အရှိန်အဟုန်မပျက် ဖော်ဆောင်ခြင်းဖြင့် တိုးတက်

၁၁ ဒီဇင်ဘာ

 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်နယ်အနေဖြင့် တည်ငြိမ်အေးချမ်းစပြုနေပြီး ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ ကောင်းများလည်း လမ်းစပေါ်နေသည်ကို တွေ့ရပါသည်။ ထိုအခြေအနေကောင်းများကို ဆက်လက်ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။

 

ဖွံ့ဖြိုးတိုးတက်ရေးတွင် ရခိုင်ပြည်နယ် မောင်တောမြို့မှ သုံးမိုင်ခန့် ကွာဝေးသော ကညင်ချောင်း စီးပွားရေးဇုန်ကို ယခုကာလတွင် ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များလက်တွဲ၍ အကျိုးတူပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တော့မည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ယင်းသည် ဒေသတွင်း တည်ငြိမ်အေးချမ်းခြင်း၏ အကျိုးရလဒ်ကောင်းဟု ဆိုရမည်ဖြစ်သည်။ မြန်မာတို့၏ ဆိုရိုးစကားတွင် 'အဆိုးဖြစ်ပြီးလျှင် အကောင်းလာလိမ့်မည်' ဆိုသကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဒုက္ခသုက္ခများ နောက်တွင် ကောင်းကျိုးများ ဖြစ်ထွန်းလာတော့မည်မှာ သေချာပါသည်။

 

လက်ရှိတွင် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်းမှစတင်၍ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး၊ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုဘဝ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများကို အထူးဦးစားပေးလျက်ရှိပြီး ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးပါဝင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရပါသည်။

 

ကညင်ချောင်းစီးပွားရေးဇုန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုပြုလုပ်ရာဒေသဖြစ်ခဲ့ပြီး ယခုအခါ စီးပွားရေးဇုန်ကြီးတစ်ခုအဖြစ် တိုးချဲ့လုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ် ရေးဇုန်များတွင် ယခုမောင်တောစီးပွားရေးဇုန်မှာ သွင်းကုန်ထက် ပို့ကုန်များကို ဦးစားပေးဆောင်ရွက်နိုင်သဖြင့် အခြားနယ်စပ်စီးပွားရေးဇုန်များထက် သာလွန်ကောင်းမွန်ခြင်းဖြစ်သည်။ မောင်တောနယ်စပ် ကုန်သွယ်ရေးဇုန်တွင် သွင်းကုန်မှာ ၁ဝ ရာခိုင်နှုန်းသာရှိပြီး ပို့ကုန်မှာ ၉ဝ ရာခိုင်နှုန်းအထိ ရှိနေသည်မှာ ထူးခြားချက်ဖြစ်သည်။ ကုန်သွယ်မှုပြုရာတွင် နှစ်နိုင်ငံ ငွေကြေးကိုအခြေခံ၍ အမေရိကန်ဒေါ်လာကို အသုံးပြုကြောင်း သိရသည်။

 

အဆိုပါကုန်သွယ်ရေးဇုန်ကို ယခုဘတ်ဂျက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး သားငါး၊ ပုစွန်သိုလှောင်ထားနိုင်မည့် အအေးခန်းများ၊ အထည်ချုပ်စက်ရုံများ၊ ကုန်သွယ်ရေးပြုလုပ်သော ရုံးခန်းများအပြင် တည်းခိုနေထိုင်၊ စားသောက်နိုင်မည့် အဆောက်အအုံများလည်း ပါဝင်မည်ဖြစ်သည်။ အဆိုပါ ကုန်သွယ်ရေးဇုန် ပြီးစီးပါက ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး ဒေသခံပြည်သူများလည်း အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိလာ၍ လူမှုဘဝမြင့်မားလာမည်ဖြစ်သည်။ ဤသည်မှာ တည်ငြိမ်အေးချမ်းခြင်း၏ အကျိုးရလဒ်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွက် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သည်။

 

ရခိုင်ပြည်နယ်သည် ရေမြေသဘာဝပတ်ဝန်းကျင်နှင့် သဘာဝသယံဇာတများ ပေါများကြွယ်ဝသောဒေသ ဖြစ်သည်။ ပြည်နယ်ဖွံ့ဖြိုးတိုးတက် လာမည့် စီးပွားရေးနှင့် ခရီးသွားလာရေး အလာအလာကောင်းများစွာ ရှိသည်။ သို့သော် ရှည်လျားသောသမိုင်းကြောင်း နောက်ခံအကြောင်းတရားများကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်၍ ဖွံ့ဖြိုးတိုးတက်မှုကျန်ရစ်ပြီး လူမှုဘဝနိမ့်ကျမှုများ ရှိနေခြင်းဖြစ်သည်။ ပြည်နယ်၏ အဆိုးတရားများကို အကြောင်းပြု၍ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်သောအခါ အနာဂတ်တွင် အလွန်ကောင်းမွန်သော ပြည်နယ်တစ်ခု ဖြစ်လာနိုင်သည်။

 

အဓိကမှာ ဘာသာ၊ လူမျိုး၊ အယူဝါဒ အစွဲအလမ်းများမထားဘဲ မိမိပြည်နယ် တည်ငြိမ်အေးချမ်းရမည်၊ ဖွံ့ဖြိုးတိုးတက်ရမည်ဟူသော ခံယူချက်ဖြင့် အတူတကွ ပူးပေါင်းလက်တွဲ လုပ်ကိုင်ဆောင်ရွက်သွားကြမည် ဆိုလျှင် ဧကန်မုချ တိုးတက်ဖွံ့ဖြိုးလာမည်မှာ အမှန်ဖြစ်သည်။

 

သို့ဖြစ်ရာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်သွားရေး၊ လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ယုံကြည်မှုအပြည့်ဖြင့် တက်တက်ကြွကြွ ပူးပေါင်း ပါဝင်လုပ်ကိုင်ရေးတို့ကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းအပ်ပါသည်။