အရိုင်းစံပယ်

 

အောင်လင်း

 

၂၈-၁၀-၂၀၂၂ ရက်မှအဆက်

 

ကိုခင်မောင်ကြည်က မော်၏စိတ်ကူးကိုပင် ချီးကျူးမိသေးသည်။ ဟုတ်သည်၊ မော်ပြောသည့်အတိုင်း အချစ်ကိစ္စ ဆိုသည်မှာ လူချင်းဝေးနေသော်လည်း ချစ်မိသောစိတ်က တော်တော်နှင့်ဖြတ်၍ မရပေ။ ဤနေရာ၌ မော်က အကွက်မြင် လှပေသည်။

 

“မော်က ဒီနေရာမှာတော့ တွေးပုံက အပိုင်သားပဲ”

 

ထိုအတွင်းဝယ် ကပွဲနေရာဆီမှ မီးများ လင်း၍လာသည်။ ဂီတသံများလည်း ငြိမ့်ညောင်းစွာ  ပေါ်၍လာသည်။ စားပွဲတွင် ထိုင်နေသော အတွဲများသည် တစ်တွဲပြီးတစ်တွဲထ၍ ကမည့်နေရာသို့ သွားကြသည်။ ကိုခင်မောင်ကြည်က ဖန်ခွက်ထဲမှ အရက်ကို အစသတ် လိုက်သည်။

 

“ကဲ ... မော်၊ ကမယ်မဟုတ်လား”

 

မော်သည် ဝိုင်ခွက်ကို လက်ဖနောင့် ဖြင့် ပွတ်နေရင်း ခေါင်းခါလိုက်သည်။

 

“ဟင့်အင်း ... ဒီသီချင်းကြီး ကရတာ ပျင်းစရာကြီး”

 

“မော်တို့က အကရဲ့အရသာကို မခံစားတတ်သေးဘူး။ ဒီအကမျိုးက တစ်ယောက်ကို တစ်ယောက်မှီပြီး စိတ်ကူးယဉ်လို့ သိပ်ကောင်းတာ။ အဲဒီတော့ လှိုင်းတွန့်ကလေးလို ငြိမ့်ပြီးဝင်လာတယ်။ ကနေရတယ်လို့တောင် မထင်ဘူး။ လှိုင်းပေါ်မှာ စီးနေရသလို၊ ဂွမ်းပုံပေါ်မှာ ထိုင်နေရသလို စည်းစိမ်သိပ်ရှိတာ”

 

မော်သည် ကိုခင်မောင်ကြည်အား ချစ်စရာမျက်စောင်းကလေးချီ၍ ကြည့်လိုက်သည်။

 

ရုပ်ရှင်ကားထဲတွင် မင်းသမီးများ ကလေးဆန်ဆန် ဟန်ပေးလိုက်သလို ချစ်စရာ ကောင်းသည်ဟု ကိုခင်မောင် ကြည်စိတ်ထဲတွင် ထင်လိုက်မိသည်။

 

“အမယ် ... ကိုကိုကြည်က အဆွယ်ကောင်းတာပဲ။ မော်က အနည်းဆုံး ယမ်းတာလောက်မှ ကချင်တာ။ ဝေါ့စ်တော့ အေးအေးစက်စက်ကြီး။ ကရတာတော့ ပျင်းတယ်။ ကတာနဲ့မတူဘူး။ တစ်ယောက်နဲ့တစ်ယောက် ဖက်ပြီး ပွတ်နေတာနဲ့တူတယ်”

 

“အမယ် ... မော်တို့ကတဲ့ ရော့ခ်တို့ကမှ ပိုပြီးပွတ်ကြတာဗျ။ ခုတီးချက်မျိုးက လူကြီးတွေမှကတာ။ ကဲပါ ... ဒီတစ် ပုဒ်ဆုံးရင် ဝင်ရအောင်”

 

မော်သည် အရုပ်ကလေးကဲ့သို့ ခေါင်းကို ဘယ်ညာဆက်၍ ယမ်းနေရင်းဖြင့် ကိုခင်မောင်ကြည်ကို ပြောင်ပြနေသည်။ တီးဝိုင်းမှ တီးသံများ ရပ်သွားပြန်သည်။ လက်ခုပ်သံများ ကြားရသည်။ ခဏကြာ လျှင် နောက်သီချင်းတစ်ပုဒ် စ၍တီး လိုက်သည်။ တီးသံက ငြိမ့်သလောက် အင်္ဂလိပ်နှဲသံက နွဲ့လှသည်။ အပျိုမ ကလေး၏ ခရာသံ၊ ညုသံကဲ့သို့ အသံမျှင် မျှင်သေးသေးကလေးကို တွန့်၍တွန့်၍ တင်လိုက်ပြီးမှ နိမ့်သံသို့ တစ်ဟုန်ထိုး ဆင်းသွားလိုက်ပုံမှာ ကြားရသူတို့၏ ရင်ထဲတွင် လှိုက်၍လှိုက်၍သွားသည်။

 

ကိုခင်မောင်ကြည်သည် လေးခင်း ဆိုင်းသံကြားရလျှင် လက်ဝှေ့ထိုးရန် တရွရွဖြစ်နေသော လက်ဝှေ့သမားကဲ့သို့ ဂီတသံကိုကြားလိုက်သဖြင့် မကဘဲ မနေနိုင်အောင် ရှိတော့သည်။ မော်က ပြုံးစစဖြင့် ပြောင်နေသည်ကိုပင် မစောင့် နိုင်တော့ချေ။ နေရာမှထလိုက်သည်။

 

“ကဲ...လာ မော်...နောက်မနေစမ်း ပါနဲ့”

 

သည်တော့မှ မော်က နေရာမှ ခပ်ကြွကြွကလေး ထလိုက်ပြီး ကိုခင်မောင်ကြည်ကို မှီတွဲ၍ လျှောက်လိုက်သည်။ ကပွဲခန်းဘေးမှ မပွင့်တပွင့် နီနီ ဝါဝါ ပြာပြာ မီးရောင်ကလေးများကြောင့် တစ်မျိုးလှနေသည်။ တီးဝိုင်းမှ အင်္ဂလိပ်နှဲမှုတ်သူသည်ပင် ရှေ့တွင်ရပ်၍ ရှေ့တိုးနောက်ယမ်းဖြင့် စိတ်ပါလက်ပါဖြင့် မှုတ်နေသည်။ ထိုနှဲဆရာကို မီးအဖြူကွက်၍ ထိုးပေးထားသည်။

 

မော်သည် ကပွဲအခမ်းအနား ပြင်ဆင်ပုံကိုကြည့်ပြီး အလိုလိုကြည်နူးနေဟန်ရှိသည်။ ကိုခင်မောင်ကြည်က ကရန်ဟန်ယူလိုက်မှ မော်သည် ကိန္နရာမလေးကဲ့သို့ အလိုက်သင့် လက်ကလေးမြှောက် ၍ ပေးလိုက်သည်။ ရေလှိုင်းတွင်းသို့ အလိုက်သင့်က၍သွားသော လှေကလေး ကဲ့သို့ ကိုခင်မောင်ကြည်နှင့် မော်သည် စည်းချက် ဝါးချက်တွင်းသို့ အလိုက်သင့် ဆင်း၍ ကလိုက်သည်။

 

ကိုခင်မောင်ကြည်သည် မော်၏ခါးကလေးကို လက်ဖဝါးဖြင့်ဖိ၍ ကနေရာမှ တစ်နေရာသို့ တငြိမ့်ငြိမ့် လှည့်၍လှည့်၍ ခေါ်သွားသည်။ မော်က အလိုက်သင့် မှီ၍ပါလာတတ်သည်။ ထိုသို့ တစ်နေရာမှ တစ်နေရာသို့ လှည့်၍ လှည့်၍သွားရာမှ ကိုခင်မောင်ကြည်၏ ကျယ်ပြန့်သောရင်ပြင်တွင် မော်၏ပခုံး စွန်းနှစ်ဖက် မှီလျက်သားရှိတော့သည်။ တဖြည်းဖြည်း မော်၏ အပေါ်ပိုင်းတစ်ပိုင်းလုံးသည် ကိုခင်မောင်ကြည်၏ ရင်ခွင်တွင်းသို့ ရောက်၍နေတော့သည်။ ကိုခင်မောင်ကြည်က သူ၏ပါးတစ်ခြမ်းကို မော်၏ခေါင်းပေါ်တွင် မှေးတင်၍ ထားလိုက်သည်။

 

မော်က ကိုခင်မောင်ကြည်၏ ရင်ပြင်တွင် အလိုလို မှီလျက်သားရှိတော့သည်။ အရက်ရှိန်နှင့် သွေးက ကြွသလိုလိုရှိသော်လည်း ငြိမ့်ညောင်းသောဂီတနှင့် အကထဲတွင် စိတ်က အလိုလိုညွတ်နူး၍လာ၏။ ခေါင်းထဲတွင် ရီဝေဝေကလေး ဖြစ်နေရာမှ နွဲ့နှောင်းသော ဂီတထဲတွင် တယုတယ ပွေ့ဖက်ပြီးကနေရာမှ စိတ်က အလိုလိုပျော့၍လာသည်။ ကနွဲ့ကလျ မှီ၍နေချင်သည်။ ကနေရသည်ကိုပင် ကနေရမှန်းမသိ။ အရက်ရှိန် ကလေး ရီတီတီဖြင့် ကိုခင် မောင်ကြည်၏ ရင်ခွင်၌သာ မှေး၍နေလိုက်သည်။

 

ကိုခင်မောင်ကြည်က မော့်နဖူးပြင်ကို သူ့ပါးဖြင့်ပွတ်၍ ခပ်တိုးတိုးမေးလိုက်သည်။

 

“မော် ... မူးနေသလား”

 

“ဟင့်အင်း ... မူးပါဘူး”

 

မော်က နှုတ်ခမ်းစေ့၍ ခပ်နွဲ့နွဲ့ပြန်ဖြေ လိုက်သည်။ မော့်အသံမှာ ခါတိုင်းလို မစူးရှတော့ပေ။ လေသံက တိုး၍နွဲ့သည်။ နှုတ်ခမ်းကလေးရွဲ့၍ နှာသံဖြင့်ပြော လိုက်သော ခြောက်ကပ်ကပ် အသံမျိုးဖြစ်သည်။

 

“‘မ’ တစ်ယောက်ကတော့ မော်တို့နဲ့ တခြားစီပဲနော်။ အကတွေ ဘာတွေ ဝါသနာမပါဘူးထင်တယ်နော်”

 

“တစ်ခါမှတောင် ရောက်ဖူးမှာမဟုတ်ဘူး”

 

ကိုခင်မောင်ကြည်သည် မော့်ကို ခပ်တင်းတင်းကလေး ဖက်ထားလိုက်သည်။ တီးချက်ရပ်သွားမှ ကနေသော အရှိန်ကို လျှော့လိုက်သည်။ ပြီးမှ ကိုယ့်စားပွဲသို့ ကိုယ်ပြန်ကြသည်။ စားပွဲပြန် ရောက်တော့လည်း မော်သည် နွမ်းနေဟန်ရှိသည်။ မျက်တောင်ကော့ကလေးများသည် စင်း၍နေတော့သည်။ ကိုခင်မောင်ကြည်က မော့်အတွက် ဝီစကီ ပြောင်း၍မှာလိုက်သည်။

 

“ဘယ့်နှယ်လဲမော်၊ အိပ်ချင်သွားပလား”

 

မော်သည် ငှက်ကလေးများလို ခေါင်းကို တစ်ချက်ခါလိုက်ရင်း ဝီစကီကို တစ်ဝက်ခန့်မော့၍ သောက်လိုက်သည်။ ပြီးမှ အာလူးဖတ်ကလေးများကို ရွေး၍ စားလိုက်သည်။

 

“ကရတာ လူတော့ ငြိမ်လွန်းတယ်။ အိပ်ခါနီး ကဖို့ကောင်းတယ်နော်။ ဂျီတာ ဘတ်တို့၊ ရော့ခ်တို့ ကပြီးတာနဲ့ မှိန်းနေဖို့ကောင်းတယ်”

 

“ဒီဝေါ့စ်က အနောက်မှာ သိပ်ခေတ်စားတယ်။ တော်ဝင်ပွဲကြီးလမ်းကြီး တွေမှာ ဒီအကပဲ ကကြတယ်။ မြို့စားကြီးတွေ၊ မင်းပိုင်းစိုးပိုင်းကြီးတွေ၊ သူဌေးကြီးတွေ အလွန်နှစ်သက်တဲ့အကပေါ့။ ဣန္ဒြေရရနဲ့ ခန့်ခန့်ကြီးပွတ်တဲ့ အကပေါ့။ ဒီအကမျိုးက ဘယ်တော့မှလည်း မရိုးဘူး။ စထရပ်ရဲ့ ဒေါ့စ်တေးသွားဆို သိပ်ခေတ်စားတာပေါ့။ အမေရိကားတို့၊ အင်္ဂလန်တို့မှာ ခုထိ ခေတ်စားတုန်းပဲ။ သူက ဖြည်းဖြည်းနဲ့ခန့်ခန့် ကလို့ရတယ်။ နဖူးချင်း၊ ပါးချင်း၊ ရင်ချင်းကပ်ပြီး ဣန္ဒြေ မပျက် ဇိမ်ခံကနိုင်တဲ့ အကမျိုးပေါ့”

 

ကိုခင်မောင်ကြည်က သူနှစ်သက်သော အကအကြောင်းကို အသေးစိတ် ရှင်းပြနေသော်လည်း မော်ကမူ ခုထိပင် နွမ်းနေပုံရသေးသည်။ မျက်လုံးကိုမှေးရင်း အရက်ခွက်နှင့် နှုတ်ခမ်းကို တေ့ထားလိုက်သည်။

 

ထိုအတွင်း တီးဝိုင်းမှ ခပ်သွက်သွက် တေးသံကိုကြားရသည်။ မော်သည် အရက်ကို အကုန်မော့လိုက်ပြီးလျှင် ခေါင်းတညိတ်ညိတ်ဖြင့် တစ်ကိုယ်လုံး လှုပ်၍လာသည်။

 

မစ္စတာရှားမားနှင့် အရွယ်ခပ်လတ်လတ် ဖြူဖြူတုတ်တုတ် မိန်းမတစ်ယောက်သည် ကိုခင်မောင်ကြည်တို့ဝိုင်းသို့ ရောက်လာည်။ မစ္စတာရှားမားသည် မော့်ကို သူနှင့်ကရန် ခွင့်တောင်းလိုက်သည်။ ပြီးမှ သူနှင့်ပါလာသော မိန်းမတစ် ယောက်နှင့် အားလုံးကို မိတ်ဆက်ပေးလိုက်သည်။

 

“သူက မစ္စစ်တင်သန်းအောင်လေ”

 

အမှန်၌ ဤသို့မိတ်ဆက်ပေးလိုက်ခြင်းဖြင့် မစ္စစ်တင်သန်းအောင်သည် မည်မျှထင်ပေါ် ကျော်ကြားသူဖြစ်ကြောင်း သိသာနိုင်ပေသည်။ ကိုခင်မောင်ကြည်ရော မော်ပါ တအံ့တဩဖြင့် ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။

 

“ဪ ... နာမည်တော့ ကြားဖူးပါ တယ်။ အခုမှပဲ တွေ့ရတယ်”

 

ဤသို့ ပြောဆိုနှုတ်ဆက်လိုက်ရခြင်းအားဖြင့် မစ္စစ်တင်သန်းအောင်သည် ကပွဲခန်းထဲ၌ မည်မျှကျော်ကြားနေသည် ကို သိနိုင်ပေသည်။

 

“ကဲ ... မော်၊ အပြောင်းအလဲကလေး ပေါ့။ ခုန အငြိမ့်အက၊ အခု အဆော့အက။ အအေးကနေ အပူပြောင်းရအောင်”

 

မော်က ချက်ချင်းပင် နေရာမှထလိုက်သည်။ မစ္စတာရှားမားတို့ ထွက်သွားသောအခါ မစ္စစ်တင်သန်းအောင်သည် ကိုခင်မောင်ကြည်နှင့် ကျန်ရစ်ခဲ့သည်။

 

မစ္စစ်တင်သန်းအောင်က စကားတစ်ခုကို အစရှာ၍ ရောက်တတ်ရာရာကို လျှောက်၍ပြောသည်။ ကိုခင်မောင်ကြည် ကမူ မော့်ကိုသာ လှမ်းကြည့်နေမိသည်။ မစ္စတာရှားမားနှင့် မော်တို့သည် အဝေးမှကြည့်သောအခါ ကနေသည် ဟူ၍ပင် မထင်ရပေ။ လှုပ်ရှားပုံက မြန်လွန်းသည်။ တစ်ခါ တစ်ခါ နှစ်ကိုယ့်တစ်ကိုယ်ဖြစ်ဟန် ပူးကပ်သွားသည်။ တစ်ခါတစ်ခါ လှည့်လိုက်၊ ယိမ်းလိုက် ပုံမှာလည်း ဆပ်ကပ်ပြသလို သွက်လက် လျင်မြန်လှသည်။

 

ကိုခင်မောင်ကြည်သည် မော့်ကိုကြည့်ရင်း မောလာသည်။ နောက်ဆုံးတွင် မော်သည် ကပွဲခန်းမ၏ အလယ်တွင် အစွမ်းပြ၍ နေပြန်တော့သည်။ တေးသံရပ်သွားသောအခါ အားလုံးက မော့်ကို ချီးကျူးနေကြသည်။

 

ဆက်လက်ဖော်ပြပါမည်။