အရိုင်းစံပယ်

အောင်လင်း

 

၄-၁၁-၂၀၂၂ ရက်မှအဆက်

 

ကိုဘခက်သည် ‘မ’ ၏လက်တစ်ဖက်ကို အသာဆုပ်ကိုင်ထားလိုက်မိသည်။

 

“‘မ’ နဲ့ကိုယ်နဲ့ ဘယ်တော့များမှ စိတ်ချမ်းချမ်းသာသာနဲ့ နေကြရပါ့မလဲနော်။ အေးလေ ... ‘မ’ ပြောသလို ရှေ့ကိုမတွေးဘဲ စိတ်ချမ်းသာသလို နေကြတာက သက်သာပါသေးတယ်”

 

‘မ’ က အသင့်ရောက်လာသော ခေါက်ဆွဲကြော်ကို ကိုဘခက်အတွက် အသင့်ပြင်ပေးလိုက်သည်။

 

“ကဲ ... စားပါ ဆရာ။ ထမင်းလွတ်ပေါ့”

 

‘မ’ က သူကိုယ်တိုင်လည်း အားရပါးရ စားပြသည်။ ကိုဘခက်ကိုလည်း အတင်းစားစေသည်။

 

“ကနေ့ညလည်း မော်တစ်ယောက်တော့ မိုးလင်းတောင် ပြန်လာပါ့မလား မသိဘူး။ သူ့ကို ‘မ’ လေ အောင်မယ်တောင် မထင်ဘူး။ စာလည်း ကျက်တာမဟုတ်ဘူး။ ခုသူပါ အောင်တယ်။ မေမေ့ဆီက ငွေတစ်ရာတောင်းသွားတယ်။ သူ့သူငယ်ချင်းတွေကို ပါတီပေးမလို့တဲ့။ ‘မ’ တော့ သူငယ်ချင်းတွေကို လစ်ပြီး ဆရာ့ကို စာရေးမှာလိုက်တာ။ သူတို့ကိုတော့ မနက်မှ ချိန်းထားတယ်”

 

နီးလျက်နှင့်ဝေးသူနှစ်ယောက်မှာ တစ်ယောက်က သူ့အဖြစ်ကိုသူ ပြောပြသောအခါ တစ်ယောက်ကလည်း သူ့ခံစားချက်ကို ပြောမိပြန်သည်။

 

“‘မ’ ဆီက စာရတော့ ကျွန်တော်ဖြင့် ဝမ်းသာမိတယ်။ အရက်နှစ်ဆယ်နီးပါး တစ်ယောက်နဲ့တစ်ယောက် စကားမှမပြောရ ခပ်ရှောင်ရှောင်နေရတော့ စိတ်ထဲ အလိုလိုအားငယ်လာတယ်။ ကျွန်တော်ဟာ အချစ်နဲ့ပတ်သက်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ညံ့မှန်း ခုမှ ပိုသိတယ်။ စိတ်ညစ်တိုင်း ဟေဝန်စုံမြိုင် ကိန္နရာချောင်းခြားပတ်ပျိုးကိုတီးပြီး ဖြေရတော့တာ ပဲ”

 

‘မ’ က ကိုဘခက်၏စကားကို ခပ်ပြုံးပြုံးဖြင့် နားထောင်နေမိသည်။ ကိုဘခက်က ‘မ’ အတွက် စိတ်ဆင်းရဲပုံကို ကြားရသောအခါ ဘာကြောင့်မှန်း မသိ အလိုလို ကြည်နူးမိသည်။

 

ချစ်သူက ကိုယ့်ကိုချစ်ရသည့်စိတ်ကြောင့် ပင်ပန်းဆင်းရဲသည်ကို ကြားသိရသောအခါ ကိုယ်ပါ စိတ်မကောင်း ဖြစ်ရမည်မှန်သော်လည်း တစ်ဖက်မှ ကိုယ့်ကိုတကယ်တမ်း ချစ်ခင်စွဲလမ်းခြင်းကို သိရ သည့်အတွက် ကြည်နူးမိသည်။

 

‘မ’ က ကိုဘခက်ကို စိုက်၍ကြည့်နေရာမှ ပြုံးစစဖြင့် သူ့စိတ်ထဲတွင်ရှိသည့်အတိုင်း ခပ်ရိုးရိုးပြော လိုက်သည်။

 

ဆရာ့ကို ‘မ’ တွေ့စက တော်တော် ပေါင်းသင်းရခက်မယ့်လူပဲလို့ ထင်မိတယ်။ ဆရာ့ပညာကို အထင်ကြီးပေမယ့် လူကတော့ ဂွစာပဲလို့ ထင်မိတယ်။ နောက်အကြောင်းသိတော့မှ ဆရာ့ရဲ့ အတွင်းစိတ်ကို ‘မ’ နားလည်မိတယ်”

 

ကိုဘခက်က ‘မ’ ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ရင်း မသိမသာ နောက်လိုက်သည်။

 

“ဘယ်လိုနားလည်တာလဲ၊ လူတစ်ယောက်ကို စိတ်ဒုက္ခပေးတတ်တဲ့လူပဲလို့ နားလည်တာလား”

 

ကိုဘခက်၏အမေးကို ‘မ’ က ကလေးငယ်ကဲ့သို့ အပြစ်ကင်းစင်သော အပြုံးဖြင့်ပြုံးရင်း ခေါင်းငဲ့ကာ ဖြေလိုက်ရှာသည်။

 

“ဒီလိုတော့မထင်ဘူး ဆရာ၊ ဆရာ့ရဲ့ ဂီတဟာ နူးညံ့သိမ်မွေ့သလောက် အချစ်ရေးကျတော့ ပြင်းထန်လွန်းတယ်။ ကြမ်းလွန်းတယ်လို့တော့ ထင်မိတယ်။ ‘မ’ ကို ဆရာ စပြီးဖွင့်ပြောတဲ့နေ့ကများ ဆရာ့အကြောင်းကို စဉ်းစားကြည့်တယ်။ ဆရာ့ကို ‘မ’ ဘယ်လိုနားလည်ရမှန်း မသိဘူး။ ရွှေကဲ၊ စိန်ကဲ ထက် လူကဲကိုခတ်ရတာ ပိုခက်တယ်ဆိုတာ ဆရာလို လူမျိုးပဲထင်တယ်”

 

‘မ’ က သူ့စကားနှင့်သူ ကျေနပ်ကာ သွားတက် ကလေးများပေါ်အောင် ပြုံးလိုက်သည်။ ကိုဘခက် က ဆေးပေါ့လိပ်ကို ဖွာလိုက်ပြီးလျှင် ပြာခံခွက်ပေါ် သို့ တင်လိုက်သည်။

 

“နှလုံးသားကလာတဲ့အစွမ်း၊ သတ္တိ၊ ဆန္ဒ၊ စိတ်ကူး ခံစားချက်အားလုံးဟာ ‘မ’ ပြောသလိုပဲ ရဲရင့်တယ်။ ခိုင်မာတယ်။ ဖြူစင်သန့်ရှင်းတယ်။ အမျိုးကိုချစ်တဲ့ စစ်သူရဲကောင်းတွေဟာ အမျိုးအတွက် အသက်ပေး အပ်ကြတယ်။ အနုပညာကို ချစ်တဲ့ပုဂ္ဂိုလ်တွေဟာ အနုပညာအတွက် သူတို့ဘဝကို မြှုပ်နှံကြတယ်။ ဒီလိုပဲ ယောက်ျားတစ်ယောက်ဟာ သူချစ်တဲ့ မိန်းမ ပျိုအတွက် နှလုံးသားတစ်ခုလုံးကို အပ်နှံကြတယ်။ ဒါဟာ မယုံကြည်စရာ ဘာမှမရှိဘူး။ နှလုံးသားက လာတဲ့အရာတွေ မှန်သမျှဟာ ထက်မြက်တယ်၊ မှန်ကန်တယ်၊ ရဲရင့်တယ်၊ တည်ကြည်တယ်၊ ခိုင်မြဲ တယ်၊ သစ္စာရှိတယ်”

 

“ဆရာက စကားတတ်တယ်၊ ‘မ’ ဆရာ့ကို အရှုံး ပေးပါတယ်ဆရာ။ ဒါပေမဲ့ ‘မ’ ကတော့ ဆရာပြော သလို ဟုတ်မယ်မထင်ဘူး။ နှလုံးသားကလာတိုင်း ရဲရင့်တယ်ဆိုတာတော့ ‘မ’ ခုထိ လက်ခံလို့ မရ သေးဘူး။ အမှန်ပြောရရင် ‘မ’ ဟာ မလိမ်တတ်ပါဘူး။ ဘာပဲပြောပြော ဘာပဲလုပ်လုပ် ‘မ’ ရင်ထဲက ခံစား လာရမှ လုပ်တတ်တယ်၊ ပြောတတ်တယ်။ ‘မ’ ရင်ထဲမှာ မရှိတာကို ပါးစပ်ဖျားကနေ မပြောတတ် ဘူး။ လုပ်လည်း မလုပ်တတ်ဘူး။ ဒါပေမဲ့ ‘မ’ ကိုယ် မ သိတယ်။ ‘မ’ ဟာ ဆရာပြောသလို နှလုံးသားက လာတဲ့ ဆန္ဒတိုင်းမှာ မရဲရင့်ဘူး၊ သတ္တိနည်းတယ်၊ ‘မ’ လေ ဘာပဲလုပ်လုပ်၊ ဘာပဲ ဆုံးဖြတ်ဆုံးဖြတ် ကြောက်တဲ့စိတ်က များတယ်။ ဆုံးဖြတ်ပြီးရင်တော့ အပြောင်းအလဲကို သိပ်မလုပ်တတ်ဘူး။ ‘မ’ လေ ခုလည်း ဆရာနဲ့ပတ်သက်ပြီး မဆုံးဖြတ်သေးတာ တွေ ရှိသေးတယ်။ ဆရာ့ကို ‘မ’ မချစ်လို့မဟုတ်ဘူး။ ဆရာ့ကို အသည်းထဲက ချစ်တာပဲ။ ဒါပေမဲ့ သတ္တိ မရှိဘူး၊ ဆရာ မသိဘူး၊ ‘မ’ ကို သတ္တိနည်းအောင် ခြောက်လှန့်တဲ့အရာတွေ အများကြီးရှိတယ်။ ဘာတွေလဲလို့ မေးရင် ‘မ’ မပြောတတ်ဘူး ဆရာ။ ဒါပေမဲ့ ဆရာ့ကို ‘မ’ ချစ်တယ်ဆိုတာတော့ ဆရာ အမြဲယုံစေချင်တယ်”

 

ကိုဘခက်သည် ‘မ’ ၏ ပခုံးကလေးကိုကိုင်၍ မျက်နှာချင်းဆိုင်လှည့်၍ လှည့်လိုက်သည်။

 

ကြင်နာသောမျက်လုံးများဖြင့် ‘မ’ ကို အတန် ကြာ စိုက်၍ကြည့်နေမိသည်။

 

“ကိုယ် နားလည်ပါတယ်။ ‘မ’ ကိုယ့်ကို ချစ်တယ် ဆိုတာလည်း နားလည်တယ်။ ကိုယ်တို့ရှေ့ရေး အတွက် ဆုံးဖြတ်ဖို့ကိုလည်း သတ္တိနည်းနေတယ် ဆိုတာနားလည်တယ်။ ‘မ’ ကို ဘယ်အရာတွေက သတ္တိနည်းနေအောင် ခြောက်လှန့်နေကြတယ်ဆိုတာလည်း ကိုယ်နားလည်တယ်။ ဒါဟာ သဘာဝ ကျတယ်။ အနှောင်အဖွဲ့တစ်ခုကို ရုန်းထွက်ဖို့ ဆိုတာ မလွယ်ဘူး။ အနှောင်အဖွဲ့ ပတ်ဝန်းကျင်ရဲ့ အလွှမ်းမိုးခံထားရတဲ့ အယူအဆ အစွဲအလမ်းတစ်ခု ကို ဖျောက်ဖျက်ဖို့ဆိုတာလည်း တကယ်တော့ မလွယ်ဘူး။ ဥပမာ သူဌေးသမီးဘဝက လမ်းဘေး ဈေးသည်တစ်ယောက်အဖြစ်နဲ့ ဈေးဆင်းရောင်းဖို့ ဆိုတာ မလွယ်ဘူး။ ဒါဟာရှက်စရာအလုပ်တစ်ခုလို့ သဘောထားမယ်။ လမ်းဘေးဈေးသည် တစ်ယောက်ကို သူဌေးသမီးအဖြစ် အမွေးစားခံရတယ်ဆိုရင် ဒီဈေးသည်လေးအနေနဲ့ ဘဝပြောင်းပြီးနေရဖို့ သိပ်မခက်လှဘူး။ သဘောကတော့ လူတွေဟာ အောက်ကနေ အပေါ်တက်ရမယ့် အခွင့်အလမ်းရှိရင် တက်သွားဖို့ မခက်ဘူး။ ဒါပေမဲ့ အပေါ်ကနေ အောက်ဆင်းရမယ် ဆိုရင် လူတိုင်းကြောက်ကြတယ်။ ‘မ’ သတ္တိနည်းတယ်ဆိုတာ ဒီသဘောပါပဲ။ ‘မ’ ကို ဘယ်အရာတွေ သတ္တိနည်းအောင်လုပ်တယ်ဆိုတာ တခြားမှာ ရှာစရာမလိုပါဘူး။ ‘မ’ တို့ ပတ်ဝန်းကျင်မှာ ရှာလိုက်ရင် တွေ့တာပဲ။ ကိုယ်နဲ့ ‘မ’ နဲ့ ဘဝလမ်းအပြင် အတူယှဉ်ပြီး ‘မ’ တို့ ပတ်ဝန်းကျင်ကို ပြန်ကြည့်လိုက်စမ်းပါ။ မွန်ဆို ဒေါက်တာမကြီး၊ သူ့ရဲ့ ချစ်လင်ယောက်ျားက အင်ဂျင်နီယာကြီး။ တိုက်နဲ့ ကားနဲ့၊ သောင်းကျော် ကားနဲ့၊ ဘွဲ့ထူးဂုဏ်ထူးတွေနဲ့။ သူတို့ဘဝဟာ ဘယ် လောက် အားကျစရာကောင်းသလဲလို့။ မော်ဆိုလည်း သူကျက်စားတဲ့ ပတ်ဝန်းကျင်ကိုက တကယ့်အထက် တန်းစား ပတ်ဝန်းကျင်မှာ ကျက်စားတာ။ သူ့အတွက် ဆိုလည်း အထက်တန်းစား ယောက်ျားတစ်ယောက် ဟာ အဆင်သင့်ရှိနေရမှာပဲ။ ဒီတော့ လမ်းပေါ်မှာ ရပ်ကြရမယ့် ကိုယ်နဲ့ ‘မ’ နဲ့ ဘဝကနေ သူတို့ကို ပြန်ကြည့်မယ်ဆိုရင် မော့ပြီး ပြန်ကြည့်ရမှာပဲ။ သူတို့က အမြင့်မှာရှိမယ်၊ ကိုယ်တို့က အနိမ့်မှာရှိမယ်။ ဒီအချက်က ‘မ’ ကို သတ္တိနည်းစေတာပေါ့။ ကိုယ်လည်း စဉ်းစားပါတယ်။ ‘မ’ ကို အမြင့်ကနေ အနိမ့် ကို ဆင်းလာရမယ့်ဘဝတော့ မရောက်စေချင်ဘူး။ ဒါပေမဲ့ မတတ်နိုင် ဘူး။ ကိုယ်က ‘မ’ တို့ရှိတဲ့အမြင့်ကို တက်လှမ်းဖို့ဆိုတာက နည်းလမ်းမရှိဘူး”

 

ကိုဘခက်သည် ‘မ’ ၏ လည်တိုင်ကြော့ကြော့ ကလေးကို သူ့လက်ဖြင့် တယုတယ ပွတ်သပ်ရင်း ညည်းလိုက်ရှာသည်။ ‘မ’ က ကိုဘခက်၏ လက်ကလေးကို အသာပြန်ဆုပ်နယ်ပေးလိုက်သည်။ ကိုဘခက်၏ ပခုံးစွန်းနှင့် သူ့ပါးနုနုကလေးကို မှီ၍ ကပ်ထားလိုက်သည်။

 

“လောကကြီးဟာ မတရားဘူးနော်။ ဘာမှမကင်းလွတ်ဘူး။ အရာရာ အချုပ်ချယ် အနှောင်အဖွဲ့တွေနဲ့ချည်းပဲ။ ဒီအနှောင်အဖွဲ့တွေသာမရှိရင် ‘မ’ တို့ ဘဝဟာ ဘယ်လောက်များ ပျော်စရာကောင်း မလဲနော်”

 

‘မ’ က ကိုဘခက်၏ပခုံးစွန်းနှင့် သူ့ပါးကလေးကို ခပ်ဖွဖွပွတ်ရင်း တိုးတိုးကလေး ပြန်၍ညည်းလိုက် သည်။ ကိုဘခက်သည် ‘မ’ မေးဖျားကလေးကို လက်ဖျားဖြင့် မ တင်လိုက်သည်။ ပြီး... ‘မ’ ၏ ပါးနုကလေးကို အသာနမ်းလိုက်သည်။ ‘မ’ က မျက်လွှာကလေးကို အသာချ၍ ငြိမ်ခံနေရှာသည်။

 

“လောကကြီးက အဆင့်အတန်းမတူတဲ့လူရဲ့ အချစ်ကို အသိအမှတ်မပြုကြဘူး။ ဒါပေမဲ့ အဲဒီလို အသိအမှတ်မပြုတဲ့ လောကကြီးကို တစ်ခုတော့ မေးချင်တယ်။ အချစ်ကို ဆုံးဖြတ်ရာမှာ အသိနဲ့ ဆုံးဖြတ်မလား။ ငွေနဲ့ဆုံးဖြတ်မလား၊ အာဏာနဲ့ ဆုံးဖြတ်မလား။ ဒီလိုဆုံးဖြတ်စတမ်းဆိုရင် ရှင်ဘုရင်တွေ တော်ကောက်ပြီး မြှောက်စားတာကိုပဲ အချစ်လို့ခေါ်မလား။ ကိုယ်တော့ သဘောမပေါက်ဘူး။ သူတောင်းစားက ဘုရင့်သမီးကိုချစ်တာလည်း အချစ်ပဲ။ အချစ်ဟာ ဆင်းရဲချမ်းသာ မရွေးပါဘူး။ အရုပ်ဆိုးတဲ့လူက ရွှေရုပ်လိုလှတဲ့လူကို ချစ်တဲ့ အချစ်ဟာလည်း အချစ်ပဲ။ ဆင်းရဲသားတစ်ယောက်ရဲ့ ရင်ထဲမှာ ပေါက်ဖွားလာတဲ့အချစ်ဟာ အနှောင် အဖွဲ့တွေ အဆောင်အယောင်တွေနဲ့ ကင်းလွတ်လို့ ပိုပြီးတောင် ရဲရင့်တယ်၊ ခိုင်မာတယ်၊ သန့်ရှင်းတယ်၊ မွန်မြတ်တယ်ဆိုတာကိုတော့ ‘မ’ ယုံကြည်စေချင်တယ်”

 

‘မ’ ယုံပါတယ် ဆရာ။ မယုံရင် မော်တို့လို လွတ်လွတ်လပ်လပ် လေလွင့်ပြီး ပျော်နေမှာပေါ့။ ဒါပေမဲ့ ခဏပျော်ပြီး နောက်ဆုံး ဒုက္ခတွေ့တတ်တဲ့ ဒီလောကထဲမှာ ‘မ’ ဝင်ပြီး မတိုးရဲပါဘူး။ ခုတောင် မော့်အတွက် ‘မ’ ရင်တထိတ်ထိတ်နေရတာ ဆရာ။ ‘မ’ ဆရာ့ကို ဘာမှမငဲ့ဘဲ အနှောင်အဖွဲ့ကင်းကင်းနဲ့ ချစ်ပါတယ်။ ဒီသတ္တိမျိုး ‘မ’ တစ်နေ့ ရလာပါစေဆို တာပဲ ဆုတောင်းတယ်ဆရာ”

 

‘မ’ က အံကလေးကြိတ်၍ ပြောလိုက်ရင်း ကိုဘခက်ကို တအားပြန်ဖက်ထားလိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။