အရိုင်းစံပယ်

အောင်လင်း

၂၆-၁၀-၂၀၂၂ ရက်နေ့မှအဆက်

အမှန်၌ ကိုခင်မောင်ကြည် မိတ်ဆက်ပေးစဉ် မော်က မစ္စတာရှားမားကို မျက်စိမှိတ်၍ ပြထားပြီးဖြစ်သည်။ ထို့ကြောင့်လည်း မစ္စတာမားက အသာငြိမ်၍နေခြင်း ဖြစ်သည်။ အတန်ကြာမှ နှစ်ယောက်စလုံး ဟန်မဆောင်နိုင်ချေ။ မော်က ဘယ်ဘက်လက်ဖြင့် လက်ပြန်နှုတ်ဆက်လိုက်သည်။

“ဪ... ဟုတ်လား၊ တွေ့ရတာ ဝမ်းသာပါတယ်ရှင်။ နောက်လည်း မှတ်ထားပါ။ မော်ကတော့ အမေရိကန်ပြန်ကြီး ဦးခင်မောင်ကြည်ရဲ့ နှမလေးလည်းဟုတ်ပါတယ်။ မိတ်ဆွေရင်းလည်း ဟုတ်ပါတယ်။ အခုလို အင်ဂျင်နီယာကြီးနဲ့တွေ့ရတာ ဝမ်းသာပါတယ်”

မော်ကပြောရင်း မအောင့်နိုင်သဖြင့် ရယ်ချလိုက်၏။ မစ္စတာရှားမားကပါ ရော၍ရယ်လိုက်သည်။ သည်တော့မှလည်း ကိုခင်မောင်ကြည်က သဘောပေါက်တော့သည်။

“ဪ ... သူတို့က သိနှင့်ပြီးသားကိုး။ မော်က သိပ်နောက်တယ်ကွာ။ မစ္စတာ ရှားမားအကြောင်းကို ကားပေါ်မှာ ပြောတုန်းကလည်း ငြိမ်နေတာပဲ။ ဘာမှ မပြောဘူး”

မော်က ကျေနပ်နေဟန်ဖြင့် နှုတ်ခမ်းပါးကလေးများ လိပ်တက်သွားအောင်ပင် ရယ်လိုက်သည်။

“မော်က ကျွန်တော်တို့ရဲ့ နှင်းဆီခိုင်ကလေးပေါ့ဗျာ။ ဆရာမပါရင်လေ အလှူ မဖြစ်သလောက်ဆိုတဲ့ သီချင်းလိုပေါ့။ မော်မပါရင် ကပွဲမဖြစ်ပါဘူးခင်ဗျာ”

“အမယ်...မစ္စတာရှားမားက အတော် တိုးတက်နေပါလား”

“ကိုကိုကြည်က နိုင်ငံခြားသွားနေလို့ မသိတာ။ မစ္စတာရှားမားက သက်တန့် ပေါ်မှာကစားမယ် သီချင်းအဆိုသိပ် ကောင်းတယ်။ ပါတီတွေမှာ မစ္စတာရှားမားက သက်တန့်ပေါ်မှာကစားမယ် သီချင်းဆိုလိုက်ရင်း အကုန်လုံး ငြိမ်သွားတာပဲ။ တခြားလူတွေ အရှုံးပေးရတယ်”

မစ္စတာရှားမားသည် မော်၏ချီးမွမ်းခန်းကို ကျေနပ်နေဟန်ရှိသည်။ ကိုခင်မောင်ကြည်နှင့် မော်သည် မစ္စတာ ရှားမားပေးသောနေရာတွင် ဝင်၍ထိုင်လိုက်သည်။ နေရာပေးပုံမှာ စနစ်ကျ လှသည်။

နှစ်ယောက်ထိုင်စားပွဲ၊ လေးယောက် ထိုင်၊ ခြောက်ယောက်ထိုင်စားပွဲများ ခင်းထားသည်။ သူ့အတွဲနှင့်သူ သီးသန့် ပေးထားသည်။ မော်သည်ကပွဲ ဥယျာဉ်ကိုကြည့်ရင်း အံ့သြနေမိသည်။

မစ္စတာရှားမားကမူ ကိုခင်မောင်ကြည်နှင့် မော်တို့စားပွဲအတွက် အစောင့် လူငယ်တစ်ယောက်ကို ခေါ်၍ပေးလိုက်သည်။

“ကဲ .. လိုတာမှာ၊ သူ အမြဲဒီမှာရှိမယ်” 

စားပွဲတစ်ပွဲလျှင် ခိုင်းစေမည့် စားပွဲစောင့်တစ်ယောက်ကျရှိသည်။

ကပွဲခန်းက ဧည့်ခန်းစားပွဲများဘေးတွင် ကပ်လျက်ရှိသည်။ ကပွဲခန်းနှင့် ဧည့်ခန်းကြားတွင် အရက်နှင့် စားသောက်စရာကို သီးသန့်နေရာချထားသည်။

မော်အကြိုက်ဆုံးမှာ မီးထွန်းထားပုံ ဖြစ်သည်။ မီးလုံးများကို မမြင်ရ။ ဆည်းဆာရောင် (သို့မဟုတ် ) အရုဏ်ဦး မပွင့်တပွင့် အလင်းရောင်ကလေးများကို သစ်ပင်၊ ပန်းပင်များအကြားတွင် ရောင်စုံထွန်း၍ထားသည်။

ပြီးမှ စားပွဲတိုင်း၌ စားပွဲတင်မီးလုံး ကလေးများ ပေးထားသည်။ 

ထိုမီးလုံးကလေးများမှာ ဆယ့်ငါး၊ နှစ်ဆယ်အားလောက်သာရှိသည်။

ဤမီးရောင်ကလေးများကပင် စိတ်ကို တစ်မျိုးနှိုးဆွပေးသလို ရှိတော့သည်။

“ကဲ ... လုပ်လေ မော်၊ မကခင် နည်းနည်းပူလာအောင်။ ပြီးတော့လည်း ပြောမယ်ဆိုတဲ့စကားလေး ပြောပါဦး၊ ကြားချင်လှပြီ”

မော်သည် ဝိုင်ခွက်ကို ခပ်ရွရွကလေး ကိုင်မြှောက်လိုက်ရင်း နှုတ်ခမ်းနှင့်ပွတ်၍ လှည့်နေလိုက်သည်။ ကိုခင်မောင် ကြည်က သူ့အရက်ခွက်ကို မော့်ခွက်ဖြင့် ထိလိုက်ပြီးလျှင် နတ်တင်သလိုအပေါ် သို့ပင့်လိုက်ရင်း အရက်ဂါထာကို ကျူးရင့်လိုက်သည်။ ပြီးမှ တစ်ကျိုက်မျှသောက် လိုက်သည်။

“ကဲ ... မော်ရေ၊ ပြောမှာဖြင့်ပြောကွာ။ ဘာလဲ”

“ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုကိုကြည်ကြားရင်တော့ အံ့သြမှာပဲ။ ကိုကိုကြည် ကျန်ရစ်ဖြစ်နေပြီ ... သိလား”

ကိုခင်မောင်ကြည်သည် မော့်စကားကို နားထောင်ရင်း ကြောင်၍နေပြန်သည်။

အကောင်းပြောစမ်းကွာ ... မော်က လည်း၊ အမြဲတမ်းနောက်နေတာပဲ”

“အဟုတ်ပြောတာပါ၊ ကိုကိုကြည် ကျန်ရစ်ဖြစ်ပြီ ... သိလား။ ပြောရင်ယုံမှာ မဟုတ်ဘူး။ အံ့သြဖို့ကောင်းတယ်။ ‘မ’ ဟာ ဒီလိုလူစားမျိုးကို စဉ်းစားမယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ‘မ’ အတွက် မော် သိပ်ရှက်တာပဲ”

မော်သည် ခံပြင်းသည့်စိတ်ဖြင့် ခေါင်းခါခါ လည်ခါခါ စချီလိုက်သည်။

သည်တော့မှလည်း ကိုခင်မောင်ကြည် က စိတ်ဝင်စားလာ၏။ မော် အတည် ပြောမှန်း သိလာတော့သည်။ အနီးမှ စားပွဲစောင့်က နောက်ထပ်တစ်ခွက် လာချလိုက်သည်။ မော်သည် ဝိုင်ခွက်ကို တစ်ချက်တည်း မော့လိုက်သည်။ 

“ဘယ်သူလဲကွ ... ပြောစမ်းပါဦး”

“အိမ်မှာ စန္ဒရားသင်ဖို့ ခေါ်ထားတဲ့ လူနဲ့တဲ့ ကိုကိုကြည်ရယ်။ ကောင်းကြရော။ ဒီလူ ဘယ်ကမှန်းလဲမသိ၊ ပြိုင်ပွဲမှာ ဝင်ပြိုင်တုန်းက ဒက်ဒီက သနားပြီး ခေါ်ထားတာနဲ့ ဒီလိုလူမျိုးကိုများ စိတ်ကူးတာများ အံ့ရော”

မော်ပြောသောစကားများကို ကိုခင်မောင်ကြည်ကိုယ်တိုင် မယုံနိုင်အောင် ရှိတော့သည်။

ထို့ကြောင့် ကိုခင်မောင်ကြည်သည် မလှုပ်မယှက် မော့်ကိုသာ စိုက်၍ ကြည့်နေတော့သည်။

“ဟုတ်ပါ့မလား မော်ရာ၊ ‘မ’ဟာ ဒါလောက် အစဉ်းစားဉာဏ် မနည်းနိုင်ပါဘူး”

“အချစ်နဲ့တွေ့ကြရင် လူတွေ မျက်စိ ကန်းကြတယ်မဟုတ်လား။ မော်က မဟုတ်ဘဲ ကိုယ့်အစ်မရဲ့ ရှက်စရာသတင်းကို ပြောပါ့မလား။ မော့်မျက်စိနဲ့ ကိုမြင်ရတာ ကိုကိုကြည်ရဲ့။ ‘မ’ နဲ့ အဲဒီကိုဘခက်ဆိုတဲ့  စန္ဒရားဆရာနဲ့ အခန်းထဲမှာ ဖက်ပြီးနေတာကို ပက်ပင်းတိုးတာ။ အဲဒီနေ့က မာမီလည်းမရှိဘူး၊ ဒက်ဒီကလည်း အပေါ်ထပ်စာကြည့်ခန်းမှာ။ မော်က မာမီနဲ့လိုက်သွားပြီးမှ ပျော်ပွဲစားထွက်တုန်းက ဓာတ်ပုံတွေမေ့ နေလို့ပြန်ယူတာ။ အဲဒါ သွားပြီးတွေ့တာ။ မော်ဖြင့် ရှက်လည်းရှက်တယ်။ ‘မ’ ကိုလည်း အထင်သေးတယ်”

မော့်မျက်နှာကလေးမှာ ဒေါသဖြင့် တင်းမာ၍နေတော့သည်။ ကိုခင်မောင် ကြည်ကမူ ဘာမှ ဆက်၍မပြောဘဲ ငိုင်၍နေတော့သည်။ ‘မ’ ပြောသော စကားများကို ပြန်၍ကြားယောင်နေမိသည်။ 

“အရိုးအတိုင်းပြောရရင် ‘မ’ နဲ့ ကိုကို ကြည်ဟာ မိဘမျိုးရိုး၊ ဂုဏ်ကျက်သရေ၊ အဆင့်အတန်းချင်း တူတယ်လို့ထင်ရပေမယ့်  တကယ်ဆိုတော့  လူချင်း၊ စိတ်နေစိတ်ထားချင်း၊  ရည်မှန်းချက်ချင်းက ကွာလွန်းလှပါတယ်။ ‘မ’ ရဲ့ ရည်မှန်းချက်က ကိုကိုကြည်တို့နဲ့စာရင် နိမ့်လွန်းပါတယ်။ ကိုကိုကြည်၊ ဗစ်တာနဲ့ မွန်၊ မော်တို့ဟာ ဘုံဖျားကိုမှ ရပ်လိုသူတွေပါ။ ‘မ’ နဲ့ အဟပ်ချင်းက ကွာလှပါတယ်” 

ကိုခင်မောင်ကြည်သည် ‘မ’ ပြောသော စကားများကို ပြန်လည်ကြားယောင် မိရင်းက မကျေမချမ်းနိုင်အောင်ရှိတော့သည်။ သူ့လို အဘက်ဘက်က ငြင်းပယ်စရာမရှိသော လူတစ်ယောက်ကို ခါးခါးသီးသီး ငြင်းပယ်ပြီးမှ ဘာမဟုတ်သော အတီးဆရာတစ်ယောက်ကိုမှ ရွေးချယ်ခြင်းကိုမူ မခံရပ်နိုင်အောင် ရှိတော့သည်။ အမှန်တော့ ကိုခင်မောင်ကြည်သည် မိန်းမနှင့်ပတ်သက်လျှင် သူ့ကိုယ်သူ အယုံကြီးယုံစားသူဖြစ်သည်။ အယုံကြီး မည်ဆိုလျှင်လည်း ကြီးထိုက်၏။ အထင် ကြီးမည်ဆိုလျှင်လည်း ကြီးလောက် သည်။ ရုပ်ချော၊ ပညာတတ် လူကုံထံသား။ အမေရိကန်ပြန် စသည့်အရည် အချင်းများက သူ့ကို ဤသို့သော ထင်တစ်လုံးမျိုးကို စွဲဝင်စေ၏။

‘မ’ နှင့်တွေ့သောအခါ သူ့ကိုယ်သူပင် မယုံနိုင်အောင် ရှိတော့သည်။ သို့တိုင်အောင်လည်း စိတ်ထဲ၌ကား မလျှော့။ အချစ်ရေးနှင့်ပတ်သက်လာလျှင် မိန်းမများအပေါ်တွင် ယောက်ျားများက ခပ်ပေါ့ပေါ့တွေးတတ်သည့်အတိုင်း “မူတာပဲ” ဟုသာ တွေးထင်ခဲ့လေသည်။ 

ယခု မော်၏စကားများကို ကြားရသောအခါ ကိုခင်မောင်ကြည်၏ စိတ်ထဲတွင် မခံမရပ်နိုင်အောင်ရှိတော့သည်။ သူလိုလူတစ်ယောက်ကို ငြင်းပယ်၍ အညတရ ဂီတဆရာတစ်ယောက်ကိုမှ ရွေးချယ်ကြည်ဖြူခြင်းကိုမူ ကိုခင်မောင်ကြည်အဖို့ နားမလည်နိုင်အောင် ရှိတော့သည်။ အပွဲပွဲနွှဲလာသမျှ ဤပွဲမှ အညံ့ခံလိုက်ရသည်ကိုလည်း မကျေမချမ်းနိုင် အောင်ရှိတော့သည်။

ကိုခင်မောင်ကြည်သည် အသစ်ရောက်လာသော အရက်ခွက်ကို နှစ်မော့ သုံးမော့ ဆက်၍မော့လိုက်သည်။ ပြီးမှ စီးကရက်ကို ရှိုက်၍ဖွာရင်း ‘မ’အပေါ်တွင် မှတ်ချက်ချလိုက်သည်။

“ဒါဟာ အချစ်မဟုတ်ဘူး ... နီးစပ်မှုပဲ။ အန်ကယ်မှားတာပဲ၊ အိမ်မှာ သမီးပျို တွေရှိနေတာ ... ဒီလို စန္ဒရားသမား တစ်ယောက် ခေါ်ထားတာကိုက မှားတာပဲ”

“အမယ် ... ကိုကိုကြည်က ဒီလိုတော့ မပြောနဲ့။ မော်တို့များ ခဲယဉ်းသားပဲ။ သူ့ဆီမှာလည်း ဒက်ဒီက အသင်ခိုင်းပေမယ့် မသင်ပါဘူး။ ရွှေမန်းမေသီချင်းတောင် ဘယ်လိုတီးရမှန်းမသိဘူး။ ဒါနဲ့များ စန္ဒရားဆရာတဲ့။ သူတီးတဲ့သီချင်းတွေလည်း မော်ဖြင့် နားမလည်ပါဘူး။ ထံတျာတေတဲ့။ ပြီးတော့ ဒလုတို့ ခလုတ် တို့ ... အို ရှုပ်နေတာပဲ။ ‘မ’က ဒါတွေ အထင်ကြီးတယ် ကိုကိုကြည်ရဲ့။ ပြီးတော့ စိတ်ကလည်း ပျော့တယ်။ ဒါကြောင့် ဒီလိုဖြစ်ရတာ။ ဒါပေမဲ့ ဒီလူ အိမ်ကပြေးရမှာ။ မာမီက သူ့ကို ထားမှာ မဟုတ်ပါဘူး”

“ဪ .. ဒီကိစ္စ အန်တီသိသွားပလား”

“သိတော့ မသိသေးဘူး။ မော် စိတ်ကူး ထားတယ်၊ ‘မ’ကို မေးမယ်။ ‘မ’ က နောက်ထပ် ဒီလူနဲ့ ကင်းကင်းနေနိုင် မယ်ဆိုရင် ‘မ’ ကိုယ်တိုင်က ဒီလူကို မောင်းထုတ်ပစ်ရမယ်။ နို့မို့ရင် အိမ်က ဒီလူထွက်သွားလည်း တစ်နည်းနည်းနဲ့တော့ ဆက်နေကြဦးမှာပဲမဟုတ်လား။ ‘မ’ ကိုယ်တိုင် မောင်းထုတ်လိုက်တော့ တစ်ခါတည်းပြတ်သွားတာပေါ့”

ဆက်လက်ဖော်ပြပါမည်။