အပူပိုင်းဇုန်ဒေသအတွင်း ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှု သုတေသနပြုချက်များအား ချပြရှင်းလင်း

မုံရွာ  ၂၇   ဇူလိုင် 


မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေများရှိ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု သုတေသနပြု တွေ့ရှိချက်များ ချပြရှင်းလင်းပွဲကို ယနေ့နံနက်(၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


“သုတေသနတွေ့ရှိချက်တွေကို တောင်သူတွေကို အသိပညာပေးဖို့ဆိုတာက စိုက်ပျိုးရေးဦးစီးဌာနက လုပ်ဆောင်တာဖြစ်တဲ့အတွက် စိုက်ပျိုးရေးဝန်ထမ်းတွေကို အခုလိုလာပြီး သုတေသနပြုတွေ့ရှိချက်တွေကို ချပြရှင်းလင်းပေးတာဖြစ်တယ်၊ နောက်ပြီး စိုက်ပျိုးထုတ်လုပ်မှုတွေမှာ အကူအညီပေးနေတဲ့ အခြားအဖွဲ့အစည်းတွေကိုလည်း ဖိတ်ကြားပြီးတော့ ပညာပေးတာဖြစ်တယ်၊ သုတေသနပြုစဉ်က တောင်သူများ ပူးပေါင်းပါဝင်တဲ့ သီးနှံစံနှုန်းထားသတ်မှတ်ခြင်းစနစ်နဲ့ လုပ်ကိုင်ခဲ့တာဖြစ်တယ်၊ လုပ်ဆောင်ပုံက တောင်သူတွေရဲ့ကွင်းထဲမှာ တောင်သူတွေ ဆောင်ရွက်ခဲ့တဲ့ အနေအထား၊ တောင်သူစိုက်တဲ့မျိုးမှာ သုတေသနပညာရှင်၊ တောင်သူ၊ စိုက်ပျိုးရေး ဦးစီးဌာနက ပညာပေးအဖွဲ့တွေပူးပေါင်းပြီး သူတို့လုပ်ကိုင်ခဲ့တဲ့ အချက်တွေကို မှတ်တယ်၊ အထွက်ရရှိမှုတွေကို ခွဲခြားတယ်၊ အမြင့်ဆုံးအထွက်(၅)ရာခိုင်နှုန်း အဆင့်အထိ ဆောင်ရွက်ခဲ့တဲ့တောင်သူက ဘယ်လိုနည်းနဲ့လုပ်ခဲ့သလဲဆိုတာကြည့်တယ်၊ ပြန်ပြီးတော့အခြားတောင်သူတွေကို လုပ်ကိုင်ဆောင်ရွက် စေတဲ့နည်းလမ်းက အအောင်မြင်ဆုံးနည်းလမ်းဖြစ်တယ်၊ အဲဒီလိုနည်းလမ်းတွေကို အခြားတောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ စိုက်ပျိုးရေးနည်းပညာတွေကို အဓိကဖြန့်ဝေပေးနေတဲ့ ဝန်ထမ်းတွေကို ချပြရှင်းလင်းပေးတာဖြစ်တယ် ” ဟု မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေး အင်ဂျင်နီယာဌာန(ခွဲ)၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူး (မြေဆီလွှာ) ဒေါက်တာစုစုဝင်းက ပြောသည်။


အပူပိုင်းဒေသအတွင်း ဒေသနှင့် ကိုက်ညီသော ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု သုတေသနပြုလုပ်ငန်းကို ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သြစတြေးလျှနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု သုတေသနအဖွဲ့အစည်း (ACIR)၏ ပညာရှင်များမှ မြန်မာနိုင်ငံ အပူပိုင်းဇုန်ဒေသရှိ တောင်သူများ၏ လူနေမှုဘဝဖွံ့ဖြိုးမှုအတွက် စိုက်ပျိုးထုတ်လုပ်မှုလိုအပ်ချက်များကို သုတေသနပြုပြီး အကြံပြုချက်ပေးနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။    


 ဝင်းဦး(ဇေယျာတိုင်း)