အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံက ကိုယ်စား လှယ်တွေ အားလုံးအနေနဲ့ အတွေ့အကြုံတွေ အများကြီး လေ့လာသင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ် Ms. Christine Mackenzie(President) (IFLA)

နေပြည်တော် ၃ မေ



အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-2) တွင် ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ စာကြည့်တိုက် ပညာရှင်များအား ညီလာခံနှင့်ပတ်သက်၍ ၄င်းတို့၏အမြင်များနှင့် စာကြည့်တိုက်များဖွံ့ဖြိုးရေးတို့အကြောင်း Myanmar Digital News မှ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံကို မေလ ၃ ရက်မှ ၅ ရက်ထိ ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု သိရသည်။



Ms. Christine Mackenzie

President

The International Federation of Library Associations and Institutions (IFLA)

 

အများပြည်သူနဲ့ဆိုင်တဲ့ စာကြည့်တိုက်တွေ၊ ကျောင်းစာကြည့်တိုက်တွေက ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်အလွန်ကိုအရေးပါပါတယ်။ အခုညီလာခံက အလွန်ကို ကြီးကြယ်ခမ်းနားတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်တွေ စာတတ်မြောက်မှုနဲ့ စာကြည့်တိုက်တွေနဲ့ပတ်သက်ပြီး သင်ယူလေ့လာနိုင်ဖို့၊ စာဖတ်လိုတဲ့စိတ်ကိန်းအောင်းလာဖို့ ကြိုးကြိုးစားစားနဲ့ လက်တွဲ ဆောင်ရွက်နေတဲ့ ကျောင်းစာကြည့်တိုက်မှူး ၂၀ဝ ကျော်က ဆွေးနွေးကြမှာဖြစ်ပါတယ်။ လူတွေ ဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်နေပါစေ အဲဒါကပြဿနာမဟုတ်ဘဲ လူအချင်းချင်း တစ်ဦးဆီကတစ်ဦး သင်ယူလေ့လာနိုင်တယ်လို့ ကျွန်မ ထင်ပါတယ်။



မြန်မာနိုင်ငံက ဒီ(၁၇)ကြိမ်မြောက် အရှေ့တောင်အာရှ စာကြည့်တိုက်မှူးများညီလာခံကို လက်ခံကျင်းပနိုင်တာဟာ တစ်ကယ်ကို စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ဒါကြောင့် စာကြည့်တိုက် ပညာရှင်တွေဟာ စာကြည့်တိုက်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရနဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုတာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ် ဆောင်နေပြီး စာ ကြည့်တိုက်တွေက ဘယ်လိုအရေးကြီးတယ်ဆိုတာကို အစိုးရက နားလည်နိုင်မှာဖြစ်ပါတယ်။ ဒေသတွင်းက စာကြည့်တိုက်တွေမှာ ရှေးဟောင်းအမွေအနှစ်တွေ၊ မှတ်တမ်းတွေနဲ့ စုဆောင်းထားတဲ့ ပစ္စည်းတွေကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်တယ်၊ ပြည်သူလူထုကို ဘယ်လိုဝန်ဆောင်မှုတွေ ပေးတယ်၊ ပုဂ္ဂလိကစာကြည့်တိုက်တွေအတွက် အစီအစဉ်တွေ ကျွန်မတို့ ကြည့်ရှုစစ်ဆေးပါတယ်။ ဒါကြောင့် ဒါဟာ အလွန်ကို ကျယ်ပြောတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။ လာမယ့်နှစ်ရက် အစည်း အဝေးကာလအတွင်း ဒေသတွင်းက စာကြည့်တိုက်တွေနဲ့ပတ်သက်လို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီအခမ်းအနားကို တက်ရောက်နေတဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေအားလုံးအနေနဲ့ အတွေ့ အကြုံတွေ အများကြီး လေ့လာသင်ယူနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။



Ms. Rima Kupryte

Managing Director

Electronic Information for Libraries

 



ကျွန်မတို့အဖွဲ့အစည်းက အကျိုးအမြတ်မဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံ ပေါင်း ၄၀ ကျော်မှာ စာကြည့်တိုက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာလည်း စာကြည့်တိုက်ဖွံ့ဖြိုးရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ပြီး ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ကျွန်မတို့ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကတည်းက လာရောက်လည်ပတ်ခဲ့ပါတယ်။ အစမှာတော့ အီလက်ထရောနစ်စာအုပ်တွေ၊ အီလက်ထရောနစ်ဂျာနယ်တွေ လက်လှမ်းမီဖတ်ရှုနိုင်ငံဖို့၊ စာကြည့် တိုက်မှူးတွေသာမက ဆရာ/ဆရာမတွေနဲ့ ကျောင်းသူ/ကျောင်းသားတွေကို သင်တန်းတွေပို့ချဖို့ မြန်မာနိုင်ငံက ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့နဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။



အီလက်ထရောနစ်ကို အခြေခံတဲ့ စာတတ်မြောက်မှုနဲ့ အချက်အလက်ကိုအခြေခံတဲ့ သတင်းပြန်ကြားမှုတွေကို ပို့ချမှုတွေပြုလုပ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကျွန်မတို့ နောက်ထပ်တက္ကသိုလ် ခြောက်ခုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ကျွန်မတို့ မြန်မာနိုင်ငံက တက္ကသိုလ် ၁၃ ခုနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာစာကြည့် တိုက်မှူးတွေအနေနဲ့ ဒီညီလာခံကို ကျင်းပရတဲ့အတွက် အလွန်ကို ဂုဏ်ယူရမှာဖြစ်ပါတယ်။ ကျွန်မ ပြီးခဲ့တဲ့နှစ်တွေက အခြားနိုင်ငံတွေမှာ ကျင်းပခဲ့တဲ့ ညီလာခံတွေကို တက်ရောက်ခဲ့ပါတယ်။ မှတ်မိတာကတော့ စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ညီလာခံကို ကျွန်မတက်ရောက်ခဲ့ပါတယ်။ အခြားဘယ်နိုင်ငံကတွေက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တယ်ဆိုတာကို ကျွန်မ မမှတ် မိတော့ပါဘူး။ နောက်တစ်ကြိမ် တက်ရောက်ခဲ့တဲ့ ညီလာခံကတော့ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အ ဖြစ် ကျင်းပခဲ့တာဖြစ်ပါလိမ့်မယ်။ ကျွန်မအမြဲတမ်းသတိထားမိတာကတော့ မြန်မာနိုင်ငံ စာကြည့် တိုက်များအသင်းက စာကြည့်တိုက်မှူးတစ်ယောက် ညီလာခံကို တက်ရောက်တာဖြစ်ပါတယ်။



ဒါကြောင့် ဒီညီလာခံက မြန်မာစာကြည့်တိုက်မှူးတွေအတွက် ဘယ်လောက်အထိ အကျို ကျေးဇူး ရှိတယ်ဆိုတာကို ကျွန်မ စိတ်ကူးကြည့်ပါတယ်။ ဒီအခမ်းအနားက နိုင်ငံတကာအဆင့် ညီလာခံဖြစ် တဲ့အတွက် မြန်မာစာကြည့်တိုက်မှူးတွေ တက်ရောက်ပြီး လေ့လာသင်ယူဖို့ ကြီးမားတဲ့အခွင့် အလမ်းကောင်းတစ်ရပ် ရရှိမှာဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာစာကြည့်တိုက်မှူးတွေက စာတမ်း ၁၉ခု တင်သွင်းမယ်လို့ သိရပါတယ်။ စာကြည့်တိုက်မှူးတွေက တတ်မြောက် ကျွမ်းကျင်သူတွေ ဖြစ်သင့်ပြီး အခွင့်အလမ်းကောင်းတွေလည်း ရှိနေတယ်လို့ ကျွန်မထင်ပါတယ်။ ခေတ်သစ် စာကြည့် တိုက်တွေမှာ လေ့လာစရာတွေ အများကြီးရှိပါတယ်။ စာကြည့်တိုက်တွေမှာ သင်အလိုရှိတာကို လေ့လာနိုင်ပါတယ်။ သင့်ရဲ့မျှော်မှန်းချက်နဲ့ ဖန်တီးနိုင်မှုစွမ်းရည်အပေါ်သာ မူတည် ပါတယ်။



ကျွန်မ ရှေ့ပိုင်းမှာပြောခဲ့သလို မြန်မာနိုင်ငံက တက္ကသိုလ်စာကြည့်တိုက် ၁၃ ခုနဲ့ လက်တွဲဆောင်ရွက်နေပြီး နောက်ထပ်တက္ကသိုလ်တွေ၊ တက္ကသိုလ်စာကြည့်တိုက်တွေနဲ့လည်း ပူးပေါင်း ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက္ကသိုလ်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဆရာ/ဆရာမတွေနဲ့ စာကြည့်တိုက်ဖွံ့ဖြိုးရေးကိုလုပ်ဆောင်သင့်ပါတယ်။



တွေ့ဆုံမေးမြန်း-ကျော်ထိုက်စိုး၊ ဓာတ်ပုံ-ကျော်ဇင်ထိုက်