အရေးကြီးပြီ သွေးစည်းကြစို့

အပြည်ပြည်ဆိုင်ရာတရားရုံး၌ ကြားနာမှုဆိုင်ရာ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်းကို ကြားသိခဲ့ရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က နိုင်ငံ၏ဂုဏ်သိက္ခာ၊ ပြည်သူလူထုတစ်ရပ်လုံး၏ မျှော်လင့်ချက်နှင့် ပြည်ထောင်စုကြီး၏ အနာဂတ်အတွက်သာမက နိုင်ငံတကာအသိုက်အဝန်း၏ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကျေပွန်ရမည့် တာဝန်ဝတ္တရားများကို စိတ်အစဉ်တွင် စွဲမြဲလျက် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲထားမှုအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ခဲ့သည်ကို မြင်တွေ့ကြားသိရပြီး ဖြစ်သည်။

 

အပြည်ပြည်ဆိုင်ရာ တရားရုံးတော်အတွင်း အမှုဆိုင်ရာ လျှောက်လဲမှု ဖြစ်စဉ်များ၊ ဥပဒေကြောင်းနှင့် နိုင်ငံရေးဆိုင်ရာ အကျိုးသက်ရောက်မှုများ နှင့်ပတ်သက်၍ အသေးစိတ် နားလည်သဘောပေါက်လိုသူ ပြည်သူများ၏ ဆန္ဒကို ဖြည့်ဆည်းပေးသောအားဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည့်ပြည့်စုံစုံ ဝေမျှ ရှင်းလင်းပြောကြားခဲ့ရာ ဖြစ်စဉ်နှင့်ပတ်သက်၍ ခိုင်ခိုင်မာမာ ရှင်းရှင်းလင်းလင်း သိမြင်နားလည်ပြီး ပြည်သူများ တစ်သွေးတည်း တစ်သားတည်းရှိကြမည်ဆိုလျှင် နိုင်ငံအတွက် တန်ဖိုးကြီးမားသော ခွန်အားများ ဖြစ်စေပါသည်။

 

တရားရုံးတော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "မတူကွဲပြား မှုများကြားက ညီညွတ်မှု တည်ဆောက်နိုင်ရေး၊ ပြည်သူများ၏ အလားအလာကောင်းများ ဖွံ့ဖြိုးတိုးတက်နိုင်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖော်ဆောင်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေး တို့ကို အထောက်အကူဖြစ်စေမည့် ဆုံးဖြတ်ချက်မျိုးကို တရားစီရင်ရေးဆိုင်ရာ ဉာဏ်အမြော်အမြင်နှင့် ဆင်ခြင်တုံတရား ပြည့်ဝစွာထားပြီး တရားသူကြီးများအနေဖြင့် ချမှတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း" ထည့်သွင်းပြောကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရုံးတော်သို့ အချက်ကျကျ ရှင်းလင်းပြောကြားခဲ့ပြီး "ရုံးတော်၏ ဥပဒေပုဒ်မ(၆၀) စာပိုဒ် (၂) အရ လည်းကောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အတွင်း တင်သွင်းခဲ့သည့် အကြောင်းပြချက်များအရ လည်းကောင်း၊ ရုံးတော်အနေဖြင့် သင့်တော်လျော်ကန်မည်ဟု ယူဆသည့် အခြားအချက်အလက်များအပေါ် အခြေခံ၍လည်းကောင်း၊ (၁) ဂမ်ဘီယာမှ ရုံးတော်သို့ တင်သွင်းထားသည့် အမှုကိစ္စအား ရုံးတော်စာရင်းမှ ပယ်ဖျက်ပေးရန်၊ (၂) သို့တည်းမဟုတ် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင်ရွက်ချက်များအား ပယ်ချပေးရန်" မေတ္တာရပ်ခံ လျှောက်လဲခဲ့သည်။

 

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တရားရုံးတော်၏ စီရင် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းသွားရန် ဖြစ်ပြီး စီရင်ချက်ကို လာမည့်ဇန်နဝါရီလ အတွင်း ချမှတ်သွားဖွယ်ရှိကြောင်း သိရှိရသည်။ အဆိုပါအရေးနှင့် ပတ်သက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့က ရုံးတော်သို့ ခြေခြေမြစ်မြစ် ပြတ်ပြတ် သားသား ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ရာ 'ကျွန်မတို့နိုင်ငံမှာ အခုလိုမျိုး အရေးကိစ္စမျိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့ အချိန်အခါမှာ "အရေးကြီးပြီ သွေးစည်းကြစို့" ဆိုတဲ့အတိုင်း ကျွန်မတို့နိုင်ငံ အနှံ့အပြားကနေ ထောက်ခံအားပေးခဲ့ကြတဲ့ ကျွန်မတို့ပြည်သူတွေရဲ့ ဝန်းရံမှုတွေဟာလည်း ကျွန်မတို့အဖွဲ့ဝင် အားလုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့ရသော အရေးနှင့်ပတ်သက်၍ စုစည်းပေါင်းစည်းမှုသည် ခိုင်မာသည့်ညီညွတ်မှု၏ အခြေခံအုတ်မြစ်ဖြစ်၍ ညီညွတ်မှု၊ စည်းလုံးမှု၊ သွေးစည်းမှုကို အခြေခံပြီး နိုင်ငံတော်၏ ရှေ့ခရီးတွင် ရင်ဆိုင်ကြုံတွေ့ဖွယ်ရှိသည့် စိန်ခေါ်မှုမှန်သမျှကို ရင်ဆိုင်ကျော်လွှား သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။

km