အရှေ့တောင်အာရှနိုင်ငံများနှင့် ကာကွယ်ဆေးနိုင်ငံရေး အခင်းအကျင်း

ဒေါက်တာမြင့်သန်း

(ညောင်လေးပင်)

 

ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးရရှိဖို့ဟာ အလွန်အရေးကြီးတဲ့ အရေးကိစ္စအဖြစ် ကမ္ဘာ့ရေးရာမှာ ရှေ့တန်းရောက်လာပါတယ်။ ကာကွယ်ဆေးတွေရရှိမှုဟာ ကျန်းမာရေးအတွက်သာမက နိုင်ငံရေးအရပါ အရေးပါ လာတာမို့ ကာကွယ်ဆေးနိုင်ငံရေး အခင်းအကျင်းအဖြစ် အလေးထားဆောင်ရွက်လာကြတာကို တွေ့နိုင်ပါတယ်။

 

ဆေးအမျိုးပေါင်း ၃၂၀ ခန့်တို့ကို စမ်းသပ်

၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းကစပြီးကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးထုတ်လုပ်ဖို့ ဆေးအမျိုးပေါင်း ၃၂၀ ခန့်တို့ကို စမ်းသပ်ခဲ့ကြပါတယ်။ အခုအခါ အဆင့် (၃)ဖြစ်တဲ့ လူအများမှာစမ်းသပ်တဲ့ ဆေး ၁၁ ခု၊ အဆင့် (၁) ဖြစ်တဲ့ လူအရေအတွက်အနည်းငယ်မှာ စတင်စမ်းသပ်ခြင်း၊ အဆင့် (၂) ဖြစ်တဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အပါအဝင် လူရာဂဏန်းခန့် စမ်းသပ်တဲ့အဆင့်ရောက်နေတဲ့ ဆေးတွေကလည်း ဆယ်ဂဏန်းခန့်ရှိနေပြီလို့ သိရပါတယ်။ နိုင်ငံအသီးသီးက မိမိတို့နိုင်ငံ ကာကွယ်ဆေးရရှိမှုအတွက် ကြိုတင်ဆောင်ရွက်လာကြရပါတယ်။

 

ထိုင်းအစိုးရ အမျိုးသားကာကွယ်ဆေးကော်မတီက လာမယ့် ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေး အလုံးရေ ၆၆ သန်းဝယ်ယူဖို့ ဘတ်ငွေ ၂ ဒသမ ၉၃ ဘီလီယံ ကြိုတင်လျာထားကြောင်း၊ ထိုင်းအစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ  ဒေါက်တာဖန်ပရာဖာရန် ထရာကူလ်က အောက်တိုဘာလ ၅ ရက်နေ့က ပြောဆိုကြောင်း The Nation သတင်းအရ သိရပါတယ်။ ထိုမျှပမာဏရှိကာကွယ်ဆေးတွေဟာ ထိုင်းပြည်သူ ၆၆ သန်း သို့မဟုတ် လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းအတွက် လုံလောက်နိုင်တယ်လို့ သိရပါတယ်။ ထိုင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး အနူတင်ခန်ရာဗီးလ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အဆိုပါကော်မတီက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ကပ်ရောဂါကြိုတင်ကာကွယ်ပြင်ဆင်ရေး ညွန့်ပေါင်းအဖွဲ့ ကာကွယ်ဆေးမဟာမိတ်အဖွဲ့တို့ ကြီးကြပ် ဆောင်ရွက်တဲ့ Covax Campaign ကတစ်ဆင့် ထိုင်းပြည်သူ ၂၀ ရာခိုင်နှုန်းအတွက် ကာကွယ်ဆေးရရှိရေး တတိယအဆင့် ကာကွယ်ဆေးလူသားစမ်းသပ်မှု ဆောင်ရွက်နေတဲ့အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ရုရှားနိုင်ငံတို့ရဲ့ ကာကွယ်ဆေးကုမ္ပဏီ ၁၀ ခုက ဝယ်ယူဖို့ဆိုတဲ့ နည်းလမ်းနှစ်ခုနဲ့ ကြိုးစားနေတာဖြစ်ကြောင်း သိရပါတယ်။ လာမယ့်နှစ်မှာတော့ ကာကွယ်ဆေးရရှိမှာဖြစ်ကြောင်း၊ လူတိုင်း ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်လုံးထိုးနိုင်ကြမှာ ဖြစ်ကြောင်း၊ အမျိုးသား ကာကွယ်ဆေးသိပ္ပံညွှန်ကြားရေးမှူး ဒေါက်တာနာခွန် ပရမ်ဆရီက ပြောကြားကြောင်း လည်း သိရပါတယ်။ ရှေ့တန်းမှာဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးမယ်လို့လည်း သိရပါတယ်။

 

ဈေးကွက်ရောက်ဖို့ အတည်မပြုနိုင်သေး

တရုတ်နိုင်ငံ Sinovac Biotech ကုမ္ပဏီကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို နိုင်ငံအရှေ့ပိုင်းရှိ မြို့တစ်မြို့မှာ စမ်းသပ်နေပြီး တန်ဖိုးဒေါ်လာ ၆၀ တန်တဲ့ဆေးဖြစ်တယ်၊ ကျန်းမာရေးဝန်ထမ်းတွေကို ထိုးနှံပေးရာမှာ အောင်မြင်တယ်။ အသက် ၁၈-၅၉ နှစ်အကြား ကျန်းမာနေသူတွေ အလိုရှိကဝယ်ယူနိုင်တယ်၊ ၂၈ ရက်ခြားပြီး ထိုးနိုင်တယ်၊ ယွမ်ငွေ ၄၀၀ ကျမယ်လို့ ကျားကျင်းမြို့ရှိ အာဏာပိုင်တွေက ပြောဆိုကြောင်း၊ အောက်တိုဘာလ ၁၆ ရက်နေ့က AFP သတင်းအရ သိရပါတယ်။ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး ၁၁ မျိုးက လက်တွေ့စမ်းသပ်မှု အဆင့်လေးမျိုးက အဆင့် ၃ စမ်းသပ်မှုဖြစ်တဲ့လူအများမှာ လက်တွေ့စမ်းသပ်မှု အဆင့်ရောက်နေပေမယ့် ဈေးကွက် ရောက်ဖို့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။ အများအတွက် သင့်တော်မယ့်ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေသန်း ၆၁၀ ခန့်ကို နှစ်စဉ်ထုတ်လုပ်မှာဖြစ်တယ်လို့လည်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေကဆိုခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖြန့်ဖြူးဖို့ လက်မှတ်ရေးထိုးခဲ့ပြီးကြောင်း သိရပါတယ်။ ထူထောင်ငွေ ဒေါ်လာ နှစ်ဘီလီယံနဲ့ ဝင်ငွေနည်းနိုင်ငံ ၉၂ နိုင်ငံကို ကူညီဖို့သဘောတူ ဆောင်ရွက်နေကြောင်း သိရပါတယ်။ BBIBP-Cov ဆိုတဲ့ တရုတ်နိုင်ငံထုတ်ကာ ကွယ်ဆေးဟာ အလားအလာကောင်းနေပြီး China National Biotech Group(CNBG) ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Bejing Institute of Biological Products ကထုတ်လုပ်ကြောင်း၊ နိုင်ငံရှိ အလုပ်သမားတွေနဲ့ ကူးစက်လွယ်သူတွေကို ထိုးနှံဖို့ အတည်ပြုပြီးကြောင်း၊ ဘေးကင်းကြောင်းလည်း သိရပါတယ်။ လူပေါင်း ၆၀၀ ကျော်ကို ဧပြီလအတွင်းက အဆင့် (၁)၊ (၂) စမ်းသပ် ထိုးနှံပေးခဲ့ပြီး အခုအခါ အဆင့် (၃) ရောက်နေတဲ့ တရုတ်နိုင်ငံရဲ့ ကာကွယ်ဆေး ၁၀ မျိုးအနက် အားကိုးရတဲ့ဆေး ဖြစ်ကြောင်းလည်း သိရပါတယ်။

 

မေလအတွင်းမှာ စတင်စမ်းသပ်မည်

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်အခြေပြု Moderna biotech ကုမ္ပဏီကြီးက “စမ်းသပ်ခံသူပေါင်း ၄၅ ဦးတို့မှာ မိမိတို့ရဲ့ ကာကွယ်ဆေးက လုံခြုံစိတ်ချရတဲ့ အခြေအနေတွေ့ရှိရတာကြောင့် မကြာမီမှာ အသုံးပြုလာနိုင်တော့မယ်” လို့ ကြေညာပါတယ်။ mRNA -123 အမည်ရ ကာကွယ်ဆေးကို အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား အဆိုပါ စမ်းသပ်ခံသူတွေကို မတ်လနဲ့ ဧပြီလအတွင်းက စမ်းသပ်ခဲ့ပြီး ဆေးနှစ်ကြိမ်ထိုးပေးခဲ့ရာ ကျေနပ်ဖွယ် ပဋိပစ္စည်း တွေရရှိကြောင်း အကြီးအကဲဖြစ်သူ Tal Zaks က ဆိုပါတယ်။ တရုတ်နိုင်ငံ Quality Control Laboratory at the Sinovac Biotech facilities in Beijing ကလည်း ကြိုးစားနေသလို ကမ္ဘာကျော်ဆေးကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Pfizeri Johnson&Johnsoni Gileadı Sanofil Novavaxi GlaxoSmithKline၊ Oxford တို့ကလည်း ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း၊ ဗြိတိန်ဆေးဝါးကုမ္ပဏီ AstraZeneca ၊ အောက်စ်ဖို့ဒ်ကာကွယ်ဆေးအဖွဲ့ ဂျန်နာတို့ ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှုကို မျောက်တွေကို ပြုလုပ်နေရာ အောင်မြင်နေပြီဖြစ်ကြောင်း၊ ဆေးထိုးနှံပြီး ၁၄ ရက်မှာ ပဋိပစ္စည်းထွက်ကာ ၂၈ ရက်မှာ ရောဂါပိုးကာကွယ်တဲ့ ပဋိပစ္စည်းအားလုံးထွက်တာကို တွေ့ရသဖြင့် စေတနာ့ဝန်ထမ်း ၁၃၀၀၀ တို့ကို မေလအတွင်းမှာ စတင်စမ်းသပ်မှာဖြစ်ကြောင်း သိရပါတယ်။

 

လေယာဉ်အစီး ၈၀၀ လောက် လိုလိမ့်မယ်

“ရုရှားနိုင်ငံ Gamaleya Institute ကထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ လူသားတွေမှာ စမ်းသပ်မှု အဆင့်တွေ ပြီးဆုံးအောင်မြင်ပြီဖြစ်ပြီး ဆေးဝါးမှတ်ပုံတင်ခွင့် လျှောက်ထားခြင်းနဲ့ လူအများစုတို့ကို ၂၀၂၁ ခုနှစ် အစပိုင်းတွင် ကာကွယ်ဆေးထိုးနှံမှုတွေ ဆောင်ရွက်နိုင်မယ်” ဟု ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Mikhail Murashko က ပြောဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျောင်းဆရာတွေကို ဦးစားပေးထိုးနှံမှာ ဖြစ်ပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့က ရုရှားသမ္မတ ပူတင်က “Sputnit V” လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို Moscow's Gamaleya Institute က စမ်းသပ်ချိန် နှစ်လမပြည့်မီမှာပင် ထုတ်လုပ်နိုင်ခဲ့ပြီ။ ထိုဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးခုခံနိုင်တဲ့ ပဋိပစ္စည်းတွေ  ထုတ်လုပ်တယ်။ သမ္မတကြီးရဲ့ သမီးကိုပင် စမ်းသပ်ထိုးနှံ ပြီးဖြစ်တယ် စသည်ဖြင့်ကြေညာပါတယ်။ သို့သော် တိကျတဲ့ဆေးသိပ္ပံဆိုင်ရာ အချက်အလက်တွေ ပြည့်စုံခြင်း မရှိသေးလို့ (၁၅-၈-၂၀၂၀ နေ့အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အတည်မပြုနိုင်သေးဘဲ စောင့်ကြည့်နေကြောင်း နိုင်ငံတကာလိုက်နာရမယ့် ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ အကြံပြုထားပါတယ်။ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေကို ကမ္ဘာ့နိုင်ငံအသီးသီးက အမြန်ဆုံးရရှိဖို့ ဆက်သွယ်ကြိုးပမ်းနေကြတဲ့အတွက် ကာကွယ်ဆေး သာရရှိပါက တစ်ကမ္ဘာလုံးကိုပို့ဖို့ လေယာဉ်အစီး ၈၀၀ လောက် လိုလိမ့်မယ်လို့တောင် သတင်းတစ်ရပ်က ဆိုပါ တယ်။

 

ကမ္ဘာ့အခင်းအကျင်းတစ်ခုအဖြစ် တွေ့ရ

အရှေ့တောင်အာရှနိုင်ငံတွေကလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိဖို့အတွက် စိတ်ဝင်တစား ကြိုတင်ဆောင်ရွက်နေ မှုတွေ တွေ့ရပါတယ်။ “Vaccine Diplomacy” ကာကွယ်ဆေးအတွက် နိုင်ငံတကာ ဆက်သွယ်ဆောင်ရွက်မှုတွေကို ကမ္ဘာ့အခင်းအကျင်းတစ်ခုအဖြစ် တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့အတူ “Mask Diplomacy” မတ်စ်ဒစ်ပလိုမေစီဆိုတဲ့ နှာခေါင်းစည်းတပ်ဆင်ရေး အခင်းအကျင်းလည်း ဖြစ်လာခဲ့ပြီးပါပြီ၊ မဲခေါင်ဒေသတွင်း နိုင်ငံတွေဖြစ်ကြတဲ့ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်တဲ့အခါ ဦးစားပေးရရှိနိုင်စေဖို့ တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းက ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၄ ရက်နေ့က ပြောကြားကြောင်း သိရပါတယ်။ နောက်တစ်နေ့မှာပဲ တရုတ်နိုင်ငံပိုင်ကာကွယ်ဆေး ထုတ်လုပ်ရေး Sinovac က အင်ဒိုနီးရှားနိုင်ငံ PT Bio Farma ကုမ္ပဏီနဲ့ပူးပေါင်းပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ အစီအစဉ်ရှိကြောင်း ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံ ထုတ်ကာကွယ်ဆေးတွေရရှိဖို့ ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံကို အဆိုပြုထား ပြီးဖြစ်သလို မလေးရှားနိုင်ငံကလည်း ကြိုတင်ညှိနှိုင်းနေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တရုတ်နိုင်ငံကထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ တစ်ကမ္ဘာလုံးကို အကျိုးပြုနိုင်မှာဖြစ်ပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံအနေနဲ့ မဲခေါင်ဒေသတွင်း၊ တောင်တရုတ် ပင်လယ်ဒေသအတွင်းက ဖြေရှင်းစရာကိစ္စတွေမှာ မျက်နှာရစရာအခြေအနေ ဖြစ်လာနိုင်တယ်လို့လည်း နိုင်ငံရေး သုံးသပ်သူတွေက ယူဆကြပါတယ်။

 

စက်တင်ဘာလအတွင်း သြစတြေးလျနိုင်ငံက  အပြည်ပြည်ဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ကြီး(GAVI) ထံ ဒေါ်လာ ၅၈ သန်း ထည့်ဝင်လိုက်ပါတယ်။ GAVI ဟာ covax ကာကွယ်ဆေးထုတ်လုပ်ရေးအဖွဲ့ကြီးနဲ့ လက်တွဲပြီး ကိုဗစ်- ၁၉ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံ အနေနဲ့လည်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊  အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ တီမောလက်စ်တေတို့နဲ့ သူ့ရဲ့ “Pacific Family” ဆိုတဲ့ ပစိဖိတ်သမုဒ္ဒရာ မိသားစုကျွန်းနိုင်ငံ ရှစ်ခုအတွက် ကာကွယ်ဆေးရရှိစေနိုင်ဖို့ ကြိုးစားလိုတာ ဖြစ်ပါတယ်။ အဆိုပါဒေသတွေအတွင်း တရုတ်နိုင်ငံရဲ့ ဩဇာကြီးထွား လာမှုကို ဟန့်တားလိုတာလည်းဖြစ်နိုင်တယ်လို့ ယူဆကြ ပါတယ်။ ရုရှားနိုင်ငံက သူ့ရဲ့ Sputnit V အမည်နဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစောဆုံးလို့ ဆိုရလောက်အောင် ထုတ်လုပ်ပြသခဲ့ပါတယ်။ SputnitV ဟာ ၁၉၅၇ ခုနှစ်က ဆိုဗီယက်ယူနီယံက ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်ခဲ့တဲ့ အာကာသယာဉ်ရဲ့အမည် ဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံကလည်း သူ့ကိုယ်ပိုင် ကိုဗစ်- ၁၉ ကာကွယ်ဆေးကို ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ ရုရှားရဲ့ Sputnit V ကာကွယ်ဆေးအောင်မြင်ပါက ဆေးအလုံးရေ သန်း ၁၅၀ ဝယ်ယူဖို့လည်း ကြိုတင်ကမ်းလှမ်းထားတယ်လို့ သိရပါ တယ်။ ဖိလစ်ပိုင်သမ္မတကြီး မစ္စတာရိုဒရီဂိုဒူတာတေးကတော့ သူကိုယ်တိုင် ရုရှားကာကွယ်ဆေးကို အထိုးခံစမ်းသပ် ထားပြီးပြီလို့ ဆိုပါတယ်။

 

သြဇာမကျဆင်းရအောင် အာရုံစိုက်

အခုလိုအခြေအနေမှာ အမေရိကန်နိုင်ငံကလည်း အရှေ့တောင်အာရှဒေသအတွင်း သူ့ရဲ့သြဇာ မကျဆင်းရအောင် အာရုံစိုက်လာရပါတယ်။ စက်တင်ဘာလအတွင်းက အမေရိကန်နိုင်ငံရဲ့ Duke University နဲ့ ဆေးကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Arcturus တို့က စင်ကာပူနိုင်ငံနဲ့တွဲဖက်ပြီး Lunar-Cov19 ဆိုတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်ဖို့ သဘောတူညီကြပြီးဖြစ်ကြောင်း သိရပါတယ်။ ဒီဆေးဟာ အမေရိကန်နိုင်ငံမှာ ပထမအဆင့်စမ်းသပ်မှုတွေ ဆောင်ရွက်နေကြောင်း သိရပါတယ်။ အလားတူပဲ အမေရိကန် ကာကွယ်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Novavax ကလည်း အိန္ဒိယနိုင်ငံ Serum Institute of India နဲ့ တွဲဖက်ပြီး ကာကွယ်ဆေးထုတ်လုပ်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အမေရိကန်သမ္မတကြီး မစ္စတာထရမ့်ရဲ့ အမေရိကန်သာပထမ “The American First” သဘောတရားအရ ကိုဗစ်- ၁၉ အခင်းအကျင်းမှာလည်း တရုတ်နဲ့ အခြားနိုင်ငံတွေထက်ကျော်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်။ သူ့ရဲ့ ဓနအင်အား၊ ပညာရှင်တွေရဲ့ အင်အားနဲ့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

 

ဝါရှင်တန်အခြေစိုက်နည်းဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေးဌာနကြီးရဲ့ လေ့လာမှုတွေအရ အမေရိကန်နိုင်ငံ အနေနဲ့ အရှေ့တောင်အာရှရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကူညီထောက်ပံ့မှု နှေးကွေးနေကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရက ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက အရှေ့တောင်အာရှ ကိုဗစ်-၁၉ ကပ်ရောဂါ တားဆီးကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းတွေအတွက် ကူညီမှုပမာဏလေးဆဖြစ်တဲ့ ဒေါ်လာ ၁၈ သန်းမှ ၇၇ သန်းကူညီပေးခဲ့ပါတယ်။ အများစုကို ငွေသားနဲ့ကူညီခဲ့တာမို့ ငွေသားနဲ့ကူညီမှုမှာ အများဆုံးလို့ ဖော်ပြပါတယ်။ အမေရိကန်ဆေးပညာရှင်တွေရဲ့ ကြိုးစားမှုနဲ့အတူ အများအားထားရတဲ့ ကာကွယ်ဆေးကိုလည်း ရရှိနိုင် မှာဖြစ်လို့ ကာကွယ်ဆေးပြိုင်ဆိုင်မှုဟာ အတော်အားကောင်းနေမှာဖြစ်ကြောင်းပါ သိရပါတယ်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ကပ်ရောဂါကြီးကို ကာကွယ်ဖို့အရေးပါလှသလို ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ထိပ်တန်းရောက်လာနေကြောင်း တွေ့မြင်နေရကြောင်းပါခင်ဗျား။ ။

 

Reference..

By Sebastian Strangio

September 04, 2020

The Diplomat

(Southeast Asia's Coming COVID-19 Vaccine Windfall ဆောင်းပါး)။