အရိုင်းစံပယ်

အောင်လင်း

၁၇-၁၀-၂၀၂၂ ရက်နေ့မှအဆက်

‘မ’ သည် ဘာမျှပြန်မပြောဘဲ ငြိမ်၍သာနေသည်။ သည်စကားထဲတွင် တစ်ခွန်းဝင်လိုက်လျှင် တစ်ခွန်းကျွံတော့မည်ကိုလည်း ‘မ’ က ရိပ်မိသည်။

ကိုခင်မောင်ကြည်ကမူ သူလိုချင်သောစကားကို မရသေးသဖြင့် ကျေနပ်ပုံမရချေ။

“အမေရိကားသူတွေဟာ ဆက်ဆံရာမှာ မြန်မာမိန်းကလေးတွေထက် ပွင့်လင်းတယ်၊ ရိုးသားတယ်”

“ပွင့်လင်းတယ်ဆိုတာတော့ ‘မ’ မယုံဘူး။ အကျင့်သိက္ခာပျက်ပြားတဲ့နေရာမှာ အမေရိကားပြည်ဟာ ထိပ်ဆုံးကနေမှာပဲ”

ကိုခင်မောင်ကြည်သည် ‘မ’ ၏စကားကို နားထောင်ရင်း မရယ်ချင့်ရယ်ချင် ရယ်လိုက်ပြန်သည်။ ‘မ’ ကမူ စိတ်ထဲတွင် ထင်သည့်အတိုင်း ပြောချလိုက်သည်။ ကိုခင်မောင်ကြည်သည် လူကြီးရှက်၍ ရယ်ရသော ရယ်ခြင်းမျိုးဖြင့်သာ ရယ်လိုက်ရသော်လည်း ‘မ’ ၏စကားကို ကျေနပ်ဟန်မရှိချေ။

“ ‘မ’ က အမေရိကန်ကို ဘာလို့မုန်းတာလဲ။ ‘မ’ တစ်ခေါက်လောက် သွားစေချင်တယ်။ ‘မ’ ထင်တာတွေ တစ်ခုမှမဟုတ်ဘူးဆိုတာ တွေ့ရမယ်”

‘မ’ ဘယ်မှမသွားချင်ပါဘူး။ နိုင်ငံခြားသွားပြီး ကိုယ့်တိုင်းပြည်ကို အထင်သေးတဲ့လူတွေလိုတော့ မဖြစ်ချင်ဘူး။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကိုပဲ ချစ်ချင်တယ်”

“ကိုယ်ကလည်းကွာ...ကိုယ့်တိုင်းပြည်ကို အထင်သေးလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်တို့ဟာ နွားခြေရာခွက်ထဲမှာနေပြီး သမုဒ္ဒရာလို့ ထင်မနေသင့်ဘူး။ သူများတိုင်းပြည်တွေ ဘယ်လောက်တိုး တက်နေတယ်ဆိုတာ သတိထားရမယ်။ ဒါမှ ကိုယ့်တိုင်းပြည်ကို ဘယ်လိုတိုးတက်အောင် လုပ်မယ်ဆိုတာ ကြံစည်စိတ်ကူးနိုင်တယ်”

‘မ’ သည် ကိုခင်မောင်ကြည်ကို ထပ်၍ အကြောက်အကန်မပြောတော့ချေ။

“အမှန်တော့ ခုလိုပြဿနာတစ်ခုအဖြစ် အငြင်းပွားစရာပေါ်လာခြင်းကပင် ‘မ’ အတွက် သက်သာရာရသေးသည်ဟု ထင်မိသည်။ ကိုခင်မောင်ကြည်ကမူ ကျေနပ်ဟန်မရှိသေးချေ။ ‘မ’ ကိုသာ တစ်စုံတစ်ခုပြောလိုဟန်ဖြင့် ကြည့်နေပြန်သည်။

‘မ’ နဲ့ ကိုယ်နဲ့ ဒီပြဿနာကို နောက်မပြောတော့ပါဘူးကွာ။ ကိုယ်ကလည်း ကိုယ်တွေ့ခဲ့တဲ့အတိုင်း စေတနာနဲ့ပြောတာ။ ‘မ’ ကလည်း ဒါကိုမကြိုက်။ ဒီတော့ကိုယ်တို့ တခြားအကြောင်းပြောရအောင်။ ‘မ’ဘီအေအောင်ရင် ဘာလုပ်မယ်စိတ်ကူးသလဲ”

“‘မ’ကျောင်းဆရာမလုပ်မယ် စိတ်ကူးတယ်”

“ကိုယ် တစ်ခုအကြံပေးချင်တယ်။ တစ်ခုခုကို စပယ်ရှယ်လိုက်စ်လုပ်ပါလား။ ဒါမှမဟုတ်ရင် အမ်အေတက်ပြီး ကောလိပ်မှာ ကျူတာလုပ်ပေါ့။ အပြင် ကျောင်းဆရာမလုပ်တာကတော့ မစားသာပါဘူးကွာ”

“‘မ’ကတော့ သိပ်ကြီးကြီးကျယ်ကျယ်တွေ မမှန်းပါဘူး။ စိတ်အေးအေးနဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်ကို လုပ်နေရရင်တော်ပြီ”

ကိုခင်မောင်ကြည်သည် ‘မ’ ကို အကဲခတ်သလို တစ်ချက်မျှစိုက်ကြည့်လိုက်ရင်း စိတ်ပျက်ဟန်ဖြင့် သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ အတန်ကြာမှ လေသံခပ်ပျော့ပျော့ဖြင့် ချော့လိုက်ပြန်သည်။

“ကိုယ် ဒါကြောင့်ပြောတာ။ ရွှေ‘မ’ဟာ ဘယ်သူနဲ့မှ မတူဘူး။ စိတ်အားငယ်လွန်းတယ်။ ကိုယ့် ကိုယ့်ရွှေ ‘မ’ကို ကြီးကြီးကျယ်ကျယ် ထွန်းထွန်းပေါက်ပေါက် ဖြစ်စေချင်တယ်သိလား။ ဒါဟာ ကိုယ့်စေတနာ အရင်းပဲ။ ရွှေ‘မ’စိတ်မဆိုးရင် ကိုယ်တစ်ခုပြောချင်တယ်”

ကိုခင်မောင်ကြည်က ပြောရင်းစကားကို ဖြတ်ထားလိုက်သည်။ ‘မ’ သည် အသက်ရှူကျပ်လာသည်။

နောက်ဆုံးတော့ သည်ဘူတာပင် ဆိုက်ရမည် ကိုလည်း ‘မ’ က သိထားသည်။

ထို့ကြောင့် စကားလွှဲလိုက်သည်။ ခုတော့လည်း သည်စကားပဲ ပြန်ဆိုက်လာသည်။

“‘မ’ ကို ကိုယ်က မွန့်လို အင်ဘီရှပ်စ် ဖြစ်စေချင်တယ်။ ဆိုလိုတာက မာနထားစေချင်တယ်။ လောကမှာ ထိပ်ကနေစေချင်တယ်။ မထင်မရှား မနေစေချင်ဘူး။ ဒါဟာ ဘာဖြစ်လို့လဲသိလား။ ကိုယ် ရွှေ‘မ’ကို ကိုယ့်ရဲ့ခရီးဖော်အဖြစ် ရွေးချင်လို့ပဲ။ ဒီလိုပြောလို့ ရွှေ‘မ’ကိုယ့်ကို စိတ်ဆိုးချင်ဆိုးလိမ့်မယ်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ ကိုယ့်အနေနဲ့ ဒီကိစ္စဟာ ဆုံးဖြတ်ပြီး သားဖြစ်နေတော့ တစ်နေ့မပြော တစ်နေ့ပြောရမှာပဲ။ ရွှေ‘မ’ကမငြင်းဘူးဆိုရင် လူကြီးချင်းစေ့စပ်ဖို့ပဲ”

‘မ’ သည် ခေါင်းကိုငုံ့၍သာ နားထောင်နေလိုက်သည်။ အစကတည်းကပင် သည်စကားပြောရန် ခင်းနေသည်ကိုလည်း ရိပ်မိထားပြီးဖြစ်လေသည်။

ကိုယ်က တွေးထင်ထားသည့်အတိုင်း ပြောလိုက်ခြင်းဖြစ်၍လည်း ‘မ’ အဖို့ ဘာမျှမဆန်းလှပေ။ သို့သော် သည်လိုစကားမျိုးကို မချုပ်တည်းနိုင်သူတို့က ဖွင့်ပြောလျှင် ‘မ’ အတွက် ခေါင်းငုံ့နားထောင် နေရုံသာရှိသည်။

ပြောလည်း မပြောချင်။ သို့သော် ခက်သည်မှာ မပြောလျှင်လည်း ကိုခင်မောင်ကြည်သည် ‘မ’ ထံမှ အဖြေကို တောင်းတော့မည်မှာ သေချာလှသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ‘မ’ ဘာမှမစဉ်းစားချင်ဘူး။ ပြောလည်း မပြောချင်ဘူး”

“ဘာလဲ၊ ‘မ’ မှာ ရှိနေပြီလား ... ဒီလိုဆိုလည်း ကိုယ့်ကို ရှင်းရှင်းပြောနိုင်ပါတယ်ကွာ”

“‘မ’ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာကိုမှ မစဉ်စားသေးပါဘူးဆိုရင် ကိုကိုကြည် သိလောက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘယ်သူကပဲ လာပြီးပြောပြော ခုထိတော့ ‘မ’ ဒီအဖြေပဲပေးမှာပဲ”

ကိုခင်မောင်ကြည်သည် စီးကရက်တစ်လိပ်ကိုယူ၍ မီးညှိလိုက်ပြီးလျှင် အကြံထုတ်နေဟန်ရှိသည်။

“ကိုယ် တစ်ခုတော့မေးချင်တယ်။ တကယ်လို့ ဘဝအဖော်တစ်ယောက်အနေနဲ့ ရွေးချယ်ရမယ့် အချိန်ရောက်ပြီဆိုရင် ကိုယ့်ကို ‘မ’ ဘယ်လိုသဘောထားမလဲ”

“အတူတူပါပဲ ကိုကိုကြည်။ ‘မ’ဘယ်သူ့ကိုမှလည်း ရွေးယူဖို့ စိတ်မကူးသေးဘူး။ စဉ်းလည်း မစဉ်းစားသေးဘူး။ ပြီးတော့လည်း အရိုးခံအတိုင်းပြောရရင် ‘မ’ နဲ့ ကိုကိုကြည်ဟာ မိဘမျိုးရိုး၊ ဂုဏ်သရေ၊ အဆင့်အတန်းတူတယ်လို့ထင်ရပေမယ့် လူချင်းကကွာခြားပါတယ်။ စိတ်နေစိတ်ထား၊ ရည်မှန်းချက်လည်း ကွာလွန်းပါတယ်။ ‘မ’ ရဲ့ ရည်မှန်းချက်က ကိုကိုကြည်တို့နဲ့စာရင် နိမ့်လွန်းပါတယ်။ ကိုကိုကြည်၊ ဗစ်တာနဲ့ မွန်တို့ဟာ ဘုံဖျားကိုမှ ရပ်လိုတဲ့သူတွေပါ။ ‘မ’ နဲ့ အဟပ်ချင်းကွာလှပါတယ်။ ဒီတော့တကယ်လို့ ဒီကိစ္စကို စဉ်းစားသည့်တိုင်အောင် ကိုကိုကြည်နဲ့ ‘မ’ နဲ့ဟာ ဆုံစည်းနိုင်ဖို့လမ်းမရှိဘူး”

ကိုခင်မောင်ကြည်သည် သူ့ကုလားထိုင်ကိုရွှေ့၍ ‘မ’ အနီးသို့ ကပ်လိုက်သည်။

‘မ’က သွယ်ဝိုက်သောနည်းဖြင့် မဖြစ်နိုင်ကြောင်းကို ဖွင့်ဟပြောလိုက်သော်လည်း ကိုခင်မောင်ကြည်ကမူ မည်သို့အဓိပ္ပာယ်ကောက်သည်မသိ အားတက်၍ပင် လာဟန်ရှိသည်။

“ဒါတွေနဲ့ မဆိုင်ပါဘူး ‘မ’ ရာ၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ်ဆိုရင် သဘောချင်း ရည်ရွယ် ချက်ချင်းတိုက်ဆိုင်အောင် ညှိယူလို့ရပါတယ်။ ကိုယ်တော့ ဒါတွေမမြင်ဘူးလေ။ မမြင်မိတာလည်း ဘာကြောင့်လဲသိလား။ ကိုယ် ‘မ’ ကိုချစ်လို့ပဲ။ ဒါဟာ ဖုံးကွယ်စရာမလိုဘူး။ ကိုယ်ချစ်တာဟာ ‘မ’ ကို ငယ်ငယ်ကလေးတည်းက ချစ်တာပဲ။ ကိုယ်ရေးလိုက်တဲ့စာတွေထဲမှာ ဒီအဓိပ္ပာယ်တွေ အများကြီးလည်းပါပါတယ်။ ဒါကြောင့်လည်း မိရွှေ‘မ’က ကိုယ့်ဆီကို စာမပြန်တာပေါ့။ အေးလေ ... ဟိုတုန်းကတော့ လူချင်းကဝေးနေလို့ အကြောင်းမပြန်ဘဲ နေချင် လည်းရတယ်။ ခုတော့ ဒီလိုမရတော့ဘူး။ ကိုယ့်ကို အဖြူအမည်းသဲကွဲအောင် ရှင်းရှင်းပဲပြောပါ”

‘မ’ သည် ခေါင်းငုံ့ထားရင်း တွင်တွင်သာ ယမ်းနေမိသည်။ ခုတော့ တဖြည်းဖြည်း ကြောက်၍ ကြောက်၍လာသည်။
ကိုခင်မောင်ကြည်က ‘မ’ ၏လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်သည့်အခါတွင် ‘မ’ သည် အလန့် တကြား မော့၍ပင်ကြည့်လိုက်သည်။ ကိုခင်မောင်ကြည်၏ မျက်လုံးမှအရောင်သည် ‘မ’ မျက်လုံး တွင်းသို့ စူး၍ဝင်လာသည်။ ‘မ’ သည် လျှပ်စစ်မိသူကဲ့သို့ မလှုပ်နိုင်အောင် ရှိတော့သည်။

“ပြောပါကွယ် ရွှေ‘မ’ကိုယ့်ကို မချစ်ဘူးလား။ ကိုယ် ရွှေ‘မ’ကို သိပ်ချစ်တယ်ကွာ။ ချစ်တာမှ ငယ်ငယ် ကလေးကတည်းကချစ်တာ သိလား။ ရွှေ‘မ’ ကိုယ့်ကိုချစ်တယ်မို့လား”

ကိုခင်မောင်ကြည်သည် တုန်ယင်မောဟိုက်သော အသံကြီးဖြင့် ပြောရင်း ‘မ’ ၏ပခုံးကလေးကို ပွေ့ယူလိုက်သည်။ ‘မ’ က အထိတ်တလန့် ယောင်အော်လိုက်သည်။

“အို ... ကိုကိုကြည်... လွှတ် ... လွှတ် ... ‘မ’ ကြောက်တယ်” 

“မလွှတ်ဘူး ... မလွှတ်ဘူး။ ကိုယ့်ကိုချစ်တယ်ပြောမှလွှတ်မယ်”

ကိုခင်မောင်ကြည်မျက်နှာနှင့် ‘မ’ မျက်နှာမှာ တဖြည်းဖြည်းနီး၍လာသည်။‘မ’က မည်သို့တောင်း ပန်သော်လည်း ကိုခင်မောင်ကြည်က လုံးဝကြားဟန်မတူတော့ပေ။

သရဲသဘက်စီးနေသူကဲ့သို့ ‘မ’ အနားသို့ကပ်၍ တတွတ်တွတ်ပြောနေသော်လည်း ဘာကိုပြောမှန်း သဲကွဲအောင် မကြားရချေ။ ပူနွေးသော လေကလေးကသာ ‘မ’၏ပါးပေါ်သို့ တိုးဝှေ့၍နေတော့သည်။ ‘မ’ သည် အလိုလို မော၍လာသည်။ အားအင်များ မရှိသလောက် ကုန်ခန်းနေတော့သည်။

ထိုအတွင်း ကိုခင်မောင်ကြည်သည် ‘မ’ ကို အတင်းအကျပ်ပွေ့ဖက်ထားရာမှ သူ့လက်များကို လျှော့ချလိုက်သည်။ ပြီးမှ ‘မ’ ကို နေရာသို့ ပြန်ချလိုက်သည်။

‘မ’ သည် ရုတ်တရက် ရေတိမ်နစ်ရမည့်ဘဝမှ လွတ်မြောက်ရသဖြင့် ဝမ်းသာမိသည်။ ကိုခင်မောင်ကြည်၏အပြုအမူကို နားမလည်နိုင်အောင် အံ့သ နေမိသည်။

ကိုခင်မောင်ကြည်ကို ကြည့်လိုက်ပြန်တော့လည်း ကိုခင်မောင်ကြည်သည်  အပေါက်ဝဆီသို့သာ မျက်တောင်မခတ် စိုက်၍ကြည့်နေတော့သည်။ ‘မ’ သည် ကိုခင်မောင်ကြည် ကြည့်ရာဆီသို့ လိုက်၍ ကြည့်လိုက်သည်။

အပေါက်ဝတွင် ကိုဘခက်သည် ခေါင်းကိုငိုက်၍ ရပ်နေသည်။ ကိုဘခက်ကို တွေ့လိုက်ရသဖြင့် ‘မ’ က ဝမ်းသာအားတက်နေသော်လည်း ကိုဘခက်ကမူ ဘာမှထူးခြားတုန်လှုပ်ခြင်းမရှိ။ ခါတိုင်းကဲ့သို့ အေးအေးဆေးဆေး။ ‘မ’ ကို တစ်ချက်မျှကြည့် လိုက်ပြီးလျှင် သူ့အခန်းဆီသို့ တစ်လှမ်းချင်း ဝင်၍သွားလေသည်။

‘မ’ သည် ကိုဘခက်၏အပြုအမူကို နားမလည်နိုင် အောင်ရှိတော့သည်။ ကိုဘခက်ကို အလိုလို စိတ်ဆိုးလာမိသည်။

ကိုခင်မောင်ကြည်သည် ‘မ’ ကို ဝမ်းနည်းဟန်ဖြင့် ကြည့်လိုက်ရင်း လေအေးအေးဖြင့် တောင်းပန် လိုက်သည်။

“ကိုယ့်အပြုအမူဟာ ရိုင်းစိုင်းတယ်ဆိုရင် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။ အမှန်တော့ ကိုယ့်မှာ စော်ကားလိုတဲ့စိတ် နည်းနည်းမှမပါပါဘူး။

ဆက်လက်ဖော်ပြပါမည်။