အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)နှင့် ပတ်သက်သည့် သတိပေးချက် အမှတ်စဉ် (၀၃/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်)

(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

-------------------------------------------------

အပူပိုင်းမုန်တိုင်းနို(လ်)”(NOUL)အခြေအနေ

------------------------------------------

၁။ ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

လာအိုနိုင်ငံကို ဖြတ်ကျော် ဝင်ရောက်ခဲ့သော အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)သည် ထိုင်းနိုင်ငံသို့ရောက်ရှိကာ အနောက် ဘက်သို့ ရွေ့လျားလျက်ရှိပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း "နို(လ်)"(NOUL)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်သို့ အားလျော့သွားကာ ထိုင်းနိုင်ငံကို ဆက်လက်ဖြတ်ကျော်ပြီးနောက် (၁၉.၉.၂၀၂၀)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်သို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

---------------------

၂။ အဆိုပါ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် ယနေ့ညမှ (၂၂.၉.၂၀၂၀)ရက်နေ့ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

------------

၃။ သို့ဖြစ်ပါ၍ အပူပိုင်းမုန်တိုင်း"နို(လ်)"(NOUL)၏ အရှိန်ကြောင့် မိုးသည်းထန်စွာထစ်ချုန်း ရွာသွန်း ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Crd - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန