အရိုင်းစံပယ်

 

အောင်လင်း

 

မော်သည် ကိုခင်မောင်ကြည်နှင့် ‘မ’ အတွက် ကော်ဖီငှဲ့ပေးလိုက်သည်။

 

နောက်ဆုံးမှ သူ့အတွက် ငှဲ့လိုက် သည်။ ‘မ’ က ကော်ဖီကို တစ်ကျိုက်မျှ သောက်ရင်း ရှုံ့မဲ့သွားလေသည်။

 

“ကော်ဖီကလည်းကွယ်... နို့တွေ များလိုက်တာ။ မော်ဖျော်ရင် ဒီလိုချည်း ပဲ”

 

“အို...‘မ’ ကလည်း၊ ‘မ’ သောက်သလိုတော့ ခါးခါးတူးတူးကြီး မသောက်နိုင်ပါဘူး။ ကော်ဖီဆိုတာ နို့လေးပျစ်ပျစ်နဲ့မှ သောက်လို့အရသာရှိတယ်”

 

“ကိုယ်ကတော့ နှစ်မျိုးစလုံး ကြိုက်တယ်။ ဒါပေမဲ့ သူ့အချိန်နဲ့သူမှ၊ မနက်စောစော အိပ်ရာထဆိုရင် မိရွှေမပြောသလို ကော်ဖီခါးခါးလေးမှ သောက်လို့အရသာရှိတယ်။ နေ့ခင်းဆိုရင်တော့ ခုလို နို့ပျစ်ပျစ်ကလေးနဲ့မှ သောက်ရတာ အရသာရှိတယ်”

 

“ဟေး ... ဒါတော့ ကိုကိုကြည်က လူပေါ်လူဇော်လုပ်တာပဲကွ။ ကောင်းတယ်၊ ကြိုက်တယ်ဆိုတာ တစ်မျိုးပဲဖြစ်ရမယ်။ နှစ်မျိုးမဖြစ်ရဘူး။ မော်ပြောတာကို သဘောတူတယ်မဟုတ် လား ‘မ’”

 

မော်က ကိုခင်မောင်ကြည်ကို အနိုင် ယူ၍ ‘မ’ ကို စစ်ကူတောင်းလိုက်သည်။

 

“ဟုတ်တာပေါ့။ လောကမှာ လူတစ်ယောက်ဟာ အကြိုက်တစ်မျိုးပဲရှိသင့်တာပေါ့။ နှစ်မျိုးစလုံး ကြိုက်တယ်၊ ကောင်းတယ်လို့ ထင်တဲ့လူဟာ စိတ် မတည်တံ့တဲ့လူပဲ”

 

ကိုခင်မောင်ကြည်သည် ‘မ’ ပြောလိုက် သောစကားကြောင့် တစ်ချက် ငိုင်၍သွားလေသည်။ အံ့သြဟန်လည်း ရှိသည်။ မော်ကမူ သူ့ဘက်က အနိုင်ရသည့်အတွက် ဝမ်းသာအားရ ဩဘာပေး လိုက်သည်။

 

“ဟုတ်တယ်...ဟုတ်တယ်၊ ‘မ’ ပြော တာကို မော်ထောက်ခံတယ်။ ကိုကိုကြည် ရှုံးပြီကွ”

 

ကိုခင်မောင်ကြည်သည် ရောယောင်၍ ပြုံးလိုက်ရသော်လည်း စိတ်ထဲ၌မူ အောင့်သက်သက်ရှိလှသည်။

 

‘မ’ ၏ ချက်ကျပိုင်နိုင်လှသော စကားကိုလည်း ပြန်၍မချေပနိုင်အောင် ရှိတော့သည်။

 

“‘မ’ က သိပ်စကားတတ်ပါလား၊ ကိုယ်ပြောတာက ဒီလိုမဟုတ်ပါဘူးကွာ။ နှင်းဆီကယဉ်၊ သဇင်ကပြုံးဆိုတဲ့ စာလိုပေါ့။ သူ့ဟာနဲ့သူ တစ်မျိုးစီ ချစ်စရာကောင်းတဲ့သဘောပေါ့။ ဥပမာ... ဘယ် ပန်းက ဘယ်ရာသီမှာပွင့်လို့ သူ့ကိုတခြားပန်းက ပိုပြီးလှတာပေါ့။ ဒီသဘောကို ပြောတာပါ”

 

“ရာသီပန်းနဲ့ ပန်းကိုဖွဲ့တာဟာ လူ့ ဘဝနဲ့မဆိုင်ပါဘူး။ ဥပမာ ..လူတစ် ယောက်ဟာ တစ်ကြိမ်တည်းမှာ ဝါဒ နှစ်မျိုးကို ယုံကြည်စွဲမြဲပါတယ်ဆိုရင် ဒါဟာ ဘယ်နည်းနဲ့မှ ယုံကြည်ဖို့မကောင်း ဘူး။ နှစ်မျိုးစလုံးကို မယုံကြည်တာပဲ။ မခိုင်မြဲတဲ့စိတ်ကိုပြတာ”

 

မော်သည် ခုန်ပေါက်ရင်း အော်လိုက် ပြန်သည်။

 

“ဟေး...ဟုတ်တယ်။ ဒါမှ တို့ ‘မ’ ကွ။ ကိုကိုကြည်ကြီး ရှုံးပြီ”

 

ကိုခင်မောင်ကြည်သည် ပြုံး၍နား ထောင်နေလိုက်ရတော့သည်။ ဆက်ပြောနေလျှင် ကိုယ်နေရသည့် ဘက်က အရှုံးဘက်က များနေသည်။ ထို့ကြောင့်လည်း စကားကို လွှဲပစ်လိုက်သည်။

 

“ကဲပါဗျာ...ကိုကိုကြည်ပဲ အရှုံးပေးပါတယ်။ ကဲ...နိုင်တဲ့လူက လက်ဖက်တစ်ရိုးတော့ သုပ်ကျွေးကွာ။ ‘မ’ က လက်ဖက် သုပ်ကောင်းပါတယ်။ နိုင်ငံခြားကတည်းက လက်ဖက်ငတ်လာတယ်”

 

“ကိုကိုကြည်က ပါးတယ်ကွ။ ပါးတယ်။ စကားလွှဲပစ်တယ်။ ကဲ...‘မ’ ရာ သနားပါတယ်။ လက်ဖက်တစ်ရိုးလောက်တော့ သုပ်ပေးလိုက်ပါ”

 

‘မ’ သည် ကိုခင်မောင်ကြည်အတွက် သူကိုယ်တိုင်ပင် လက်ဖက်ကို သုပ်ပေးလိုက်သည်။ ကိုခင်မောင်ကြည်သည် ‘မ’ သုပ်ပေး သော လက်ဖက်ကို အားရပါးရ စားလိုက်သည်။ မော်သည် ကိုခင်မောင်ကြည် စားပုံကိုကြည့်ရင်း ကျေနပ်နေသည်။

 

“ကဲ...စားသောက်ပြီးပြီ၊ ဗစ်တာတို့ အိမ်သွားမယ်။ ဟိုကျတော့ မွန့်လက်ရာ ကလေးနဲ့ ညစာစားရမယ်။ အန်တီရော လိုက်မယ်တဲ့”

 

မွန်က ဘဲဥတောင် ကြော်တတ်မှာ မဟုတ်ဘူး။ ဆိုင်မှာကျွေးရင် မော်တို့ လိုက်မယ်။ မာမီတောင် ကနေ့သွားမယ် လို့ ပြောနေတာ”

 

“ဒါဖြင့် ကောင်းသားပဲ၊ ကဲ...အဝတ် လဲကြ၊ ‘မ’ ရော လိုက်ခဲ့ကွာ”

 

မော်သည် အခန်းတွင်းမှ အပြေးထွက်သွားသည်။ လမ်းထွက်ရမည်ဆိုလျှင် မော်က ကျေနပ်ပြီးသားဖြစ်သည်။

 

‘မ’ မလိုက်တော့ပါဘူး ကိုကိုကြည်။ စာကြည့်ရလွန်းလို့ ခေါင်းတွေမူးနေတယ်”

 

ကိုခင်မောင်ကြည်သည် ‘မ’ ကို မကျေ မနပ်ဖြင့် ကြည့်လိုက်သည်။

 

“မိရွှေမတစ်ယောက်က အရင်ကလို မဟုတ်ဘူး။ ပြောင်းလဲနေတယ်။ ဘာလဲ ... ကိုကိုကြည်ကို အရင်ကလို မခင်တော့ ဘူးလား”

 

“‘မ’ ဘယ်သူ့အပေါ်မှ မေတ္တာမပျက်တတ်ပါဘူး။ မနေ့ကမှ စာမေးပွဲ ပြီးတော့ နည်းနည်းပင်ပန်းနေလို့ပါ ကိုကိုကြည်။ နောက်တစ်ခေါက်မှ ‘မ’ လိုက်ပါရစေ”

 

“ရှိပါစေတော့ဗျာ ... ရှိပါစေတော့”

 

ကိုခင်မောင်ကြည်သည် စိတ်ပျက် လက်ပျက်ဖြင့် ဧည့်ခန်းသို့ ထွက်ခဲ့သည်။ ‘မ’ သည် နောက်ဖေးမီးဖိုချောင်တွင် မောင်အေးနှင့် ကော်ဖီပွဲကိုသိမ်းရင်း ညစာအတွက် စီမံရသည်။ကိုခင်မောင်ကြည်က အပြင်မှအော်၍ နှုတ်ဆက်လိုက်သည်။

 

“ ‘မ’ ရေ ... သွားပြီပေါ့။ နက်ဖြန်ညနေတော့ ကိုယ်တို့အိမ်မှာ ထမင်းစားရ မယ်နော်။ တစ်အိမ်လုံးလာရမယ်။ မလာ တဲ့လူတော့ ဒါပဲနော်”

 

‘မ’ သည် အပြင်သို့ထွက်၍ ကိုခင်မောင်ကြည် ကျေနပ်အောင် ပြောရပြန်သည်။

 

“ဟုတ်ကဲ့ ... ကိုကိုကြည်၊ မနက်ဖြန်ည လာပါ့မယ်”

 

ဒေါ်ခင်မျိုးသန့်သည် အပေါက်ဝသို့ရောက်မှ တစ်စုံတစ်ခုကို သတိရဟန် ဖြင့် ‘မ’ ကို ပြန်၍မှာနေပြန်သည်။

 

“‘မ’ ရေ...မင်းဒက်ဒီပြန်လာရင် မွန်တို့ဆီကို လိုက်ခဲ့လို့ ပြောလိုက်။ တို့အပြန် ကားမရှိဘူး ... ကြားလား”

 

“ဟုတ်ကဲ့ မေမေ”

 

“ကျွန်တော် လိုက်ပို့မှာပေါ့ အန်တီရဲ့”

 

“မဟုတ်ဘူး၊ မဟုတ်ဘူး ... မောင်ကြည် မင်းအန်ကယ်အကြောင်း မသိသေးလို့။ ခုတလော သူက ပိုက်ဆံမရတဲ့အလုပ်တွေကို သိပ်ကြိုးစားနေတယ်။ ဂီတသုခုမ အဖွဲ့တဲ့ ... တက်လိုက်ရတဲ့အစည်းအဝေး၊ တော်တော်ကြာ ရန်ပုံငွေထည့်ရသေးတယ်။ မင်းအန်ကယ်နဲ့ ငါနဲ့တော့ အချိုးကိုမတည့်တော့ဘူး”

 

ဒေါ်ခင်မျိုးသန့်သည် အိမ်မှအထွက်တွင် ဦးကျော်ဒင်အား ရန်တွေ့သွားလေသည်။

 

‘မ’ ကမူ ဦးကျော်ဒင်ဘက်မှ မကျေမနပ်ဖြစ်မိသော်လည်း သူ့မေမေကို ဘာမျှပြန်မပြောရဲချေ။ ပြောလျှင်လည်း သူ့ကိုပါအဆစ်ပါမည် သိထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း ‘မ’ သည် ဒေါ်ခင်မျိုးသန့်ပြောသမျှ ငြိမ်၍နားထောင်ရင်း သက်ပြင်းကို မသိမသာချ လိုက်မိသည်။ ဒေါ်ခင်မျိုးသန့်တို့ ထွက်သွားသောအခါ ဧည့်ခန်းတွင် လုပ်စရာရှိသည် တို့ကို လုပ်နေမိသည်။ စာမေးပွဲနီး ကတည်းက ဘာမျှပြန်မကြည့်နိုင်သော ဧည့်ခန်းကို ရှင်းလင်းရသည်။ ပန်းများ အသစ်လဲရသည်။ ဓာတ်ပုံ များကို ဖုန်သုတ်ရသည်။ ရှုပ်ပွနေသည် တို့ကို ရှင်းလင်းရသည်။

 

ဧည့်ခန်းကို ရှင်းပြီးသေအခါ ‘မ’ သည် တစ်စုံတစ်ခုကို ချီတုံချတုံဖြစ်နေသည်။ အတန်ကြာမှ တံမြက်စည်းတစ် ချောင်းကိုယူ၍ ကိုဘခက်၏အခန်းတွင်းသို့ ဝင်ခဲ့မိသည်။ ကိုဘခက်၏ အခန်းတွင်း၌ကား ဗရပွ ကြဲ၍နေတော့သည်။ အိပ်ရာကို ကြည့်လိုက်လျှင်ပင် စိတ်ပျက်စရာကောင်းလှသည်။

 

အိပ်ရာခင်းတခြား၊ မွေ့ရာတခြား၊ ခြင်ထောင်ကလည်း ဝါနေတော့၏။ အိပ်ရာဘေး ဆေးလိပ်ခွက်ထဲ၌ကား ဆေးလိပ်တိုများ အမောက်ပြည့်လျက်ရှိသည်။ ဘေးတွင် ဆေးလိပ်ပြာများ နေရာအနှံ့ လွင့်၍နေလေသည်။

 

လုံးထွေး၍ ပစ်ထားသော စက္ကူစုတ်များကို အခန်းထောင်တွင် တွေ့ရပြန်သည်။ စားပွဲပေါ်၌ကား စာအုပ်များက ကြဲ၍နေသည်။ စောင်းကြိုးအပြတ်များ၊ ရေးလက်စ သီချင်းအတိုအစများကား နေရာအနှံ့ ရှိတော့သည်။

 

‘မ’ သည် ကိုဘခက်၏အခန်းကို ကြည့်ရင်း အလိုလိုစိတ်ရှုပ်လာတော့သည်။ ခုလို ကြည့်မကောင်း မြင်မကောင်းအောင် ဖြစ်နေပြန်တော့လည်း ‘မ’ မှာ မနေနိုင်တော့ပေ။ မျက်နှာသုတ်ပဝါတစ်ထည်ကို ခေါင်း တွင်ပေါင်းလိုက်ပြီးလျှင် တစ်ခန်းလုံး ရှင်းရပြန်တော့သည်။ အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်၍ခင်းရသည်။ ဆေးလိပ်ခွက်ထဲမှ ဆေးလိပ်တိုများကို အပြင်သို့ပစ်ရသည်။

 

ရှုပ်ပွေနေသော စားပွဲကိုလည်း ရှင်းရသည်။ သီချင်းစာများကို ဖိုင်တစ်ခုတွင် တွဲပေးရသည်။ စာအုပ်များကိုလည်း စီ၍ထပ်ရသည်။ ကိုဘခက်၏ စားပွဲပေါ်မှ စာအုပ်များကို မြင်လိုက်သောအခါ ‘မ’ ၏လက်များသည် အလိုလို တွန့်၍သွား လေသည်။

 

သူ့ကိုယ်သူပင် မယုံနိုင်အောင်ရှိတော့သည်။ ထို့ကြောင့်လည်း ‘မ’ သည် စားပွဲ ပေါ်မှ စာအုပ်များကို တစ်အုပ်စီလှန်၍ ကြည့်လိုက်မိသည်။ ကိုဘခက်စားပွဲ ပေါ်မှ ကဗျာလင်္ကာသတ်ပုံ အဘိဓာန် ကျမ်းမျိုးစုံ တွေ့ရသော်လည်း မအံ့သြမိ ချေ။ ‘မ’ အံ့သြမိရသည်မှာ အင်္ဂလိပ်စာအုပ်များပင် ဖြစ်သည်။ ကမ္ဘာ့ဂီတ အဘိဓာန်၊ အရှေ့တိုင်းဂီတ၊ မိုးဇက်၊ ဘီသိုဗင်တို့၏ ဂီတစာအုပ်များ စသည်တို့ကို တွေ့မြင်ရသောအခါ ‘မ’ သည် မအံ့သြဘဲမနေနိုင်အောင် ရှိတော့သည်။

 

ဤစာအုပ်များသည် သာမန် ခေတ်ပညာတတ်များပင် မဖတ်နိုင်ကြောင်း ‘မ’ ကိုယ်တိုင် သိပြီးဖြစ်သည်။ ခုလို ခက်ခဲနက်နဲသော စာအုပ်များကို ကိုဘခက်၏ စားပွဲပေါ်၌ တွေ့ရသောအခါ ‘မ’ သည် ကိုဘခက်ကို နားမလည်နိုင်အောင် ရှိတော့သည်။

 

‘မ’ သည် စာအုပ်များကို တစ်အုပ်စီကိုင်၍ကြည့်လိုက်ပြီး စားပွဲတွင်ထပ်လိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။