အရိုင်းစံပယ်

အောင်လင်း

၃၁-၁၀-၂၀၂၂ ရက်မှအဆက်

နောက်ထပ် တေးသံတစ်မျိုးပေါ်လာသည်။ ကိုခင်မောင်ကြည်နှင့် မစ္စစ် တင်သန်းအောင်တို့က တစ်တွဲဆက်ကပြန်သည်။ နောက်တစ်ခါ မစ္စတာရှားမားနှင့် တင်သန်းအောင်တို့က တစ်တွဲ၊ ကိုခင်မောင်ကြည်နှင့် မော်တို့ကတစ်တွဲ ကပြန်သည်။ သည်လိုနှင့် ညဉ့်သည် တဖြည်းဖြည်း နက်၍လာသည်။

ကိုခင်မောင်ကြည်နှင့်မော် ပြန်သောအခါ တစ်နာရီပင် ထိုးခါနီးလေပြီ။

ကိုခင်မောင်ကြည်သည် စီးကရက်ခဲရင်း ကားကို ခပ်ဖြည်းဖြည်းမောင်း၍ အင်းလျားကန်ဘက်သို့ လှည့်ခဲ့သည်။ မော်ကမူ မျက်လုံးမဖွင့်တော့ချေ။

ကိုခင်မောင်ကြည်၏ လက်မောင်းတစ်ဖက်ကိုသာ သူ့လက်ကလေးဖြင့် ဖက်ထားရင်း မှီ၍လိုက်သည်။

ကိုခင်မောင်ကြည်သည် အင်းလျားကန်စောင်း သစ်ပင်ရိပ်တစ်နေရာတွင် ကားကို အသာထိုး၍ ရပ်လိုက်သည်။

သောက်လက်စ စီးကရက်ကို တအားရှိုက်လိုက်ပြီးလျှင် ဘေးသို့ပစ်လိုက်သည်။

ပြီးမှ မော်၏ပခုံးကလေးကို သိုင်းဖက်ထားလိုက်သည်။ မော်က ကိုခင်မောင်ကြည်၏ ရင်ခွင်တွင်းသို့ မသိမသာ ရောက်သွားသည်။

အင်းလျားရေပြင်သည် ကြယ်ရောင် ကလေးများအောက်တွင် တလွန့်လွန့် လှုပ်ရှားလျက်ရှိသည်။

ကြယ်ကလေးများသည် လှိုင်းတွန့်ကလေးများပေါ်သို့ တလှုပ်လှုပ်ကစား၍နေရာမှ လှိုင်းတွန့်ကလေးများ အောက်သို့လွင့်စဉ်ကျသွားတတ်သည်။

မော်သည် ကားမှန်ထဲမှနေ၍ အင်းလျားရေပြင်ကြီးကို ကြည့်နေမိသည်။

အသက်ရှူက မြန်လာသည်။ မော်၏ ရွှေရင်ဖြိုးဖြိုးကလေးသည် လှိုင်းတွန့်ကလေးများလို လွန့်၍လွန့်၍ တက်လာသည်။ အတန်ကြာမှ ကိုခင်မောင်ကြည်ကို မျက်လုံးကလေး ပင့်၍ကြည့်လိုက်သည်။

“ပြန်ကြရအောင် ကိုကိုကြည်ရယ်၊ သိပ်ညဉ့်နက်နေမယ်နော်”

မော်က နွဲ့သံကလေးဖြင့် တောင်းပန်လိုက်သော်လည်း ကိုခင်မောင်ကြည် ကမူ ကြားဟန်ပင်မတူချေ။ မော်၏မျက်နှာပေါ်မှ အုပ်မိုး၍ ရီဝေသော မျက်လုံးများဖြင့် မော့်ကိုသာ စိုက်၍ ကြည့်နေသည်။ သို့ကြည့်နေရာမှ ကိုခင်မောင်ကြည်၏ မျက်နှာသည် မော့်မျက်နှာနားသို့ တဖြည်းဖြည်းနီး၍ လာသည်။

မော်၏ ကျစ်လျစ်နူးညံ့သော ကိုယ်ကလေးကိုလည်း လက်တစ်ဖက်ဖြင့်ပွေ့၍ မြှောက်လိုက်သည်။ 

မျက်နှာချင်း ကပ်၍သွားသည်။

နောက် နှုတ်ခမ်းချင်း ဂဟေဆက် သွားသည်။ 

“ဟင့်အင်း ... ဟင့်အင်း” 

“မကောင်းဘူးကွယ် ... ကိုကိုကြည် ရယ်”

မော်က တစ်ချက်မျှ ရုန်းလိုက်သည်။ 

မျက်နှာချင်း ကွာ၍သွားသည်။ နောက် ပြန်၍နီးလာသည်။

နောက်ဆုံး၌ ကိုခင်မောင်ကြည်၏ လက်နှစ်ဖက်သည် မော့်တစ်ကိုယ်လုံးကို ရစ်ပတ် ပွေ့ဖက်ထားလိုက်တော့သည်။ မော်၏ နီထွေးလတ်ဆတ်သော နှုတ်ခမ်းပါးကလေးအစုံနှင့် ကိုခင်မောင်ကြည်၏ နှုတ်ခမ်းထူကြီးများမှာ ထိတွေ့သွားပြန်သည်။ မော်၏ တအင်အင် ညည်းသံနှင့် မောသံ၊ ရှိုက်သံကလေးများသည် အင်းလျားရေပြင်ပေါ်တွင် လွင့်စဉ်၍ ထွက်လာသည်။

သည်တစ်ကြိမ်တွင် မော်၏လက် ကလေးအစုံသည် ကပွဲတုန်းကလို ကိုခင်မောင်ကြည်၏ တစ်ကိုယ်လုံးကို ပြန်၍ဖက်တွယ်ထားလိုက်သည်။

အင်းလျားရေပြင်သည် ငြိမ်သက်၍ သွားသလို ထင်ရသည်။ လှိုင်းတွန့်ကလေးများ ဖြာ၍ထွက်လာသည်။ ထိုလှိုင်းတွန့်ကလေးပေါ်တွင် ကြယ်ကလေးတစ်ပွင့်က ပြေး၍တက်လာသည်။ နောက် လွင့်စဉ်၍ကျသွားသည်။

အင်းလျားကန်စောင်း မှောင်ရိပ်တွင် ရပ်ထားသော ကားကလေး၌မူ ဘာသံမျှပင် မကြားရတော့ချေတကား။

[ ၁၃ ] 

ကိုဘခက်သည် ‘မ’ ထံမှ စာကလေးကို မောင်အေးလာပေးသောအခါ ဝမ်းသာ အားတက်မိသည်။ ‘မ’ နှင့် မတွေ့ရ သည်မှာ နှစ်ပတ်ခန့်ရှိပြီ။

လူကြီးများကား ကိုဘခက်နှင့် ‘မ’ အကြောင်းကို ရိပ်မိပုံမပေါ်သော်လည်း ကိုယ့်လိပ်ပြာကိုယ်မလုံဘဲ တစ်ယောက်နှင့်တစ်ယောက် ရှောင်၍နေကြသည်။

ကိုဘခက်ကိုယ်တိုင်လည်း အိမ်သို့ကပ်သည်မရှိ၊ မိုးလင်းကထွက်၍ မိုးချုပ်မှ အိမ်သို့ပြန်လေ့ရှိသည်။

သည်အထဲတွင် အသံလွှင့်ရန် အစီအစဉ်ရသဖြင့် သီချင်းတိုက်ရသည်။ ဦးကျော်ဒင်က ကိုဘခက်အတွက် အသံလွှင့်ရန် အစီအစဉ်ရသဖြင့် ဝမ်းသာစကားပင် ပြောကြားရှာသည်။

မော်တစ်ယောက်ကလွဲ၍ အိမ်သားအားလုံးမှာ အရင်အတိုင်းပင် ဆက်ဆံပြောဆိုကြသည်။

မော်ကမူ ကိုဘခက်ကိုမြင်လျှင် မျက်နှာထားခပ်ဆိုးဆိုးဖြင့် ကြည့်တတ်သည်။

ခြေကို ဆောင့်နင်းတတ်သည်၊ ကိုဘခက်ကသာ မမြင်ချင်ယောင် ဆောင်၍နေရသည်။ ဤသို့ဖြင့် နှစ်ပတ်ကျော်မျှ တစ်ယောက်နှင့်တစ်ယောက် ခပ်ရှောင်ရှောင်နေခဲ့ကြသည်။

လူချင်းဆုံလျှင် မျက်လုံးချင်းသာ စကားပြောကြသည်။ တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင်မှ မေးထူးခေါ် ပြောလောက်သာ ဟန်မပျက် ဆက်ဆံကြသည်။

အမှန်တော့ ကိုဘခက်ကိုယ်တိုင်ကပင် ‘မ’ နှင့် တွေ့ချင်သည်။ စကားပြောချင်သည်။ သို့သော် ‘မ’ ၏ အရိပ်အကဲကို ကြည့်၍မတတ်သာ ခပ်ခွာခွာနေခဲ့ရခြင်းသာဖြစ်သည်။

ယနေ့လည်း အိမ်ရှေ့ဧည့်ခန်းတွင် ဝိုင်းကောင်းလှသည်။ ‘မ’ နှင့် မော်တို့ အဖော်များပင်ဖြစ်သည်။ မော်၏အသံကို အများဆုံးကြားရသည်။ ကိုဘခက် ကမူ အခန်းတွင်းမှပင် မထွက်တော့ချေ။ စာအုပ်တစ်အုပ်နှင့်သာ အဖော်လုပ်၍ နေရသည်။ နေ့ခင်းပိုင်းတွင် မောင်အေး က ကော်ဖီလာ၍ပို့ရင်း ‘မ’ ထံမှ စာကို ပေးလိုက်သည်။ ကိုဘခက်သည် ကော်ဖီကိုမသောက်နိုင်သေးဘဲ ‘မ’ထံမှ စာအိတ် ပြာကလေးကိုသာ ဖွင့်၍ ဖတ်လိုက်မိသည်။

ကိုရေ ...

‘မ’ ကို့ကို တွေ့ချင်ပါတယ်။ ကို လက်သံကလေးတွေ နားထောင်ရင်၊ စိတ်ဖြေနေရပါတယ်ကို။ ကိုလည်း တော်တော်စိတ်ဆင်းရဲနေမှာပဲနော်။ ‘မ’ စိတ်ဆင်းရဲသလို ကိုလည်း စိတ်ဆင်းရဲ ရှာမှာပဲဆိုတာ ‘မ’ ကိုယ်ချင်းစာပါတယ် ကို။ ဒါဟာ အချစ်ရဲ့ ဆုလာဘ်ကြီး တစ်ခုပဲလို့ ‘မ’ နားလည်ပါတယ်ကိုရယ်။ 

ကို့ကို ဝမ်းသာစရာတစ်ခုပြောမယ်။ ‘မ’ ဒီနှစ် စာမေးပွဲအောင်တယ်။ မော် တို့တော့ ပါတီလုပ်ကြလိမ့်မယ်။ ‘မ’ တော့ ကျောင်းကသူငယ်ချင်းတွေဆီ သွားပြီး ပြုစုရမယ်လို့ ဖေဖေ မေမေတို့ကို ညာထားတယ်။ မိဘကို မွေးကတည်းက ဒီတစ်ကြိမ်ပဲ လိမ်ဖူးသေးတယ်ကိုရယ်။ အချစ်အတွက် လိမ်ရတာမို့ ငရဲမကြီးပါဘူးနော်။ ‘မ’ ခုလိုလိမ်တာ ကိုနဲ့တွေ့ချင်လို့။ အဲဒါကို ဆက်ဆက်လာခဲ့နော်။ ကနေ့ နှစ်နာရီတိတိမှာ ရှစ်မိုင် ကြိုင်နန်း တရုတ်ဟိုတယ်က စောင့်နေပါ။ ‘မ’ လည်း ဒီဟိုတယ်ကိုပဲ မွန်တို့နဲ့ နှစ်ခါလောက်ရောက်ဖူးတယ်။ ဘယ်ဘက် နောက်ဆုံးခန်းက စောင့်နေနော်ကို။ ‘မ’ နှစ်နာရီတိတိ အရောက်လာမယ်။ အိမ်ကနာရီနဲ့ တိုက်သွားပေါ့။

‘မ’ လက်ရေးကလေးတွေ ပိုပြီးမလှ ဘူးလားကို။ အဲဒါ ဘာကြောင့်လဲ သိလား။ ကိုလက်ဆောင်ပေးတဲ့ ဖောင်တိန်ကလေးကို ‘မ’ နှမြောလို့ သိမ်းထားတာ။ တစ်ခါမှ မရေးသေးဘူး။ ကနေ့ ကို့ဆီစာရေးတော့ ဒီဖောင်တိန်ကလေးကို သတိရပြီး အဦးဆုံးရေးလိုက် ခြင်းပဲ။

ကို့ကိုချစ်သလို ကိုပေးတဲ့လက်ဆောင် ကလေးကိုလည်း ‘မ’ အသက်လောက် မြတ်နိုးခုံမင်ပါတယ် ကိုရယ် ...။

ကို့ ချစ်တပည့်မလေး

မ ...။

ကိုဘခက်သည် ‘မ’ ထံမှ စာကလေးကို ဖတ်ပြီးသည့်တိုင်အောင် မလွှတ်နိုင်ဘဲ ရှိလေသည်။ ‘မ’ ၏လက်ရေးကလေး များသည် ‘မ’ မျက်နှာကဲ့သို့ ကြည်လင်လှပေသည်။ ‘မ’ အတွင်းစိတ်ကဲ့သို့ ရှင်းလင်းပြတ်သားလှသည်။ ‘မ’ အချစ် ကဲ့သို့ ညီညာဖြောင့်တန်းလှသည်။

ကိုဘခက်သည် စာကို နောက်တစ် ခေါက်ပြန်ဖတ်ပြီးလျှင် ခေါက်ရိုးမပျက် ပြန်၍ခေါက်လိုက်သည်။ ပြီးမှ တယုတယ အိတ်ထောင်ထဲသို့ ထည့်လိုက်သည်။ နာရီကိုကြည့်လိုက်သည့်အခါတွင် ဆယ့်နှစ်နာရီခွဲခါနီးလေပြီ။
ထိုအချိန်ကိုပင် စောသည်ဟုမထင်။ ခုချိန်မှထွက်လျှင် နှစ်နာရီချိန်းထားသောနေရာသို့ ရောက်မည်။ စောင့်ရသည် က အရေးမဟုတ်။ ကိုယ်က နောက်ကျလျှင် ‘မ’ စိတ်ပူနေမည်စိုးသည်။ ထို့ကြောင့်ပင် ကိုဘခက်သည် အဝတ်အစားများကိုလဲ၍ စာအုပ်တစ်အုပ်ကို ဆွဲကာ အိမ်မှထွက်ခဲ့သည်။

ကြိုင်နန်းဟိုတယ်သို့ ကိုဘခက် ရောက်သောအခါ တစ်နာရီပင် မထိုးသေးချေ။ စားစရာများ မှာပြီးလျှင် စာအုပ်တစ်အုပ်နှင့် အချိန်ကို ကုန်မှန်းမသိ ကုန်လွန်စေတော့သည်။ စာအုပ် ဖတ်နေသော်လည်း မျက်စိထဲတွင်ကား စာလုံးများကို မမြင်၊ ‘မ’ မျက်နှာ ကလေးသာ ပေါ်၍လာတတ်သည်။ ထိုအခါတွင် ကိုဘခက်သည် ‘မ’ ထံမှ စာကလေးထုတ်၍ ဖတ်မိပြန်သည်။ ဖတ်၍ ဆုံးသွားပြန်တော့လည်း ‘မ’ရေး လိုက်သော စာလုံးကလေးများက အသံ မြည်၍လာသည်။ နားတွင် နှစ်ကိုယ်ကြား ညင်းညံ့ညံ့ပြောနေသလို ကြားယောင်မိ ပြန်သည်။ 

“မိဘကို မွေးကတည်းက ဒီတစ်ကြိမ်ပဲ လိမ်ဖူးသေးတယ် ကိုရယ်”

အချစ်အတွက် လိမ်ရတာမို့ ငရဲမကြီး ပါဘူးနော်” 

ဆက်လက်ဖော်ပြပါမည်။