အရိုင်းစံပယ်

 

‘မ’ သည် ကိုဘခက်၏ရင်ခွင်၌သာ ခေါင်းမြှုပ်ထားရာမှ တဖြည်းဖြည်း မော့၍ကြည့်လိုက်သည်။ သို့ မော့လိုက်သည့်အခါတွင်  ‘မ’ ၏ လည်တိုင်ကြော့ကြော့မှ သွေးကြောစိမ်းစိမ်းကလေးများသည်  ဖြာဆင်း၍လာသည်။ ကိုဘခက်သည် ‘မ’ ကိုမကြည့်ဘဲ ရှေ့ကိုသာမျှော်ကြည့်ရင်း  ငေးနေတော့သည်။

 

အမှန်တော့ အသိဖြင့်ချစ်ရသောအချစ်သည် ကင်းလွတ်မှုမရှိ။ ပေါ့ပါးမှုမရှိ။ အသိက ချစ်စိတ်ကို ချုပ်နှောင်၍ ထားတတ်သည်။ အချစ်အတွက် ရင်ဆိုင်ရမည့်အခက်အခဲများကို တင်ကြို စဉ်းစားထားရသည်ကို ကိုဘခက်ရော ‘မ’ ပါ နားလည်သဘောပေါက်မိသည်။ ထို့ကြောင့်လည်း ကိုဘခက်သည် ရှေ့ရေးကိုတွေးရင်း ရင်လေးလာသည်။

 

‘မ’ သည် ကိုဘခက်ကို မျက်တောင်မခတ် ကြည့်နေရင်းမှ  တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းကလေးကို အောက်သွားကလေးဖြင့် ကိုက်ထားလိုက်သည်။ ကိုဘခက်က ‘မ’ ၏နားထင်စမှ ဆံနုကလေးများကို အသာသပ်၍ပေးလိုက်သည်။သည်တော့မှလည်း မျက်လုံးချင်း ဆိုင်၍သွားလေသည်။

 

‘မ’ အဖြစ်ကို ဆရာသိပါတယ် ဆရာ။ ဆရာ့ကို ‘မ’ အားလုံးပြောထားပြီးပါပြီ။ ညီအစ်မ သုံးယောက်ရှိတဲ့ အထဲမှာ ‘မ’ ဟာ  မလွတ်လပ်ဆုံး မိန်းကလေးတစ်ယောက်ပါ ဆရာ။ မေမေက ‘မ’ ကို ခဏ ခဏသတိပေးတယ်။ သမီးသုံးယောက် ထဲမှာ ‘မ’ ဟာ စိတ်အားအငယ်ဆုံးတဲ့။ ဆုံးဖြတ်တဲ့နေရာမှာ မပိုင်ဘူးတဲ့။ မပြတ်သားဘူးတဲ့။ ‘မ’ ရဲ့ရှေ့ရေးအတွက်ကို သူစီစဉ်ပေးမယ်တဲ့။  ‘မ’ ဟာ ‘မ’  မဆုံး ဖြတ်ရဘူးတဲ့။ ဖေဖေကဆိုရင် ‘မ’ ကို အိမ်ထောင်မပြုစေချင်ဘူး။ သူ့နဲ့အတူ နေစေချင်တယ်။ ဒီတော့ ‘မ’ ရဲ့အသည်းနှလုံးဆိုတာ ဘယ်မှာသွားထားရမှာလဲဆရာ။ ဘယ်သူ့ဆီကိုအပ်ရမှာလဲ” ‘မ’ သည် သူ့ဘဝမှန်ကို ဝမ်းနည်းပက်လက်ဖြင့် ဖွင့်အန်လိုက်သည်။

 

ကိုဘခက်သည် ‘မ’ ကို ပို၍သနားမိသည်။ ကိုယ့်ဘဝကိုမှ ကိုယ်မပိုင်သူ့ထံတွင် အချစ်ကို တောင်းခံနေမိခြင်းသည် နှစ်ဦးစလုံးအတွက် စိတ်ဆင်းရဲစေမည်ကိုလည်း သဘောပေါက်မိသည်။

 

“ကျွန်တော်နားလည်ပါတယ်။ ‘မ’ ဟာ ‘မ’ ရဲ့ပတ်ဝန်းကျင်မှာ  ဘယ်လောက် တောင်ငြီးငွေ့နေပေမယ့် ဒီအနှောင်အဖွဲ့ က ရုန်းမထွက်နိုင်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ အမှန်တော့ ကျွန်တော် ဟာ ‘မ’ ကို အနှောင့်အယှက်ပေးသလို ဖြစ်နေပြီ။ ကျွန်တော် တစ်ခုပဲစဉ်းစားမိတယ်။ အကောင်းဆုံးကတော့ ကျွန်တော် ဒီအိမ်မှာမရှိရင် ‘မ’ အတွက် စိတ်ချမ်းသာပါလိမ့်မယ်။ လူနှစ်ယောက်ရှိတဲ့အနက်  နှစ်ယောက်စလုံး စိတ်ချမ်းသာမယ့်အဖြစ်ကို မရရင် နှစ်ယောက်စလုံး စိတ်ဆင်းရဲတော့ မခံစေချင်ဘူး။  တစ်ယောက် ယောက်ကတော့ အနစ်နာခံရမှာပဲ။ ဒီတော့ ကျွန်တော် ဒီအိမ်မှာမနေတာ အကောင်းဆုံးပါပဲ။ လောကမှာ စိတ်ဆင်းရဲရမှာကို အကြောက်ဆုံးဆိုတဲ့ ‘မ’ တစ်ယောက် စိတ်ချမ်းသာမယ်ဆိုရင် ကျွန်တော်လုပ်ရဲပါတယ်”

 

ကိုဘခက်သည်  တုန်ယင်လှိုက်လှဲ သောအသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။ ကိုဘခက်၏ စကားများသည် ‘မ’ ၏ ရင်ထဲတွင် သိမ့်သိမ့်ခါသွားစေသည်။ ပြောချင်လွန်းလှသော စကားသည် လည်း ရင်ထဲတွင် လှိုင်းခုန်သလို  ခုန်နေတော့သည်။ ချုပ်တည်းမျိုသိပ်ထားရသော စကားများကို အတားအဆီးမရှိ ပြောချလိုက်ချင်သည်။ နှုတ်ခမ်းပါးကလေးနှစ်လွှာမှာ တရွရွတုန်၍နေ၏။ စကားများက တစ်လုံးမှ ထွက်မလာ။

 

ကိုဘခက်ကိုသာ  ကရုဏာပြည့်လျှမ်းသောမျက်လုံးများဖြင့် တွေတွေကြီး စိုက်ကြည့်နေမိသည်။ ကိုဘခက်သည်  အံကိုကြိတ်၍  တစ်စုံတစ်ခုကို ဆုံးဖြတ်လိုက်သည်။ ‘မ’ ၏ ပခုံးလေးနှစ်ဖက်ကိုလည်း အသာဆုပ်ကိုင်၍ နောက်သို့ရွှေ့စေသည်။ ပြီးမှ လူချင်းခွာလိုက်သည်။

 

“ကျွန်တော် တခြားမှာပြောင်းဖို့ စီစဉ်ပြီးခဲ့ပြီ။ ဒါမှ ‘မ’ ကို ရှောင်လို့မလွတ်သေးဘူးထင်ရင်  အညာကိုပြန်မယ်။ ကျွန်တော့်ရည်မှန်းချက်ကို အခိုက်အတန့်တော့ စွန့်လွှတ်လိုက်ရမှာပဲ။ နောင်ကို စိတ်ထိန်းနိုင်ပြီလို့ထင်တဲ့ တစ်ချိန်မှာတော့ ကျွန်တော် ပြန်လာခဲ့မယ်။  ဒါပေမဲ့ ကျွန်တော် ကတိပေးပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော် ဟာ ‘မ’ ကို အနှောင့်အယှက်ပေးမယ့် လူတစ်ယောက်  မဟုတ်တော့ပါဘူး ဆိုတာတော့ ‘မ’ ယုံထားပါ”

 

ကိုဘခက်သည် ‘မ’ ကို မျက်နှာ  လွှဲလိုက်သည်။ ‘မ’ သည် ကိုဘခက်ကို ကြည့်ရင်း မောဟိုက်သံဖြင့် ကိုဘခက်ကို လှမ်းခေါ်လိုက်သည်။

 

“ဆရာ...”

 

ကိုဘခက်သည် ‘မ’ ကို ကျောပေး၍ လျှောက်သွားရာမှ ရပ်လိုက်၏။  ‘မ’  သည် သည်နေရာမှနေ၍ ကိုဘခက်ကိုသာ ကြည့်နေသည်။ နောက်တစ်ခွန်းခေါ်ရန် ကြိုးစားသော်လည်း အသံက မထွက်လာပေ။ ကိုဘခက်သည် ‘မ’ ကို ခပ်ဖြည်းဖြည်း ပြန်လည်၍ကြည့်လိုက်သည်။ သည်တော့မှ ကိုဘခက် ရှိရာသို့ ‘မ’ က အပြေးလိုက်သွားသည်။

 

အနားရောက်တော့မှ ကိုယ်ရှိန်သပ်လိုက်ရင်း ကိုဘခက်၏ လက်မောင်းတစ်ဖက်ကို ဆွဲလိုက်မိသည်။ ကိုဘခက်က ‘မ’ ပြောမည့်စကားကို စောင့်၍နားထောင် နေမိသည်။ ‘မ’ ၏မျက်နှာကလေးက ရှက်စိတ်ကြောက်စိတ်ဖြင့် နီရဲနေသည်။ မျက်လုံး ကလေးများကလည်း အရည်လည်လာကာ ပို၍တောက်ပလာသည်။

 

“ဆရာ ... ဆရာ ဘယ်မှသွားစရာမလို ပါဘူး ဆရာ။ ‘မ’ ကို ဆရာ အနှောင့် အယှက်မပေးပါဘူး။ ‘မ’ ကသာ ဆရာ့ ...”

 

‘မ’ သည် ရင်တွင်းမှရိုက်ခတ်၍ထွက် လာသောအသံဖြင့် ညင်းညံ့ညံ့ပြောလိုက်သည်။  ကိုဘခက်သည်  အံ့သြရွှင်လန်းသောမျက်နှာဖြင့် ‘မ’ ကို တဖြည်း ဖြည်း ကြည့်နေမိသည်။ ‘မ’ ကမူ ပြော မည့်စကားကို မဆက်နိုင်အောင်ရှိသည်။

 

“‘မ ...’”

 

“ဆရာ ...”

 

ခေါ်သံနှင့် ထူးသံသည် စောင်းကဲ့သို့ နူးညံ့သိမ်မွေ့လှသည်။ နှုတ်ဖြင့်ခေါ်ထူးလိုက်သလို မျက်လုံးချင်းလည်း အဓိပ္ပာယ် ပါသောအကြည့်ဖြင့် ခေါ်ထူးနေဟန် ရှိသည်။

 

တစ်ယောက်နှင့်တစ်ယောက် ဘာမျှမပြောဘဲ အညှို့ဓာတ်အာရုံတွင် နစ်နေကြသည်။ တဖြည်းဖြည်း တစ်ယောက် နားသို့တစ်ယောက် ကပ်၍သွားသည်။ ကိုဘခက်သည် ‘မ’ ၏ အိထွေးသောလက် မောင်းအိုးကလေးကို ဆုပ်ကိုင်ထားလိုက်သည်။

 

“ကျွန်တော် ‘မ’ အပေါ်မှာ ချစ်တဲ့စိတ် ကို ဘယ်လိုဖျောက်ပစ်ရမလဲ။ ‘မ’ ရယ် ... ‘မ’ ပဲ သင်ပေးပါဦး”

“မလိုပါဘူး ဆရာ။ မလိုတော့ပါဘူး၊ ဆရာ ‘မ’ ကို ဘယ်လောက်ချစ်တယ် ဆိုတာ ‘မ’ နားလည်ပါတယ်ဆရာ။ ‘မ’ ဘယ်လိုပြောရမလဲဆရာ။ ‘မ’ လေ ကြောက်တာတစ်ခုကလွဲလို့ တခြား ဘာမှမရှိပါဘူး။ ‘မ’ မညာပါဘူးဆရာ”

 

ကိုဘခက်သည် ‘မ’ ၏ ပြည့်ဖြိုးညက်ညောသော ကိုယ်လုံးကလေးကို သိမ်းကျုံး ထွေးပိုက်လိုက်သည်။ ‘မ’ ၏  တစ် ကိုယ်လုံးမှာ  တဆတ်ဆတ်တုန်၍နေသည်။

 

“ကျွန်တော်နားလည်ပါပြီ။  ‘မ’  ကို ကျွန်တော် နားလည်ပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို ချစ်တယ်ဆိုရင်ပဲ ကျွန်တော် ဝမ်းသာလို့မဆုံးတော့ပါဘူး။ ခေတ်ပညာတတ် အဖိုးထိုက် အဖိုးတန် မိန်းကလေးတစ်ယောက်က ကျွန်တော့် လို အညတရတစ်ယောက်အပေါ်မှာ ...”

 

‘မ’ သည် သူ၏လက်တစ်ဖက်ဖြင့် ကိုဘခက်၏ပါးစပ်ကို အသာကာထားလိုက်သည်။

 

ဒါတွေ မပြောပါနဲ့ဆရာ။ ‘မ’ ရင်နာလွန်းလို့၊ ဆရာနဲ့ ‘မ’ နဲ့ နောင်ရေးကို မတွေးကြပါနဲ့။ နောက်ဖြစ်မယ့်ကိစ္စ နောက်မှဆုံးဖြတ်ကြပြီး  ခုစိတ်ချမ်းသာမယ်ဆိုရင်တော်ပြီ။ နော်...ဆရာ ကျေနပ်ပါတယ်နော်”

 

“ကျွန်တော်  ကျေနပ်ပါတယ်။  ‘မ’ နှလုံးသားထဲမှာ ကျွန်တော့်အတွက် တစ်နေရာပေးတယ်ဆိုရင်ပဲ ကျွန်တော် တစ်သက်လုံးကျေနပ်ပါပြီ”

 

ကိုဘခက်သည် ‘မ’ တစ်ကိုယ်လုံးကို အတင်းအကျပ်  ဖက်ထားရာမှ ရင်ချင်းကပ်လိုက်သည်။

 

“‘မ’ အသည်းထဲမှာ ဆရာ့ရဲ့အချစ်က လွဲလို့ ဘယ်သူ့အချစ်ကိုမှ နောက်ထပ် နေရာမပေးတော့ဘူးဆိုတာ ယုံပါဆရာ။ ‘မ’ တို့ရဲ့ဇာတ်ဟာ ဘယ်လိုအဆုံးသတ် မယ်ဆိုတာတော့ အတပ်မပြောနိုင်ဘူး။ တွေးလည်း မတွေးရဲဘူး။  ဒါပေမဲ့ ဘယ်နည်းနဲ့ဖြစ်စေ ‘မ’ ရဲ့အချစ်ကိုတော့ ဆရာယုံစေချင်တယ်”

 

“ကျွန်တော် ယုံပါတယ်။ ‘မ’ ကို အမြဲတမ်းယုံမှာပဲ။ ကျွန်တော်တို့ရဲ့ဘဝဟာ ဘယ်လိုပဲပြောင်းလဲသွားသည့်တိုင်အောင်  ‘မ’ ကို ကျွန်တော် အမြဲယုံနေမယ်။ ချစ်နေမယ်”

 

ကိုဘခက်သည် ပြောရင်းဆိုရင်းပင် ‘မ’ ၏ ပါးနုနုကလေးကို သူ့ပါးဖြင့် ကပ်ထားလိုက်သည်။ နှစ်ယောက်စလုံး ၏ ရင်ခုန်သံများသည် ရောယှက်၍သွားတော့သည်။

 

ကိုဘခက်က ‘မ’ ၏ ပါးမို့မို့ကလေးကို ခပ်ဖွဖွနမ်းလိုက်ရာမှ  ကျေနပ်ဟန်မရှိသေးဘဲ အထပ်ထပ် နမ်းလိုက်ပြန် သည်။ ‘မ’ သည် ကြောက်စိတ်ဖြင့်  တစ်ကိုယ်လုံးတုန်နေသော်လည်း ကိုဘခက် ပြုသမျှကို မငြင်းဆန်၊ ငြိမ်၍သာခံနေသည်။

 

ထိုအတွင်းမှာပင်  တံခါးဖွင့်သံ ကြားလိုက်ရသည်။ နှစ်ယောက်သား ရုတ်တရက် လူချင်းခွာလိုက်သည်။ ‘မ’ သည် ကြောက်လန့်တကြား အပေါက်ဝဆီသို့ လှည့်၍ကြည့်လိုက်မိသည်။

‘မ’ သည် ဝင်လာသူကို ကြည့်နေရင်း က  တစ်ကိုယ်လုံး  တုန်သွားသည်ဟု ထင်လိုက်မိသည်။ ကိုဘခက်ကမူ ခေါင်း ကိုငုံ့ထားရာမှ မဖော်တော့။ ‘မ’ မျက်နှာ မှာ သွေးမရှိချေ။  ဝင်လာသူကိုသာ ကြောက်အားဖြင့် အသနားခံသလို ရှိတော့သည်။

 

ဝင်လာသူက  ရွှေမောင်းကလေး  မော်ပင်ဖြစ်သည်။  သူသိသွားလျှင် ပါးစပ်ပိတ်၍ ရတော့မည်မဟုတ်ကြောင်းကို လည်း ‘မ’  က နားလည်ထားသည်။ ထို့ကြောင့်လည်း မော့်ကို ကြောင်၍ ကြည့်နေသည်။

 

ဆက်လက်ဖော်ပြပါမည်။