အရိုင်းစံပယ်

၃-၁၀-၂၀၂၂ ရက်နေ့မှအဆက်

ကိုဘခက်သည် ပြောနေရင်းက မကျေမနပ်ဖြစ်နေရာမှ ထသွားလေသည်။

စားပွဲပေါ်မှ ဆေးပေါ့လိပ်ကိုယူ၍ မီးညှိလိုက်သည်။ 

‘မ’ သည် ကိုဘခက်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်၍ထိုင်လိုက်သည်။

‘မ’ စိတ်ထဲ၌ကား ကိုဘခက်လို ပညာသည်တစ်ယောက်အား ကျော်ကြားထွန်းပြောင်သူတစ် ယောက်အဖြစ် မြင်တွေ့လိုလှသည်။

ကိုဘခက်သည် ဆေးပေါ့လိပ်ကိုဖွာရင်း မျက်မှောင်ကုတ်၍ စဉ်းစားနေလိုက်သည်။

“ဆရာ့အရည်အချင်းနဲ့ဆိုရင် တစ်နေ့ ဆရာ့ရည်မှန်းချက်အတိုင်း အောင်မြင်ရမှာပါဆရာ”

“ကျွန်တော်တော့ မမျှော်လင့်ပါဘူး။ ကျွန်တော့် ဘဝမှာအားနည်းချက်တွေ တစ်ဖက်ကရှိတယ်။ ဒီအားနည်းချက်တွေက ကျွန်တော့်ဘဝရဲ့ အောင်မြင်မှုကို ဖျက်ဆီးပစ်မှာပဲ။ ဒါထက် ‘မ’ ကို ကျွန်တော် တစ်ခုမေးချင်တယ်။ ‘မ’ ဘဝမှာ လူတစ်ယောက်ကို ရွေးချယ်ရမယ့်အချိန်ရောက်ရင် ဘယ်လိုဟာမျိုးကို ရွေးချယ်မယ် စိတ်ကူးသလဲ”

ကိုဘခက်၏ မမျှော်လင့်သောမေးခွန်းကြောင့် ‘မ’ ရင်ထဲတွင် မုန်တိုင်းဆင်လိုက်သလို သိမ့်သိမ့် ခါ၍သွားလေသည်။

“‘မ’ဒါတွေ စိတ်မကူးသေးဘူး ဆရာ၊ ‘မ’ ငယ်ပါသေးတယ်”

“မဟုတ်သေးဘူးလေ၊ ငယ်တာကြီးတာနဲ့ မဆိုင်ဘူး။ ဒါမျိုးဟာ ကြိုတင်ပြီးတော့ စဉ်းစားထားကြ တယ်မဟုတ်လား။ ကျွန်တော် ရှင်းရှင်းပဲမေးမယ်ဗျာ။ ‘မ’ ရဲ့ ချစ်သူတစ်ယောက်ဟာ ဘယ်လိုအရည်အချင်းမျိုး ရှိရမယ်ဆိုတာ ‘မ’ စိတ်ထဲမှာ ပုံစံချပြီးသား ရှိတယ်မဟုတ်လား”

“‘မ’ ဒါတွေ ဘာတစ်ခုမှ မစဉ်းစားသေးပါဘူး ဆရာ”

“မစဉ်းစားဘူးဆိုပေမယ့် ပါရိုးပါစဉ်အရည်အချင်း နှစ်ခုကတော့ ပါရမှာပေါ့နော်။ လူကုံထံ ကြေးရတတ်ပိုင်းက ဖြစ်ရမယ်။ ဒီဂရီတစ်ခု အနည်းဆုံးပါရမယ်။ ဒါနှစ်ခုကတော့ ‘မ’ တို့လို အမျိုးသမီးတွေရဲ့ ချစ်သူတစ်ယောက်အတွက် မပါမဖြစ်တဲ့ အရည်အချင်းနှစ်ရပ်နေမှာပေါ့”

“‘မ’ ဂုဏ်တွေဘာတွေ မမက်တတ်ဘူးဆရာ။ ဒီကိစ္စမျိုး ‘မ’ ကိုယ် ‘မ’ သာပိုင်ရင် ကင်းကင်း လွတ်လွတ်ကြီး စဉ်းစားမှာပဲ”

“ဒါဖြင့် ဘာဒီဂရီမှမရှိတဲ့ အညတရတစ်ယောက် က ‘မ’ ကို ချစ်တယ်ဆိုရင် ‘မ’ ဘယ်လိုဆုံးဖြတ်မလဲ”

‘မ’ သည် ဘာကိုပြန်ပြောရမှန်းမသိအောင်ရှိတော့သည်။ ကိုဘခက် ဆိုလိုသောအဓိပ္ပာယ်ကို လည်း နားလည်သည်။

သို့ပေမယ့် ကိုဘခက်လိုချင်သောအဖြေကို ‘မ’ အနေနှင့် ပေးနိုင်စွမ်းမရှိချေ။ 

“ဆရာ့ကို တောင်းပန်တဲ့အနေနဲ့ ဆရာသိထားအောင် ‘မ’ တစ်ခုပြောပါရစေ။ ‘မ’ ဟာ ‘မ’ ကိုယ် ‘မ’ မပိုင်ပါဘူးဆရာ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ‘မ’ မှာ ဆုံးဖြတ်နိုင်ခွင့်မရှိပါဘူးဆရာ။ ‘မ’ မလိမ်တတ်ပါဘူးဆိုတာတော့ ဆရာသိပါလိမ့်မယ်”

‘မ’ က သနားစဖွယ် တောင်းပန်၍ပြောလိုက်သည့်တိုင်အောင် ကိုဘခက်က ကျေနပ်ဟန် မရှိသေးချေ။

“ကျွန်တော်လည်း ကျွန်တော့်စိတ်ကို ကျွန်တော်ထိန်းနိုင်တယ်လို့ ထင်တာပဲ။ ‘မ’ နဲ့တွေ့မှ ကျွန်တော်ထင်တာတွေ အားလုံးမှားတာပဲ”

“ခုတော့ မထူးတော့ပါဘူး။ စကားတစ်ခွန်းကို ပြောမိပြီဆိုရင် ချန်လည်းမထားချင်ဘူး။ အမှန်တော့ ဒီစကားဟာ ဘာမှမဆန်းဘူး။ လူယဉ်ခေတ်ရောက်ကတည်းက ယောက်ျားတိုင်း မိန်းမတိုင်း ပြောခဲ့တဲ့စကားပဲ။ ကျွန်တော် ‘မ’ ကိုချစ်တယ်။ ချစ်တယ် ဆိုတဲ့နေရာမှာ ခပ်ပေါ့ပေါ့တော့ မတွေးစေချင်ဘူး။ ‘မ’ ရဲ့အလှဟာ ကျွန်တော့်ကိုယ်တွေ့ စာဖွဲ့လို့ မစွမ်းအောင် နက်နဲယဉ်ကျေးတဲ့အလှပဲ...”

“ဒါပေမဲ့ ကျွန်တော်ချစ်တာက ဒီအလှကို ယစ်မူးပြီးချစ်တာ မဟုတ်ပါဘူး။ ကျွန်တော် ‘မ’ ကိုချစ် တာက ‘မ’ ရဲ့ အတွင်းစိတ်နဲ့ ဝါသနာကိုချစ်တာပဲ။ ဒီအရည်အချင်းနှစ်ခုဟာဖြင့် ကျွန်တော့်တစ်သက်မှာ ဘယ်မိန်းမမျိုးတွေဆီကမှ ရနိုင်လိမ့်မယ်လို့ မမျှော်လင့်နိုင်တဲ့ အရည်အချင်းနှစ်ခုပဲ။ ဒါကြောင့်လည်း ကျွန်တော် ‘မ’ ကိုချစ်တဲ့အချစ်ဟာ ကျွန်တော့်တစ် သက်မှာ နောက်ထပ်မပေါ်ပေါက်နိုင်တဲ့အချစ်မျိုး ဆိုတာကိုတော့ ‘မ’ယုံစေချင်တယ်”

ကိုဘခက်သည် သူ့ရင်တွင်း၌ရှိသမျှကို လှိုက်လှိုက်လှဲလှဲ ပြောချလိုက်သည်။ ကိုဘခက်ပြောလိုက်သော စကားလုံးတိုင်းသည် ‘မ’ ၏ နှလုံးသားဝယ် အေးမြသော မိုးရေပေါက်ကလေးများပမာ တစ်ပေါက်ချင်း ကျဆင်းလာသလို ရှိတော့သည်။

‘မ’သည် အေးမြသော သူ့လက်ဖျားကလေးများကိုသာ တစ်ဖက်နှင့်တစ်ဖက် ဆုပ်နယ်၍ နေမိသည်။ 

ခေါင်းကား မဖော်ရဲတော့ချေ။ ဘာကိုပြန်ပြောရမှန်း မသိတော့ချေ။

“‘မ’...မပြောတတ်ဘူး ဆရာ။ ‘မ’ တကယ့်ကို မပြောတတ်လို့ ဆရာ့ကိုတောင်းပန်တာပါဆရာ။ ‘မ’ လောကမှာ အကြောက်ဆုံးအရာတစ်ခုရှိတယ်။ ‘မ’ လေဘာပဲလုပ်ရလုပ်ရ၊ ဘာပဲဝတ်ရဝတ်ရ၊ ဘာပဲစားရစားရ။ ‘မ’ ရောင့်ရဲနိုင်ပါတယ်။ ဒါပေမဲ့ စိတ်ဆင်းရဲရမှာကိုတော့ ‘မ’ အကြောက်ဆုံးပဲ။ ‘မ’ စိတ်ညစ်မယ့်စကားတွေကို ဆက်မပြောပါနဲ့ဆရာ။ ‘မ’ ဝမ်းနည်းတယ်”

‘မ’ သည် ပြောရင်းပင် အသံများ အက်ကွဲလာသည်။ ‘မ’ မျက်လုံးကလေးများသည် ငိုတော့မလို မျက်ရည်ဥကလေးများပင် တဝင်းဝင်းစို၍လာလေသည်။

ကိုဘခက်သည် ‘မ’ ကိုကြည့်လိုက်ရင်းသနား မိပြန်သည်။ တဆတ်ဆတ်တုန်၍နေသော ‘မ’ ၏ လက်ကလေးများကို ကြည့်ရင်း ဆုပ်နယ်ပေးချင်တော့သည်။

“‘မ’စိတ်ဆိုးမယ်ဆိုရင်တော့ ကျွန်တော့်တစ်သက်မှာ ဝမ်းနည်းလို့မဆုံးတော့ပါဘူး။ အမှန်တော့ ကျွန်တော်ဟာ ကျေးဇူးရှင်ကို ကျေးစွပ်တဲ့လူပဲ။ လမ်းဘေးလျှောက်နေရတဲ့ အညတရလူတစ်ယောက် ကို ‘မ’ တို့ဖေဖေက အိမ်ပေါ်ခေါ်ပြီး ကျွေးမွေးပြုစုထားတယ်။ ဒါတင်သာမက ကျွန်တော့်တက်လမ်းအတွက်လည်း အားပေးကူညီခဲ့တယ်။ ဒီလို ကျေးဇူးရှင် တစ်ယောက်အိမ်မှာနေပြီးတော့ ခုလိုဖောက်ပြားမိတာဟာ အမှန်တော့ ကျွန်တော့်အပြစ်ပဲ။ မတတ်နိုင်ဘူး။ ကျွန်တော်နဲ့ ‘မ’ ဟာ ခုခေတ် စကားနဲ့ပြောမယ်ဆိုရင် အဆင့်အတန်းချင်းလည်း ကွာခြားတယ်။ ကျွန်တော်က လမ်းပေါ်က မအောင်မြင်သေးတဲ့ စောင်းဆရာ။ ‘မ’ က ခေတ်ပညာတတ် ရုပ်ချောသဘောကောင်းတဲ့ အဖိုးတန်အမျိုးသမီးတစ်ဦး။ ကွာခြားချက်က မိုးနဲ့မြေကမှ မှန်းဆလို့ရဦးမယ်။ ကျွန်တော်တို့ဘဝနှစ်ခုရဲ့ ကွာခြားမှုက မှန်းဆလို့မရအောင် ကွာခြားလှပါတယ်။

“ဒါပေမဲ့ ကျွန်တော် မတတ်နိုင်ဘူး ‘မ’။ ‘မ’ ကိုချစ်တဲ့စိတ်က ကျွန်တော့်ကို အရာအားလုံး မေ့ပျောက်စေတယ်။ မဖြစ်နိုင်ဘူးဆိုတာတော့ ကျွန်တော်နားလည်ပြီးသားပါ။ ဒါပေမဲ့ လူတစ် ယောက်ဟာ ဘယ်လောက်ပဲ ဂုဏ်အဆင့်အတန်း နိမ့်သည်ဖြစ်စေ၊ ခေတ်ပညာအရည်အချင်း နည်းပါးသည်ဖြစ်စေ သူချစ်တဲ့သူတစ်ယောက်အပေါ်မှာတော့ အများနည်းတူ သူများချစ်တဲ့အချစ်ထက် မလျော့ဘဲ ချစ်တယ်ဆိုတာကိုတော့ ‘မ’ ယုံစေချင်တယ်။ လူတစ်ယောက်ဟာ သူ့ဘဝအနေနဲ့ အောက်တန်းကျပေမယ့် သူ့ရဲ့အချစ်ကတော့ မြင့်မားတယ်ဆိုတာကို ‘မ’ ယုံစေချင်တယ်”

‘မ’ သည် ခေါင်းငုံ့ထားရာမှ ကိုဘခက်မျက်နှာကို မရဲတရဲ မျက်လုံးလှန်၍ ကြည့်လိုက်သည်။ ဆို့နှင့် ကြေကွဲဖွယ်ရာကောင်းသော ကိုဘခက်၏မျက်နှာကို မြင်ရပြန်တော့လည်း ‘မ’ ရင်ထဲတွင် အလိုလို သနားလာမိသည်။

ကိုဘခက်သည် တကယ်ပင် မချုပ်တည်းနိုင် သောအဖြစ်သို့ ရောက်နေ၍သာ ခုလိုဖွင့်အန်လိုက် ခြင်းဖြစ်သည်ကိုလည်း ‘မ’ ကိုယ်တိုင် နားလည်မိပေသည်။

“ဆရာ့ကို ‘မ’ ယုံကြည်ပါတယ် ဆရာ။ လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ အကြောင်း ပြောတဲ့နေရာမှာ အခွင့်အရေးညီတူရှိပါတယ် ဆရာ။ ဒါဟာ စိတ်ဆိုးစရာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ‘မ’ ဘက်က စဉ်းစားတဲ့နေရာမှာ ဒီပြဿနာဟာ ဘယ်နည်းနဲ့မှ မလွယ်ပါဘူးဆရာ။ မလွယ်တဲ့အကြောင်းထဲမှာ အကြီးမားဆုံးအကြောင်းကတော့ ‘မ’ ဟာ မွန့်လို မကင်းလွတ်ပါဘူး။ ‘မ’ ကိုယ် ‘မ’ လည်း မပိုင်ပါဘူး။ ဖေဖေတို့ဆန္ဒနဲ့လည်း ဆန့်ကျင်ပြီးတော့ ‘မ’ မဆုံးဖြတ်ရဲဘူး။ ‘မ’ ဆရာ့ကို ဆရာအရင်းလိုပဲ ကြည်ညိုချစ်ခင်ပါရစေဆရာ။ ဒါ့ထက်သာ ပိုချင်တယ်ဆိုရင်တော့ ဆရာရော ‘မ’ ပါ စိတ်ဆင်းရဲပါလိမ့်မယ် ဆရာ။ ‘မ’ ဟာ ဆရာ့ အလိုကို မလိုက်နိုင်ပေမယ့် အမြဲတမ်း ကြည်ညို လေးစားမယ့် တပည့်မတစ်ယောက်ဆိုတာတော့ ဆရာယုံပါ ဆရာ။ ‘မ’ ဒါပဲပြောနိုင်တယ်။ ‘မ’ သွားပါ ရစေတော့ဆရာ”

‘မ’ သည် ပြောပြောဆိုဆို နေရာမှထ၍ အပေါ်ထပ်သို့ တစ်လှမ်းချင်း တက်သွားလေသည်။ ကိုဘခက်သည် ‘မ’ ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။

‘မ’ ပြောသွားသော စကားများသည် ရှင်းလင်းရိုးသားလှသည်။ သူ၏ ပင်ကိုစိတ်ရင်းအတိုင်း ဖွင့်ဟလိုက်ခြင်းဖြစ်သည်ကိုလည်း မငြင်းနိုင်အောင်ရှိတော့သည်။

‘မ’ ၏အဖြစ်ကို သိရပြန်တော့လည်း သနားစရာကောင်းလှပေသည်။ အမှန်ဆိုတော့လည်း ‘မ’ ပြောသည့်အတိုင်းပင် ‘မ’ သည် ဘဝရည်မှန်းချက်နှင့် ပတ်သက်၍ မွန်ကဲ့သို့ မျှော်မှန်းချက်ကြီးသူလည်း မဟုတ်၊ လောဘဇောအားကြီးသူလည်း မဟုတ်။ သူ့အတွက်ကြောင့် လူတကာကို စိတ်အနှောင့်အယှက်ပေးလိုသူမဟုတ်။ ဖြစ်သမျှနှင့် ရောင့်ရဲမည်၊ မိဘ၏သြဇာအောက်တွင် မိဘစိတ်တိုင်းကျနေမည် ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။

အမှန်ဆိုတော့ ‘မ’ သည် ကျောက်ဖိခံနေရသော ဗိုင်းကောင်းကလေးပင် ဖြစ်သည်မဟုတ်လော။

[ ၉ ]

မော်သည် တစ်စုံတစ်ခုကို အားပါးတရအော်လိုက်ရင်း အပေါ်ထပ်သို့ ပြေးတက်လာလေသည်။ ဘာကြောင့်မှန်းမသိ။ မတွေ့လိုသူကို တွေ့ရမည်ကဲ့သို့ ရင်တထိတ်ထိတ်ခုန်မိသည်။ မော်၏အသံ သည် တစ်အိမ်လုံးကို လွှမ်းမိုး၍ နေတော့သည်။

“‘မ’ ရေ ...‘မ’၊ ကိုကိုကြည် ပြန်လာပြီဟေ့။ တို့ဖို့ လက်ဆောင်တွေလည်းပါတယ်”

ငယ်ပေါင်းကြီးဖော် မိတ်ဆွေတစ်ယောက် ပြန်ရောက်လာသဖြင့် ဝမ်းသာမိသော်လည်း ‘မ’ စိတ်ထဲ၌ကား တစ်ခုခုကို အစိုးရိမ်လွန်မိလေသည်။

ကိုခင်မောင်ကြည်သည် ‘မ’ တို့မောင်နှမတစ်တွေ နှင့် ငယ်စဉ်ကပင် ကစားဖက်ဖြစ်သည့်အပြင် ဗစ်တာ၏ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လည်း ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

အောင်လင်း