သူများအရေးကနောက်၊ မိမိအမျိုးသား အကျိုး စီးပွားအရေးသာ ဦးစားပေးစဉ်းစားကြမြဲဆိုတာ ဇာလန်စကီးလို မျက်ကန်းမျိုးချစ်သမားတွေ သိထားသင့်ပါတယ်။ ဘယ်သူ့ကြောင့် ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာဆုံးရှုံးနေရသလဲ၊ ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေ ဘယ်သူ့ကြောင့် ဆုံးရှုံးနေရသလဲ၊ အဓိက ကြားညှပ်တာကပြည်သူတွေပါ၊ အသိဉာဏ် မမဲ့သင့်ပါဘူး။

နောက်ထပ်အရေးကြီးတဲ့အချက်က ညီညွတ် ရေးဖြစ်ပါတယ်။ ပြည်ပနဲ့စစ်ဖြစ်နေတဲ့ အခြေအနေ မှာ ညီညွတ်မှုကို မတည်ဆောက်နိုင်ရင် အဘက်ဘက်မှာ အင်အားချည့်နဲ့လာတတ်တာ စစ်ရဲ့ နောက်ဆက်တွဲ သဘောသဘာဝပါပဲ။ ဒီအချိန်မှာ ပွဲလန့်ဖျာခင်းဆိုသလို အခြားသော ပြည်ပရန်တွေကိုပါ ရင်ဆိုင်လာရတတ်ပါတယ်။ ယူကရိန်းအနောက်ဘက် အိမ်နီးချင်း ပိုလန်ဟာ နောက်ခံသမိုင်းကြွေးအရ ဆက်စပ်နေတဲ့ လူမျိုးရေးအပေါ် အခြေခံပြီး ယူကရိန်း အနောက်ပိုင်းကို ဝင်ရောက်သိမ်းပိုက်ချင်ပုံရတယ်။ ပိုလန်က ယူကရိန်း ကို ကျူးကျော်ဖြစ်ရင် ပိုလန်ဘက်ကနေ နေတိုးက ထောက်ခံမယ့် အခြေအနေတွေလည်း ရှိပါတယ်။

အချက်အလက်တွေအရတော့ ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့သင့်နေပါပြီ။ နိုင်ငံတကာ ပြည်သူ တွေကလည်း ဒါကိုပဲ လိုချင်တာပါ။ ငြိမ်းချမ်းရေး မရဘဲနဲ့ အပျက်အစီးတွေကို ဘယ်လိုပြန်လည် ထူထောင်နိုင်ပါ့မလဲ၊ ဘဝတွေ နောက်ထပ်မဆုံးရှုံး ရအောင် ပြန်တည်ဆောက်ရမယ့် ငြိမ်းချမ်းရေးသော့ချက်က ဇာလန်စကီးခေါင်းဆောင်တဲ့ ယူကရိန်းခေါင်းဆောင်တွေမှာပဲ ရှိပါတယ်။

နေတိုးထဲဝင်မယ့် မိုက်ရူးရဲဆုံးဖြတ်ချက်ကြောင့် ယူကရိန်းဟာ နေတိုး proxy ဖြစ်ခဲ့ရ အပြီးမှာ ယခုနောက်ပိုင်းကမ္ဘာ့အရေးများမှာ အမေရိကန်ရဲ့ အရိပ်အောက်မှာနေပြီး အေးချမ်းနေတဲ့ နိုင်ငံဆိုလို့ မရှိသလောက် နည်းပါးလာတာတွေ့ရပါတယ်။ ကမ္ဘာ့ပါဝါအသစ်တွေကို မြင်နိုင်စွမ်းရှိ ရပါမယ်၊ ဒီအချက်ကို မမှန်းဆနိုင်လောက်အောင် အထူး စစ်ဆင်ရေးခေါင်းစဉ်အောက်က ရုရှားရဲ့ ကန့်သတ် စစ်ကို ပိုပြီးကျယ်ပြန့်သွားအောင် ချဲ့ကားမိနေတဲ့ ယူကရိန်းခေါင်းဆောင်တွေရဲ့ အမြော်အမြင်နည်းမှုက အံ့ဩစရာပါ။ ဒါကပဲယူကရိန်းခေါင်းဆောင် အတွက် နိုင်ငံရေး ထွက်ပေါက်တစ်ခုအလား ထင်ရ ပါတယ်။

ဖြစ်သင့်တာက ယူကရိန်းခေါင်းဆောင်တွေ အနေနဲ့ ယခုအချိန်မှာ အပစ်အခတ်ရပ်စဲပြီး ပဋိပက္ခ လျော့ကျအောင် ကြိုးစားအဖြေရှာသင့်ပြီလို့ မြင်မိပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံမှာ ခေါင်းဆောင်လုပ်သူဟာ နိုင်ငံရေးအမြင်၊ စစ်ရေး စီးပွားရေးအမြင်တွေနဲ့အတူ အားကောင်းတဲ့ အနာဂတ်အမြင်ပါ ရှိသင့်တဲ့အပြင် နိုင်ငံရေးသမား တွေနဲ့ အစိုးရ၊ တပ်မတော်နဲ့ပြည်သူများ ဟာလည်း ညီညီညွတ်ညွတ်ရှိရပါမယ်။ ပြည်သူနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ စည်းလုံးညီညွတ်မှုကမရှိ ခိုင်မာအားကောင်းခြင်းလည်းမရှိရင် ဟိုလို လုပ်ပါ၊ ဒီလိုလုပ်ပါ စသဖြင့် အခြားအခြားသော နိုင်ငံတွေရဲ့ ခြယ်လှယ်စွက်ဖက်တာ ခံရတတ် ပါတယ်။

စစ်ပွဲတွေကို စိတ်ကူးယဉ်ဆန်ဆန် ရူးသွပ်ကြတဲ့ နိုင်ငံရေးသမားတွေနဲ့ လက်နက် အားကိုးလူ မိုက်တွေ ရှိနေသမျှ ငြိမ်းချမ်းရေးဆိုတာ ရဦးမှာမဟုတ်သလို ငြိမ်းချမ်းမှုကို လိုလိုလားလားနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးလက်ကိုင်ပြီး ကိုယ့်တိုင်းပြည်၊ ကိုယ့်နယ်မြေ ၊ ကိုယ့်လူမျိုးကို မထိခိုက်ချင်သူတွေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဆက်ပြီးဖြစ်နေဦးမှာ သေချာပါတယ်။ ဒီလိုလူတွေရှိနေတဲ့ ယူကရိန်းက ပြည်သူတွေရဲ့ ဘဝဟာ အလွန်သနားစရာကောင်းလှ ပါတယ်။ ယခုအခြေအနေတွေအရတော့ အမေရိကန် ရဲ့လက်ကိုင်ရုပ်သေး ဇာလန်စကီးဟာ သူ့ရဲ့ နေတိုး အဖွဲ့ဝင်အိပ်မက်လည်းပျက် ၊ နိုင်ငံရေးဘဝလည်းဆုံး၊ နယ်မြေလည်းဆုံး၊ လူလည်းသုဉ်း၊ မြွေပါလည်းဆုံး၊ သားလည်းဆုံး ဘဝအခြေဆိုက်ရောက်နေရပါပြီ။ ယူကရိန်းခေါင်းဆောင် တွေအနေနဲ့ နိုင်ငံနဲ့ပြည်သူကို တန်ဖိုးထားရကောင်းမှန်း သိလာမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်ကိုပဲ အကောင်းဆုံး မျှော်လင့်ပြီး သူ့ပြည်သူတွေအတွက် အမြန်ငြိမ်းချမ်းရေးရပါစေကြောင်းသာ ဆုတောင်းမိပါ တော့တယ်။ ။