အရိုင်းစံပယ်

အောင်လင်း

 

၁၄-၁၀-၂၀၂၂ ရက်နေ့မှအဆက်

မော်သည် ‘မ’ စကားကိုနားထောင်ရင်း နှာခေါင်း ကိုရှုံ့လိုက်သည်။

 

မွန်ကမူ ‘မ’ တွေးခေါ်ယူဆပုံကို ကျေနပ်သလို ရှိလာသည်။

 

“စာရေးဆရာဆိုတဲ့ ငနဲတွေက စိတ်ကူးယဉ်ပြီး အလိုမပြည့်တဲ့လူတွေပါကွာ။ အမေရိကားပြည်ကို ရောက်ပြီး သူတို့နေချင်သလိုမနေရတာနဲ့ ထင်ရာလျှောက်ရေးတာပါ။ ဒီစာရေးဆရာဆိုတဲ့လူတွေက လူနေတော့ချုံကြား စိတ်ကတော့ ဘုံဖျားဆိုတာလိုပဲ။ သူတို့ရေးတဲ့ဝတ္ထုထဲကလို တစ်ခါတည်း တိုက်ကြီး ကားကြီးနဲ့ စိတ်ကူးယဉ်နေတာ။ ဒီစိတ်ကူးယဉ်တဲ့ အတိုင်း မဖြစ်တော့ မကျေနပ်တိုင်း လျှောက်ပြီးရေး တော့တာပဲ”

 

“ဒါပေမဲ့ စာရေးဆရာတို့၊ အနုပညာရှင်တို့ဟာ ဦးနှောက်ကို အများဆုံးအသုံးချတတ်တဲ့လူတွေပဲ။ သူတို့ဟာ အရာဝတ္ထုတစ်ခုကို မြင်တဲ့နေရာမှာ သူများနဲ့မတူဘူး။ ဥပမာ ဒူးရင်းသီးကိုမြင်တဲ့နေရာမှာ အပြင်ကဆူးကိုမမြင်ဘဲ အတွင်းကအနှစ်သာရကို မြင်သလိုပေါ့။ နှင်းဆီပန်းကို မြင်တဲ့နေရာမှာ နုနယ်လှပတဲ့အပွင့်ကိုမမြင်ဘဲ အပင်မှာရှိတဲ့ဆူးကို မြင်သလိုပေါ့။ တွေးခေါ်ပြီးမြင်တဲ့အမြင်မျိုး သူတို့ မှာရှိတယ်။ ကိုကိုကြည်မြင်ပုံက အကောင်းချည်း မြင်နေလို့ပြောတာပါ”

 

မွန်က ‘မ’ စကားကို ထောက်ခံရင်း ပြောလိုက်သည်။ ဒေါ်ခင်မျိုးသန်းကမူ ‘မ’ ကို မျက်စောင်းထိုး၍ ကြည့်သည်။

 

ဒါကတော့ ဘယ်တိုင်းပြည်မဆိုရှိတာပေါ့ ‘မ’ရာ။ အလွန်တိုးတက်ပါတယ်လို့ပြောနေတဲ့ ခု ရုရှားတိုင်း ပြည်မှာတောင် သူတို့ထင်သလောက် ခရီးမရောက် သေးဘူးမဟုတ်လား။ ကိုခင်မောင်ကြည်က သူတို့ နိုင်ငံမှာ တိုးတက်နေတဲ့ဘက်ကပြောတာ... ဒါလည်း မှန်တာပဲ။ ‘မ’ တွေးတဲ့ဘက်ကလည်း မှန်တာပဲ” မွန်က ကြားမှနေ၍ ဖျန်ဖြေလိုက်သော်လည်း ဒေါ်ခင်မျိုးသန့်ကမူ ‘မ’ ကို မျက်စောင်းခဲရင်း ဝင်၍ပြောလိုက်ပြန်သည်။

 

“သူက အဖေတူကွဲ့။ သူများက အဖြူဆိုရင် မည်းရမှ ကျေနပ်တဲ့သူ”

 

“ကဲပါလေ .. ဗစ်တာတို့ပျင်းနေရော့မယ်။ ဟေး ... မောင်မြရေ၊ လုပ်ပါကွာ ... ရေယူခဲ့၊ ဆော်ဒါ ဖောက်ခဲ့”

ကိုခင်မောင်ကြည်သည် အိမ်သည်ပီပီ ငြီးငွေ့စေသည့်ပြဿနာကိုဖျောက်၍ ဝိုင်းကိုစိုပြည်အောင် အစီအစဉ်ပြောင်းလိုက်သည်။

 

သည်တော့မှလည်း ဗစ်တာသည် စကားဝိုင်းသို့ ဝင်လာလေသည်။

 

“ကဲ ... အမေရိကားပြန်ကြီးအတွက် ....”

 

ဗစ်တာက အရက်ခွက်ကိုမြှောက်၍ ခွက်လှည့် အသံတိုင်လိုက်သည်။ ကိုခင်မောင်ကြည်သည် ‘မ’ ရှေ့မှ အသင့်ငှဲ့ထားသော ဝိုင်ခွက်ကိုကြည့်ရင်း မေးလိုက်သည်။

 

“မိရွှေ ‘မ’ ရော ဘာလို့မသောက်တာလဲ။ အမယ် ... ဒါ ပြင်သစ်ဝိုင်အကောင်းစားပါဆရာ။ အန်တီ ဘယ့်နှယ်နေလဲ”

 

“ရှယ်ရီထက်တော့ သာတာပေါ့။ ဒါပေမဲ့ ရှမ်ပိန် လောက်တော့ အရသာမတွေ့ဘူး”

 

“ကဲ ... လုပ်ပါ မိရွှေ ‘မ’ ရာ၊ မမူးပါဘူး... ဆေးအမှတ် ပေါ့”

 

‘မ’ သည် ခေါင်းကိုအသာခါလိုက်ရင်း နေရာမှထလိုက်သည်။

 

“‘မ’ မသောက်သေးဘဲနဲ့ကို မူးနေလို့ပါ ကိုကိုကြည်။ လိမ္မော်ရည်ပဲသောက်မယ်”

 

သည်တော့မှ ကိုခင်မောင်ကြည်သည် ‘မ’ ကို အလျှော့ပေးလိုက်ရသည်။  မောင်မြကိုခေါ်၍ ‘မ’ အတွက် ရေခဲစိမ်လိမ္မော်ရည် ကို ငှဲ့ပေးလိုက်သည်။

 

‘မ’ သည် လိမ္မော်ရည်ခွက်ကိုကိုင်ရင်း အိမ်ရှေ့ ပြတင်းသို့ သွား၍ရပ်လိုက်သည်။ ပန်းခြံအတွင်းမှ လေညင်းကလေးသည် ပြတင်း ပေါက်တွင်းသို့ တဖြည်းဖြည်း တိုက်ခတ်၍ ဝင်လာသည်။ ‘မ’ သည် ပန်းရနံ့ကလေးကို ရှူရှိုက်လိုက်ရင်း ကြည်လင်ပေါ့ပါးလာသလို ရှိသည်။ ထိုအတွင်းမှာပင် အိမ်ရှေ့ဆင်ဝင်အောက်သို့ ကားတစ်စီး ထိုးဆိုက်လာသည်။  ‘မ’ သည် ကားဆီသို့ လှည့်၍ကြည့်လိုက်မိသည်။  ကားပေါ်မှ ဘလှသန်းထွန်းသည် အပြေးအလွှား ဆင်း၍လာသည်။

 

“ဟေး ... မော်၊ ယူ ဘယ်လိုလုပ်တာလဲ။ ကိုယ်တို့ ရှာလိုက်ရတာ။ ဟိုမှာ အားလုံးစုံနေပြီ”

 

ဘလှသန်းထွန်းသည် ဧည့်ခန်းအတွင်းသို့ဝင် လာရင်း မော့်ကို ရန်တွေ့လိုက်သည်။ပြီးမှ အားလုံးကို နှုတ်ဆက်လိုက်သည်။ မော်သည် ဘလှသန်းထွန်းအား နှုတ်ခမ်းကလေး စူကာ ပြန်၍ရန်တွေ့လိုက်သည်။

 

“အမယ် ... မော်က ရှစ်နာရီလာမယ်လို့ ပြောထားသားပဲ။ ယူတို့ဟာယူတို့ လိုက်ရှာနေတာတော့ မတတ်နိုင်ဘူး”

 

ဒါပေမဲ့ အိမ်မှာမရှိတော့ စိတ်ပူတာပေါ့ကွာ။ ဒီနေ့ အပြိုင်ကရမှာ။ ဂရေစီက သိပ်ကြွားတာပဲကွ။ ကနေ့ သူ စန္ဒရားမတီးဘူးတဲ့၊ ဟယ်ရီတို့နဲ့ ကမယ်တဲ့။ ပြီးတော့ ဝိုင်းကလည်းကောင်းတယ်။ တော်မီတို့ ဝိုင်းလေ။ ကဲ... အချိန်မရှိဘူး”

 

မော်သည် စားပွဲအလယ်မှ ကြက်ပေါင်ကိုချိုးပြီး ဝါးလိုက်သည်။  ပြီးမှ ဒေါ်ခင်မျိုးသန့်ကို ခွင့်တောင်းလိုက်သည်။

 

“မာမီ ... မော် လိုက်သွားမယ်နော်။ မော် အစောကြီးပြန်လာခဲ့မယ်။ ဒီညကို နိုင်အောင်ကရမယ်နော် ... မာမီ”

 

မော်သည် ဒေါ်ခင်မျိုးသန့်၏ လည်တိုင်ကို လက်တစ်ဖက်ဖြင့် သပ်လိုက်ရင်း ပါးချင်းကပ်၍ ခွင့်တောင်းလိုက်သည်။ ခွင့်တောင်းသည်ဆိုသော်လည်း ဒေါ်ခင်မျိုးသန့် ခွင့်မပေးခင်ပင် ကိုခင်မောင်ကြည်နှင့် ဗစ်တာကို နှုတ်ဆက်လိုက်သည်။

 

“ကဲ ... ကိုကိုကြည်၊ မော် တစ်ချီတစ်ပွဲလောက် သွားပြီးနွှဲလိုက်ဦးမယ်။ နောက်မှလာခဲ့မယ်နော်၊ ဗစ်တာ သွားမယ်နော် .... တာ့တာ”

 

မော်သည် ပြောပြောဆိုဆို ကားဆီသို့ ဆင်းပြေးတော့သည်။ ဘလှသန်းထွန်းသည် ဒေါ်ခင်မျိုးသန့် ကို နှုတ်ဆက်ရင်း ဝတ္တရားကျေခွင့်တောင်းလိုက်သည်။

 

“ကဲ ... အားလုံးပဲ ကျွန်တော့်ကို ခွင့်ပြုပါဦးခင်ဗျာ။ အန်တီ ...ကျွန်တော်တို့ စောစောပြန်မှာပါ။ ကနေ့က ဂရေစီ့မွေးနေ့မို့ပါ။ သူတို့ သူငယ်ချင်းချင်းဆိုတော့ မသွားလည်းမကောင်းဘူး။ ပြီးတော့ မော်က အဆို အက သိပ်ကောင်းတယ်။ သူမပါရင် ဝိုင်းမစည်ဘူး”

 

“အေး...အေး... စောစောတော့ ပြန်ကြဟေ့။ ညဉ့်နက်ရင် မကောင်းဘူး။ သူ့ဒက်ဒီက ကပွဲတွေ သွားတာ ကြိုက်တာမဟုတ်ဘူး”

 

ဒေါ်ခင်မျိုးသန့်က ခွင့်ပေးလိုက်သည်နှင့်တစ် ပြိုင်နက် ဘလှသန်းထွန်းသည် မျောက်ကဲ့သို့ ခုန်လွှား၍ ထွက်သွားတော့သည်။ ကိုခင်မောင်ကြည်ကမူ ဘလှသန်းထွန်းကို မသိမသာကြည့်နေရင်း သင်္ကာမကင်း မေးလိုက်သည်။

 

“နေစမ်းပါဦး ... ဒီကောင်လေးက ဘယ်သူလဲ။ ကျွန်တော် သိပါတယ်”

 

“ဒေါက်တာ စောသန်းထွန်းရဲ့ သားအကြီးလေ”

 

မွန်က ထောက်လိုက်မှ ကိုခင်မောင်ကြည်သည် သတိရဟန်ဖြင့် ခေါင်းကို ညိတ်လိုက်မိသည်။

 

“ဪ .. သိပြီ .. သိပြီ၊ ဂျော်နီကိုး။ ဟိုတုန်းက ချာတိတ်ကလေးပဲ။ အမယ် ... ဒီကောင်တွေတောင် မစ္စတာရော့အင်ရိုးတွေ ဖြစ်နေတာကိုး”

 

ကိုခင်မောင်ကြည်က ဘလှသန်းထွန်းအကြောင်း ကို ပြောနေကြသော်လည်း ‘မ’ ကမူ သူတို့ပြောသော စကားကို ဂရုမထားနိုင်ပေ။ ကားမထွက်ခင်ပြောသွား သော ဘလှသန်းထွန်း၏စကားကို ခပ်သဲ့သဲ့ကြား လိုက်ရင်း ရင်ခုန်မိသည်။

 

“ကိုယ် အဘွားကြီးကို ဖြီးခဲ့ပါပြီကွာ၊ ကပွဲပြီးရင် အင်းလျားကိုသွားမယ်နော်”

 

ဘလှသန်းထွန်း၏စကားသည် ကားစက်သံထဲတွင် ပျောက်၍သွားလေသည်။

 

‘မ’ သည် မော့်အတွက် ရင်လေးမိသည်။

 

ဤအချိုးအတိုင်းသာသွားလျှင် မော်၏ရှေ့ရေးကား မည်မျှရင်လေးစရာကောင်းသည်ကို ‘မ’ က တွေးရင်း စိတ်ပူမိလေသည်။

 

ကိုခင်မောင်ကြည်၏အကြည့်သည် ‘မ’ ကို ရင်ခုန်စေသည်။ ကြောက်စရာလည်း ကောင်းလှသည်။ အမှန်တော့ ကျယ်ဝန်းလှသောဧည့်ခန်းထဲတွင် ကိုခင်မောင်ကြည်နှင့် ‘မ’ နှစ်ယောက်တည်းသာ ရှိကြသည်။

 

သို့နှစ်ယောက်တည်း ရှိအောင်လည်း တမင်တကာဖန်တီးထားသလို ရှိတော့သည်။ အဦးဆုံး ဒေါ်ခင်မျိုးသန့်က ထုံးစံအတိုင်းပင် ပိုကာဝိုင်းသို့သွားသည်။ မော်က အိမ်ကကားကိုအပိုင်စီးရန် ဒေါ်ခင်မျိုးသန့်နှင့် ကပ်၍လိုက်သွားသည်။ သည်နောက်တော့ ဦးကျော်ဒင်သည်အပေါ် ထပ်သို့တက်သွားသည်။  ‘မ’ တို့လို ခေတ်မီသော အိမ်ထောင်တစ်ခုအနေနှင့် သမီးပျိုတစ်ယောက်ကို ယောက်ျားပျိုတစ်ယောက်နှင့် ထားခဲ့ခြင်းမှာ အဆန်းမဟုတ်ချေ။

 

‘မ’ အဖို့လည်း ခေတ်ပညာတတ်တစ်ယောက်ဖြစ်၍ ယောက်ျားမိတ်ဆွေတစ်ယောက်နှင့် အတူနေ ခြင်းသည် ဘာမျှဆန်းသော အလုပ်မဟုတ်ချေ။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်ပြီးဖြစ်သည်။ ထို့ကြောင့်လည်း စကားဝိုင်းအတွင်းမှ စကားတပြောပြောနှင့် နှစ်ယောက်တည်း ကျန်ရစ်ခြင်း ဖြစ်သည်။

အစ၌ ဘာမျှထူးခြားတုန်လှုပ်ခြင်း မရှိသော်လည်း ကိုခင်မောင်ကြည်က စောစောက ပြောလက်စ စကားကိုဖြတ်၍ စီးကရက်ကို တွင်တွင်ဖွာနေသော အခါ ‘မ’ မှာ အလိုလို အနေခက်လှသည်။ ပြီးတော့ လည်း ကိုခင်မောင်ကြည်အကြည့်မှာ ‘မ’ ၏ကျောထဲ တွင် စိမ့်သွားအောင် ကြောက်မိသည်။ ကိုခင်မောင်ကြည်သည် ‘မ’ ကို မျက်တောင်မခတ် စိုက်၍ကြည့်နေပြန်သည်။ ‘မ’ သည် မျက်လွှာကို အသာချလိုက်သည်။ စကားတစ်ခုကို စ၍ အာရုံပြောင်းရန် ကြိုးစား သော်လည်း စကားစက ရှာ၍မရချေ။

 

“ရွှေ ‘မ’ တို့ ညီအစ်မသုံးယောက်ထဲမှာ ‘မ’က တစ်ဘာသာပဲ။ သိပ်ရိုးပြီးအေးတာပဲ”

 

ကိုခင်မောင်ကြည်က စကားစလိုက်ပြန်တော့လည်း ထိုစကားမှာ ရှေ့ဆက်လျှင် ပို၍ဆိုးမည် ဖြစ်ကြောင်းကို ‘မ’ က ရိပ်မိလိုက်သည်။ ထို့ကြောင့် လည်း အသာငြိမ်နေလိုက်သည်။

 

“အေးလေ ... ကိုကိုကြည်တွေးတာ မှားချင်မှားမှာ ပေါ့ ။ ရွှေ‘မ’က ကိုကိုကြည်တို့ကို ခပ်စိမ်းစိမ်းဆက်ဆံ သလားမှမသိဘဲ။ ကိုယ်ကတော့ ငယ်သူငယ်ချင်းတွေမို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပဲ ဆက်ဆံ တတ်တယ်”

 

ဆက်လက်ဖော်ပြပါမည်။