အပြုသဘောဆောင်မှ ရလဒ်ကောင်းနိုင်

၂ သြဂုတ်

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရချိန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်ဖြင့် အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထုတ်ရုန်းကန်နေရချိန်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများတို့ကိုလည်း တစ်ပြိုင်တည်းဆိုသလိုပင် ရင်ဆိုင်ဖြေရှင်းနေရသည်။ တစ်နည်းအားဖြင့် မိမိတို့နိုင်ငံတွင် အခက်အခဲများကို ကြုံတွေ့နေရချိန်ဖြစ်သည်။

ယင်းသို့သော အခြေအနေတွင် မိတ်ကောင်းဆွေကောင်းတို့၏ ကူညီမှု၊ အားပေးမှုများက မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး နှလုံးစိတ်ဝမ်း ချမ်းမြေ့ဖွယ်ရာ ဖြစ်ရသည်။ နားလည်စာနာမှုများနှင့် အပြုသဘောဆောင်သော ထောက်ပံ့ကူညီမှုများကသာ ကောင်းမွန်သည့် ရလဒ်များကို ထွက်ပေါ်လာစေမှာ ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို၏ ဇူလိုင် ၃၁ ရက်က မြန်မာနိ်ုင်ငံသို့ လာရောက်သည့် တစ်ရက်တာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးနှင့် ပတ်သက်၍ “မြန်မာနိုင်ငံတွင် ခက်ခဲသည့်အခြေအနေများကို ကြုံတွေ့နေသည့်အချိန် ဖြစ်သည့်အတွက် ဂျပန်နိုင်ငံက သမိုင်းဝင်မိတ်ဆွေနိုင်ငံ တစ်နိုင်ငံအနေဖြင့် အတူစဉ်းစားသုံးသပ်ပြီး ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ဒီမို ကရေစီနိုင်ငံထူထောင်ရေးအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုက မဖြစ်မနေလိုအပ်ပါကြောင်း၊ ဂျပန်နိုင်ငံက မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက် မှုကို တတ်နိုင်သမျှ အားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ပြောကြားခြင်းဖြင့် မိတ်ကောင်းဆွေကောင်းနိုင်ငံတစ်ခု၏ ရပ်တည်မှုနှင့် အားပေးကူညီမှုတို့ကို ဖော်ညွှန်းခဲ့သလို “မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ရေးအတွက် ဖန်တီးဆောင်ရွက်နေသည်ကို ဂျပန်နိုင်ငံအစိုးရက တန်ဖိုးထားပါကြောင်း၊ မြန်မာအစိုးရက လွတ်လပ်သည့်စုံစမ်းစစ်ဆေးရေးအဖွဲ့အပါအဝင် ဆောင်ရွက်ချက်များကို ပိုမိုအဆင့်မြှင့်တင်ပြီး နေရပ်စွန့်ခွာသူများ ပြန်လာနိုင်ဖို့ကို မျှော်လင့်ပါကြောင်း” ဟူသော ပြောကြားချက်က မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်မှုနှင့် နားလည်စာနာမှုတို့ကို ပြသခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းနေ့မှာပင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မလေးရှားနိုင်ငံ ဝန်ကြီးချုပ်၏ မကြာသေးမီက သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောကြားခဲ့မှု အပေါ် ကန့်ကွက်ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား နိုင်ငံသားပေးသင့်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေပေးသင့်ကြောင်းနှင့် မြန်မာနိုင်ငံတွင် အစုလိုက်အပြုံလိုက် လူမျိုးတုံးသတ်ဖြတ်မှု များဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ခြင်းကို ကန့်ကွက်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနှင့်မလေးရှားတို့သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့်အတွက် ဒေသတွင်း အဖွဲ့အစည်းတစ်ခု၏ မိသားစုဝင်များပင် ဖြစ်သည်။ ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းမှုကို လိုလားသည့် အလေ့အထများ ပိုမိုခိုင်မာရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် အာဆီယံအဖွဲ့အစည်းကြီး၏ အခြေခံမူများတွင် အဖွဲ့ဝင် နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေးလက္ခဏာများကို လေးစားလိုက်နာရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ရန်ဟူသောအချက်များ ပါဝင်သည်။

နိုင်ငံတကာမီဒီယာများ၏ အဆိုးမြင်ပုံဖော်မှုများနှင့်အတူ တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာ သူများအရေးသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဖြေရှင်းကြရမည့် ပြဿနာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ အစိုးရအဖွဲ့ တစ်ရပ်၏ အကြီးအကဲတစ်ဦးအနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးရာကိစ္စရပ်တို့အပေါ်တွင် ဘာလုပ်သင့်ကြောင်း၊ ဘယ်သို့လုပ်သင့်ကြောင်း စသည့်ဘောင်ကျော်စွက်ဖက်ပြောဆိုမှုမျိုးကို မည်သည့်နိုင်ငံကမျှ လက်ခံမည်မဟုတ်ပေ။ ထို့အပြင် အထောက်အထားမခိုင်မာသော၊ မရေမရာ တစ်ဖက်သတ် စွပ်စွဲပြောကြားမှုများကလည်း မိတ်ကောင်းဆွေကောင်းတို့၏ အပြုအမူမျိုးမဟုတ်ပေ။

ရခိုင်ပြည်နယ်အရေးသည် မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ့အရေးသာဖြစ်သည့်အလျောက် ရေရှည်တည်တံ့သော အဖြေတစ်ရပ်ရရှိနိုင်ရန် ကိုယ်တိုင်အားထုတ်ကြိုးပမ်းမှု၊ မိတ်ဆွေစစ်မိတ်ဆွေမှန်တို့၏ ကူညီအားပေးမှုများဖြင့် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

မြန်မာ့အလင်း