အပြုသဘော ဘက်မလိုက်မိတ်ဖက်ဆောင်

၂၉ အောက်တိုဘာ

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ အောက်တိုဘာလ ၂၆ ရက်နေ့က ကျင်းပသော ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကမ္ဘာ့နိုင်ငံများအားလုံးအတွက် သာတူညီမျှမှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုရရှိစေရန်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီး၏ ရည်ရွယ်ချက်များ၊ စံနှုန်းများနှင့် မူဝါဒများကို ထိန်းသိမ်းလိုက်နာကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့ပြီးနောက် ၁၉၅၅ ခုနှစ်ဘန်ဒေါင်းညီလာခံကို ဦးဆောင်ကျင်းပခဲ့သည့် နိုင်ငံငါးနိုင်ငံတွင် မြန်မာနိုင်ငံပါဝင်ခဲ့သည်။ မြန်မာနိုင်ငံအစိုးရ အဆက်ဆက်အနေဖြင့် ဘက်မလိုက်မူဝါဒကို နိုင်ငံခြားရေးမူဝါဒ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တစိုက်မတ်မတ် လက်ခံကျင့်သုံးခဲ့သည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်ပြီး ဘက်မလိုက်ဘဲ ကြားနေသည့် နိုင်ငံခြားရေးမူဝါဒကြောင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလမှစ၍ အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ရင်းနှီးခင်မင်သည့် မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့သည်။

ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ကြီးသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သုံးပုံနှစ်ပုံနှင့် လူသားထုတစ်ခုလုံး၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုထားသည်။ အဖွဲ့ကြီးကို စတင်တည်ထောင်သူများအနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသည့် ကမ္ဘာကြီး ပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှခြင်းတို့နှင့်အတူ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့၏ ကံကြမ္မာကို လွတ်လပ်စွာ စဉ်းစားဆုံးဖြတ်နိုင်စေရေးတို့ကို မျှော်မှန်းခဲ့သည်။ အဖွဲ့ကြီး၏ နိုင်ငံရေးနှင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ တွန်းအားပေးမှုကြောင့် ယနေ့လွတ်လပ်သော နိုင်ငံအများအပြား ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကြီးသည် ယနေ့ကမ္ဘာကြီး၌ ရင်ဆိုင်ကြုံတွေ့နေရသော ကြီးမားသည့် စိန်ခေါ်မှုများကို တုံ့ပြန်ဖြေရှင်းနိုင်ရန်အတွက် ပိုမိုထိရောက်သော အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်သည်။

မျက်မှောက်ကာလတွင် ငွေကြေးဓနအင်အားကြီးသူတို့၏ လွှမ်းမိုးမှုဖြင့် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းရေးကို နည်းလမ်းမျိုးစုံဖြင့် စွက်ဖက်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဘက်မလိုက်လှုပ်ရှားမှု စတင်ထူထောင်ရာတွင် ပါဝင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလိုက်နာရေး၊ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေး၊ နိုင်ငံတစ်နိုင်ငံအပေါ် အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း သို့မဟုတ် ရန်လိုသည့်လုပ်ရပ်များကို ရှောင်ရှားရေးစသည့် အခြေခံမူဝါဒများကို စွဲစွဲမြဲမြဲ လက်ခံ ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

ယနေ့ကမ္ဘာတွင် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတို့ကို အကြောင်းပြု၍ နိုင်ငံတစ်နိုင်ငံအပေါ် ဝင်ရောက်စွက်ဖက်ရေးသည် ဘက်မလိုက်လှုပ်ရှားမှုကိုလက်ခံကြသောနိုင်ငံအများနှင့် ဖီလာဆန့်ကျင် ဖြစ်နေသည်။ စံနှုန်းနှစ်ခု၊ မူဝါဒနှစ်ခုကျင့်သုံးခြင်းကို မည်သည့်နိုင်ငံကမျှ လက်ခံမည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ကမ္ဘာ့နိုင်ငံများ အားလုံးအတွက် သာတူညီမျှမှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုရရှိစေရန်အတွက် မြန်မာနိုင်ငံအပါအဝင် ဘက်မလိုက်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဖွဲ့ကြီး၏ရည်ရွယ်ချက်များ၊ စံနှုန်းများနှင့်မူဝါဒများကို ထိန်းသိမ်းလိုက်နာ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးဖြစ်လာရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ငြိမ်းချမ်းသာယာဝပြောသည့် ကမ္ဘာကြီးပေါ်ပေါက်လာစေရန်နှင့် တရားမျှတခြင်း၊ သာတူညီမျှမှု ရှိခြင်းတို့ကိုရှေးရှု၍ ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံ၏ ကံကြမ္မာ၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းသာယာရေးအား မိမိတို့နိုင်ငံကသာ လွတ်လပ်စွာစဉ်းစားဆုံးဖြတ် ဖန်တီးနိုင်ရေးကို အားပေးထောက်ခံကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ