အရိုင်းစံပယ်

 

အောင်လင်း

 

၂-၉-၂၀၂၂ ရက်နေ့မှအဆက်

 

မွန်က မျက်နှာသွယ်၍ မော်ကမျက်နှာဝိုင်းဖြစ်သည်။ ပွနေသောဆံပင်များက သူ့ပခုံးထက်တွင် ဝဲပျံ၍နေသည်။ နီနေအောင် ဆေးဆိုးထားသော နှုတ်ခမ်းပါးကလေးကို ကြည့်ခြင်းအားဖြင့် နှုတ်သွက် လျှာသွက်ရှိမည်ကို အကဲခတ်မိသည်။

 

မော်သည် ကိုဘခက်အား မချိုမချဉ် မျက်နှာဖြင့် ခိုး၍ကြည့်လိုက်သည်။

 

ထိုအတွင်းမှာပင် ဖြူဖြူဝဝ မိန်းမကြီး တစ်ယောက်နှင့် ‘မ’ သည် အပေါ်ထပ်မှ ဆင်းလာကြသည်။

 

မိန်းမကြီးသည် အနားသို့မရောက်ခင် ကပင် ဦးကျော်ဒင်အား လှမ်း၍ ရန်တွေ့လိုက်သည်။

 

“ရှင့်မလဲ သွားရင်နေရော၊ ကြာမယ်ဆိုရင်လည်း ကားပြန်လွှတ်လိုက်ရောပေါ့။ ဒေါ်သန်းနွဲ့က တစ်ချက်ခွဲကတည်းက ဖုန်းဆက်ခေါ်နေတာ။ ဒီနေ့ စနေနေ့ ဆိုတော့ ဝိုင်းကောင်းတယ်ရှင့်”

 

ဦးကျော်ဒင်သည် ခေါင်းကိုကုတ် လိုက်ရင်း နေရာမှထလိုက်သည်။မော်က သူ့အမေနားသို့ ခုန်ပေါက်၍ သွားလေသည်။

 

“သမီးတို့ကို မုန့်ဖိုးပေးနော်”

 

ဦးကျော်ဒင်သည် လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ရင်း စားပွဲဘေးတွင်ပတ်၍ လျှောက်နေတော့သည်။

 

“ကဲ ... နေစမ်းပါကွာ၊ အခုသွားမယ့် မင်းဝိုင်းက မပြီးသေးပါဘူး။ မိုးလင်းမှာ ပါ၊ ကဲ ... သမီး ထိုင်စမ်း၊ မောင်ဘခက် ရေ ... အဲဒါ ဦးသမီးအလတ်ကွဲ့၊ ‘မ’ လို့ ခေါ်တယ်။ သူက ဘီအေအောက်တန်း မှာ ...”

 

ကိုဘခက်သည် ‘မ’ ဟူသော နာမည်ကို ကြားလိုက်ကတည်းကပင် စိတ်ထဲတွင် ဆန်းနေသည်။

 

‘မ’ သည် မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ကိုဘခက်အား မရဲတရဲ ကြည့်လိုက်သည်။ ‘မ’ သည် မွန်နှင့်လည်းမတူ၊ မော်နှင့် လည်း မဆင်။ ‘မ’ သည် အသားညိုသည်၊ တုတ်တုတ်ခဲခဲရှိသည်။ သို့သော် ခါးနှင့် ရင်ကချီ၍ ကြည့်လှသည်။မျက်ခုံးထူသည်။ နှုတ်ခမ်းထူသည်၊ မျက်လုံးကလေးများသည် အရည်လဲ့၍ နေသည်။ပြုံးလိုက်သည့်အခါ သွားတက် ကလေးများ ပေါ်လာတတ်သည်။ဒါကိုကပင် တစ်မျိုးချစ်စရာကောင်းသည်။ ကိုဘခက်သည် ‘မ’ ကို အတန်ကြာမျှ ငေးစိုက်၍ ကြည့်နေလိုက်သည်။ ‘မ’ သည် ကိုဘခက်၏အကြည့်ကိုပင် ရှက်ဟန်ဖြင့် မျက်နှာလွှဲသွားလေသည်။

 

ဦးကျော်ဒင်က သူ့ဇနီးဘက်သို့ ပြုံး၍ ကြည့်လိုက်ရင်း ကိုဘခက်နှင့် မိတ်ဆက် ၍ပေးလိုက်သည်။ “ဒါက ဦးမိန်းမ ဒေါ်ခင်မျိုးသန့်တဲ့၊ ဦးကတော့ မယုံပါဘူး၊ သူတို့အမျိုးကို သန့်သတဲ့ကွာ။ အမှန်တော့ ရန်ကုန်သူတွေ ဆိုတာ အမျိုးသန့်တာ ခပ်ရှားရှားပဲကွ” ဒေါ်ခင်မျိုးသန့်သည် ဦးကျော်ဒင်အား မျက်စောင်းခဲ၍ ကြည့်လိုက်သည်။

 

“စကားကောင်းပြောနေရင် မဖောက် စမ်းနဲ့”

 

ဦးကျော်ဒင်သည် တစ်ချက်မျှ ပြုံးလိုက် ရင်း ကိုဘခက်နှင့် ဒေါ်ခင်မျိုးသန့်ကို မိတ်ဆက်ပေးလိုက်သည်။

 

“သူက မောင်ဘခက်ကွ၊ ကနေ့ ပြိုင်ပွဲ ရုံမှာရှုံးတာနဲ့ တယောကို ရိုက်ခွဲပြီး ထွက်လာတဲ့သူငယ်ပေါ့။ အညာကလာ တာ၊ ဒီမှာ အသိမိတ်ဆွေလည်းမရှိဘူး။ ဒါပေမဲ့ သူ့ပညာကို ငါသဘောကျတယ်။ ဒါကြောင့် သမီးတွေကိုသင်ပေးဖို့ ခေါ်လာခဲ့တာ။ ကဲ...မောင်ဘခက်၊ အဲဒါ မင်းတပည့်တွေပဲ။ ‘မ’ ရေ... အဲဒါ မင်းတို့ ဆရာပဲ၊ မင်းသင်ချင်တဲ့စောင်းလည်း သူ ကောင်းကောင်းနိုင်တယ်။ ဒါထက် မောင်ဘခက်... စောင်းပညာကို ဘယ်မှာ သင်ခဲ့တာလဲ”

 

“ဆရာဦးဗေဒါရဲ့ တပည့်တစ်ယောက်ဆီမှာ သင်ခဲ့ပါတယ်။ ဒေဝဣန္ဒာရဲ့ စောင်းပညာကို ဦးဗေဒါက ရလိုက်ပါ တယ်။ ဦးဗေဒါရဲ့ စောင်းပညာက မန္တလေး မှာ အတော်အသင့် ကျန်ခဲ့ပါတယ်”

 

ဦးကျော်ဒင်သည် ကိုဘခက်စကားများကို အထူးအဆန်းသဖွယ် နားထောင် ၍နေသည်။ အမှန်၌ သူလည်း ဂီတပညာတွင် နှံ့စပ်သူတစ်ယောက်ဖြစ်သည်။ ကိုယ်တိုင် ပေါက်ရောက်အောင် မတီးတတ်သော်လည်း အဆိုဘက်တွင် ဆရာ စုံအောင် သင်ခဲ့ဖူးသူဖြစ်သည်။

 

သို့သော် ကိုဘခက်ပြောသောစကားများသည် သူ့အဖို့ အထူးအဆန်းဖြစ်နေတော့သည်။ “ဦးဗေဒါက စောင်းရောတတ်သလား၊ ကျုပ်က ဆိုင်းပညာပဲ တော်တယ်မှတ်နေတာ”

 

“ဦးဗေဒါဟာ သူမတူတဲ့ ဆိုင်းဆရာ ကောင်းဖြစ်ခဲ့သလို စောင်းဆရာကောင်း လည်းဖြစ်ခဲ့ပါတယ်။ စောင်းရဲ့စနစ်ကို သူတကယ်သိခဲ့တဲ့ ဆရာကြီးတစ်ယောက် ဖြစ်ပါတယ်ခင်ဗျာ၊ သူ့ရဲ့ စောင်းပညာ ဟာ အများတီးနေကြတဲ့ နည်းတွေနဲ့ မတူပါဘူး”

 

“ဟေ ... ဘယ်လိုခြားနားသလဲကွ”

 

“ဒီမှာတီးနေတာ ကျွန်တော်သိရ သလောက်ကတော့ စောင်းကို စန္ဒရား တီးသလို အပြေးတီး တီးနေတာများ တယ်။ အနုစိတ် သိပ်မပါဘူးခင်ဗျ။ အမှန် တော့ စောင်းပညာဟာ အနုစိတ်လိုက်လေ နက်နဲလေပါပဲ။ စောင်းပညာဆိုတာ ဘင်ဂျိုများတီးသလို လုံးပြွတ်တွေ တီးတိုင်း စောင်းပညာလို့ မခေါ်နိုင်ပါဘူး။ ဒွန့်ထန့် ဒရန့် ... စတဲ့ အနုစိတ်ကလေးတွေမှာ ပီအောင်လှအောင်တီးနိုင်မှ ပိုပြီး ညက်ညောပါတယ်”

 

‘မ’ သည် ကိုဘခက်ပြောသောစကားများကို စိတ်ဝင်စားနေပုံရသည်။ ဦးကျော်ဒင်ကား ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။

 

ဒေါ်ခင်မျိုးသန့်သည် လက်မှနာရီကို ကြည့်လိုက်သည်။ “ကဲဟေ့ ... သွားမယ်၊ အချိန်မရှိဘူး၊ မောင်အေးကိုခေါ်ပြီး ဒီသူငယ်အတွက် အခန်းတစ်ခုရှင်းခိုင်းပေါ့၊ မောင်အေး ရေ ...”

 

“ခင်ဗျာ ... လာပြီ မမ”

 

မောင်အေးသည် နောက်ဖေးခန်းမှ အပြေးထွက်ပြီးလျှင် ဒေါ်ခင်မျိုးသန့် ဘေးတွင် ကိုယ်ကိုညွတ်၍ ရပ်လိုက်သည်။

 

“သူ့အတွက် အခန်းရှင်းပေးလိုက်၊ သံခုတင်တစ်လုံး ရှိတယ်မဟုတ်လား၊ အဲဒါခင်းပေး ... ကြားလား”

 

“ဟုတ်ကဲ့ မမ၊ စတိုခန်းကို ဆရာက ရှင်းခိုင်းလို့ ရှင်းထားပါတယ်။ သံခုတင် တော့ မခင်းရသေးပါဘူး။

 

“အေး...သွားခင်းချေ၊ ကဲ... မောင်ဘခက် လိုတာကို မောင်အေးကိုပြော၊ ဒီမှာတော့ မင်း လွတ်လွတ်လပ်လပ် နေနိုင်တယ်။ သင်ရမှာတော့ သူတို့တင်မဟုတ်သေး ဘူးဟေ့၊ မင်းဦးလေးပါ သင်ပေးရမယ်။ သူက ကလေးတွေထက် ပိုပြီးတီးတတ် ချင်သေးတယ်။ ဒါပေမဲ့ သူခေါ်ထားတဲ့ ဆရာတွေကတော့ စောင်းယူပြီး ရောင်း စားတာနဲ့၊ ငွေချေးပြီး ပြန်မပေးတာနဲ့ ...တကယ့်လူတွေချည်းပဲ၊ မင်းကတော့ ရိုးပုံပါပဲ”

 

“ကဲ ... ခင်တော့ သွားတော့မယ်၊ ရုပ်ရှင်လိုက်မယ့်ကောင်မတွေ ပြင်တော့ လေ”

 

မော်သည် ဒေါ်ခင်မျိုးသန့်အားဖက် လိုက်သည်။

 

“မော် လိုက်မယ် မာမီ ... မုန့်ဖိုးပေးလေ၊ သမီးတို့ မုန့်ဖိုးပေးရင် မာမီ အမြဲတမ်း ဖဲနိုင်တယ်မဟုတ်လား။ ပေးပါ မာမီရာ”

 

“အေးပါကွယ်၊ သွား အဝတ်လဲချေ”

 

“ဟေး ... ဒါမှ တို့မာမီကွ၊ လာဟေ့ မွန်၊ သွားမယ်လေ၊ ‘မ’ ရော ဘာလုပ်နေတာလဲ”

 

“ငါက ပြင်ဖို့မလိုပါဘူးကွဲ့၊ ဒီအတိုင်း လိုက်မှာ။ ‘မ’ ရော လိုက်မယ်မဟုတ်လား”

 

‘မ’ သည် ဦးကျော်ဒင်ကို လှမ်း၍ကြည့် လိုက်သည်။ ကိုဘခက်ကမူ ‘မ’ ကိုပင် မသိမသာ အကဲခတ်နေမိသည်။

 

‘မ’ သည် ဣန္ဒြေရသည်။

 

အတွင်းစိတ်ကို အပြင်၌ပေါ်၍မလာအောင် ချုပ်တည်းနိုင်စွမ်းရှိသူဖြစ်သည်။

 

ခဏအတွင်း တွေ့ရသော်လည်း ကိုဘခက်အဖို့ ‘မ’ ကလွဲ၍ ကျန်လူ အားလုံး၏စိတ်ဓာတ်ကို အကဲခတ် လိုက်နိုင်သည်။ ‘မ’ ၏ အတွင်းစိတ်ကား ရုတ်တရက် အကဲခတ်၍မရနိုင်ချေ။

 

ဦးကျော်ဒင်သည် ပွင့်လင်းသူ တစ်ယောက်ဖြစ်သည်။ လောကတွင် ပျော်ပျော်နေ၍ သူ ဝါသနာပါရာကိုသာ လုပ်လိုသူဖြစ်သည်။ ဒေါ်ခင်မျိုးသန့်က အထက်တန်းလွှာတွင် ဝိုင်းဖွဲ့၍နေလိုသူဖြစ်သည်။ ယောက်ျားအပေါ်တွင် သြဇာပေးတတ်သည်။ အိမ်တွင်းအုပ်ချုပ်မှုကို လေးလေးနက်နက် တွေးသူမဟုတ်၊ ပေါ့ပေါ့တန်တန်သာ နေတတ်သူဖြစ်သည်။ မော်ကား ကလေးဆိုးလေးဖြစ်သည်။ အပျော်အပါးခုံမင်သည်။ အနောက်တိုင်းဆန်သည်။

 

မိဘကို ကလေးဆိုးကလေးကဲ့သို့ နွဲ့ဆိုး ဆိုးကာ သူလုပ်ချင်ရာ လုပ်မည့်သူ ကလေးဖြစ်သည်။ ခဏအတွင်းပင် တွေ့ရသော်လည်း လူအားလုံး၏ အတွင်းစိတ်ကို အကဲခတ် လိုက်နိုင်သည်။ သို့သော် ‘မ’ ကိုကား အကဲခတ်၍မရချေ။ ‘မ’ သည် အနေ အထိုင် ကျစ်လျစ်သည်။ သိပ်သည်းသည်။ သူ့စိတ်ကိုသူ ထိန်းချုပ်ထားနိုင်သည်။ ထို့ကြောင့် ‘မ’ ကို အကဲခတ်ရသည်မှာ မလွယ်လှပေ။

 

ယခုလည်း မွန်နှင့် မော်က ရုပ်ရှင်သွားရန် ဟန်ပြင်နေချိန်ဝယ် ‘မ’ သည် ခပ်အေးအေးပင် ဦးကျော်ဒင်ကိုကြည့်၍ အကဲခတ်နေသည်။ သူ့စိတ်အလိုတစ်ခုတည်းကို လိုက်မည့်သူမဟုတ်ကြောင်း ပေါ်လွင်လှသည်။ ဦးကျော်ဒင်က အလိုက်သိစွာပင် ခွင့်ပေးလိုက်သည်။

 

“သမီးလည်း ကြည့်ချင်လိုက်သွားပေါ့၊ ဖေဖေ့မှာ အဖော်ရှိပါတယ်။ မောင်ဘခက်ကို စောင်းတီးခိုင်းမယ်” “ ‘မ’ မကြည့်ပါဘူးဖေဖေ၊ ဇာတ်လမ်းကောင်းတဲ့ကားလာမှပဲ ကြည့်တော့မယ်” မော်သည် ‘မ’ ကိုကြည့်၍ နှုတ်ခမ်းကို ရွဲ့လိုက်သည်။

 

“အမယ် ... ပက်ဘွန်းသီချင်းတစ်ပုဒ်ဆိုတာနဲ့ တစ်ဆယ်တန်တယ်ဟေ့၊ မကြည့်ချင်နေ၊ တို့တော့ ဘာနာဒင်းပဲ၊ အို့...ဘာနာဒင်း... အိုးအို... အိုးအို... ဘာနာဒင်း” ...

 

မော်သည် ဖင်ကလေးကို လှုပ်၍ ဘာနာဒင်းသီချင်းကို တုန်တုန်ယင်ယင် ဆွဲငင်ဆိုလိုက်သည်။ မွန်သည် မော့်ကို ကြည့်ရင်း ပြုံးလိုက်သည်။ ‘မ’ က မတုန်မလှုပ်ဖြင့် မော့်ကိုသာ ကလေးငယ်လေး တစ်ယောက်ကဲ့သို့ ကြည့်နေလိုက်သည်။

 

ဒေါ်ခင်မျိုးသန့်သည် ဧည့်ခန်းဘေးရှိ မှန်ရှေ့တွင်ရပ်၍ သူ့ကိုအရိပ်ကြည့် လိုက်သည်။ ထိုအတွင်း အိမ်ရှေ့မှ ကား တစ်စီးရပ်သံ ကြားလိုက်ရသည်။

 

ဆက်လက်ဖော်ပြပါမည်။