အရိုင်းစံပယ်

အောင်လင်း

၁၁-၁၁-၂၀၂၂ ရက်မှအဆက်

‘မ’ ခုထိ သတ္တိရှိပါသေးတယ် ဆရာ။ ‘မ’ အနားမှာ ဆရာရှိနေသရွေ့ ‘မ’ သတ္တိ ဟာလည်း နည်းနည်းမှ မလျော့နိုင်သေးပါဘူး”

‘မ’ က ကိုဘခက်ကို အားကိုးအားထားဖြင့် သူ၏သတ္တိကို ထုတ်ဖော်လိုက်သည်။

ကိုဘခက်သည် ‘မ’၏ လည်တိုင်ကြော့ကြော့ကလေးကို သိုင်း၍ဖက်လိုက်ပြီးလျှင် နဖူးပြင်ကလေးကို အသာနမ်းလိုက်မိသည်။ အမှန်တော့ ‘မ’ သည် ချစ်သူအား နှစ်သိမ့်စေလို၍သာ အားတင်း၍ ပြောလိုက်ခြင်းဖြစ်သည်ကိုလည်း ကိုဘခက်ကိုယ်တိုင် ရိပ်မိလိုက်သည်။

“ကျွန်တော်တို့ ရင်ဆိုင်ရမှာ မဝေးတော့ပါဘူး။ ရှေ့တွေ့ကြရမယ့်လမ်းဆုံဟာ ကျွန်တော်တို့ရဲ့ ဘဝလမ်းဆုံပဲ။ ဒီလမ်းဆုံကနေ ရှေ့ဘယ်လို ခရီးဆက်ကြမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ် ရမှာပဲ။ အတူတူတွဲပြီး ဆက်သွားကြမလား၊ ဒါမှမဟုတ် လမ်းခွဲကြမလား ဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်ရမှာပဲ။ အမှန်တော့ ဒီလမ်းဆုံကိုမျှော်ပြီး စောင့်နေတာဟာ အပင်ပန်းဆုံးပါပဲ။ ဒီကြားမှာ ‘မ’ အနေနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို မကျော်လွန်နိုင်မှာပဲ စိုးရိမ်တယ်”

‘မ’ သည် ကိုဘခက်၏ ရင်တောင်အင်္ကျီကြယ်သီးကလေးများကို တပ်ချည် ဖြုတ်ချည်လုပ်နေရင်းမှ သက်ပြင်းကို မသိမသာချလိုက်မိ...။

“‘မ’ ကြိုးစားပါ့မယ် ဆရာ၊ ‘မ’ တစ်သက်မှာ ဒီစွန့်စားမှုဟာ အကြီးဆုံး ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေတော့လည်း ‘မ’ လေ ထွက်ပြေးချင်တယ်။ ဒီအိမ်မှာကို မနေချင်တော့ဘူး။ လူတွေအားလုံးနဲ့ မတွေ့နိုင်မယ့်နေရာမှာ ဆရာ့ကို ခေါ်သွားချင်တယ်။ ဒီလိုနေရာမျိုးမှ မသွားနိုင်ဘူးဆိုရင်လည်း ‘မ’ တစ်ယောက်တည်း အလွတ်ရုန်းပြီး ပြေးချင်တယ် ဆရာ။ ဒါလည်း စိတ်ရူးပေါက်တဲ့အခါ တွေးမိတွေးရာ လျှောက်ပြီးတွေးမိတာပဲ။ တကယ်တော့ ‘မ’ မလုပ်ရဲပါဘူး။ ‘မ’ ကိုယ် ‘မ’ သိတယ်။ ‘မ’ ရဲ့ သံယောဇဉ်တွေဟာ ‘မ’ ကို အမြဲညှဉ်းဆဲနေကြမှာပဲ။ မွန့်လို ကိုယ့်လမ်းကိုယ် ကင်းကင်းလွတ်လွတ် ခွဲထွက်ရဲရင် အကောင်းသားပဲနော်။ ဒါပေမဲ့ ‘မ’ ရဲ့ဘဝက မွန့်လို အဆင်ပြေမယ် မဟုတ်ဘူး။ ဇွတ်မှိတ် ရမှာ”

“ကျွန်တော် နားလည်ပါတယ် ‘မ’။ မွန်တို့ အိမ်ထောင်ရေးက နှစ်ဦးနှစ်ဖက် ညီမျှတဲ့အိမ်ထောင်ရေးဆိုတော့ အားလုံးက ကြည်ဖြူကြတာပေါ့။ ကျွန်တော်နဲ့ ‘မ’ နဲ့က အဆင့်ချင်းကွာတယ် မဟုတ်လား။ မညီမျှတဲ့အချစ်မှန်ရင် ဘယ်တော့မှ ချောမွေ့တယ် မရှိပါဘူး။ ပတ်ဝန်းကျင်ကို လွန်ဆန်ရတာပဲ။ အတားအဆီးမှန်သမျှ ကျော်လွန်ရတာပဲ။ အနိမ့်က လူအတွက်တော့ အမြင့်ကိုမျှော်နေရင် မောရုံပဲ ရှိမယ်။ အမြင့်ကနေ ‘မ’ တို့လို ကျတော့ အနိမ့်ကို ခုန်ဆင်းဖို့ဆိုတာ တော်တော်တန်တန် သတ္တိမျိုးနဲ့ မရဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါကြောင့် နေရာချင်း လဲလိုက်ချင်တယ်။ ‘မ’ ရင်ဆိုင်ရမှာတွေ၊ စွန့်လွှတ်ရမှာတွေကို ကျွန်တော်ပဲ ရင်ဆိုင်ချင်တယ်။ ကျွန်တော်ပဲ စွန့်လွှတ်ချင်တယ်။ ဒါပေမဲ့ ကျွန်တော့်ဘဝက စွန့်လွှတ်စရာဆိုလို့ နှောင်ကြိုးတောင်မရှိတဲ့ဘဝမို့ တွေးတိုင်း နာကြည်းမိတယ်”

‘မ’ သည် ကိုဘခက်၏ လက်မောင်းတစ်ဖက်ကို ဖက်တွယ်၍ထားရင်း သူ့ပါးတစ်ဖက်ဖြင့် ကိုဘခက်၏ ပခုံးစွန်းကို ပွတ်နေမိသည်။ ကိုဘခက်က ‘မ’ ၏ လက်ဖျားများကို ခပ်တင်းတင်းဆုပ်နယ်၍ ထားလိုက်မိသည်။

“‘မ’ ကိုယုံပါ ဆရာ။ ဆရာ့ကို ‘မ’ချစ် တယ်ဆိုတာ ဆရာယုံပါ။ ‘မ’ အနေနဲ့ သတ္တိနည်းချင်လည်း နည်းမယ်၊ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို ‘မ’ ခံချင်လည်း ခံရမယ်။ ဒါပေမဲ့ ‘မ’ ဆရာ့ကို ချစ်တယ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ချစ်တယ်။ ဆရာကလွဲလို့ ‘မ’ ဘယ်သူ့ကိုမှ ချစ်လို့ရမှာမဟုတ်ဘူး။ ‘မ’ ရဲ့နဖူးမှာ ဆရာနဲ့ ဆုံစည်းဖို့ စာတန်းမပါတောင် ‘မ’ အသည်းထဲမှာ ဆရာ့အချစ်ကလွဲလို့ ဘယ်သူ့အချစ်ကိုမှ နေရာမပေးနိုင်ဘူး။ ‘မ’ ကို ယုံပါဆရာ”

‘မ’ သည် တုန်ယင်လှိုက်လှဲသော အသံကလေးဖြင့်ပြောရင်း ကိုဘခက်၏ပါးနှင့် သူ၏ပါးမို့မို့ကလေးကို အတင်းကပ်ထား လိုက်မိသည်။ ပြီးမှ လူချင်းခွာလိုက်သည်။

နောက် နေရာမှ ခပ်ဖြည်းဖြည်းထလိုက်ရင်း ကိုဘခက်ကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။

ကိုဘခက်ကလည်း ‘မ’ ၏ ပခုံး ကလေးများကို ဆုပ်ကိုင်ရင်း ‘မ’ နှင့် အတူ ရပ်လိုက်သည်။

‘မ’ ၏ မျက်လုံးကလေးများသည် ပို၍ တောက်ပလာသည်။

 တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဖက်ထားလိုက်သည်။ အသက် ရှူသံ မကြားရချေ။

အတန်ကြာမှ ‘မ’ က မောဟိုက်သံ ကလေးဖြင့် တောင်းပန်လိုက်ရှာသည်။

“‘မ’... သွားတော့မယ်နော်”

‘မ’ သည် ကိုဘခက်၏လည်တိုင်ကို သိုင်းဖက်လိုက်ပြီးလျှင် ကိုဘခက်၏ ပါးတစ်ဖက်ကို မမီမကမ်းဖြင့် တစ်ချက်မျှ နမ်းလိုက်သည်။ ပြီးမှ ရှက်ပြုံးကလေး ပြုံး၍ ကိုဘခက်ကို ကြည့်လိုက်ပြီးလျှင် အပေါ်ထပ်သို့ တက်ပြေးတော့၏။

ကိုဘခက်သည် ‘မ’ ကို ကြောင်၍ ရပ်ကြည့်နေမိသည်။ ပြီးမှ သူ့ရင်ထဲတွင် တစိမ့်စိမ့်အေး၍လာသည်။

‘မ’ ၏ မေတ္တာလှိုင်းသည် သူ့ရင်တွင်း၌ ဂယက်ထ၍ ကျန်ရစ်ခဲ့လေသည်။

အမှန်တော့ ‘မ’ လို ဣန္ဒြေရှင်မိန်းမပျို တစ်ယောက်က ချစ်သူကို အရဲစွန့်၍ နမ်းလိုက်ခြင်းသည် ကြီးမားသော စွန့်စားချက်တစ်ရပ်ပင် မဟုတ်ပါလော။

မော်သည် ကြော့နေအောင် ပြင်ထားပြီး တစ်စုံတစ်ယောက်ကို မျှော်နေဟန် ရှိသည်။

မော်သည် မျက်နှာထားတင်းတင်းဖြင့် ကြည့်လိုက်ရင်း အပေါက်ဝဆီသို့သာ မျှော်နေရင်း နာရီကိုကြည့်လိုက်ပြီး စိတ်ပျက်ဟန်ဖြင့် ခေါင်းကလေး ကုတ်လိုက် ပြန်သည်။ တစ်ယောက်တည်း ရန်ဖြစ်သလို ခြေကိုဆောင့်၍ လျှောက်သေးသည်။

အိမ်ရှေ့မှ ကားတစ်စီးဆိုက်သံ ကြားရသောအခါ မော်သည် ဝမ်းသာအားရဖြင့် အပေါက်ဝဆီသို့ ပြေးထွက်၍ ကြိုလိုက်မိသည်။ ကားပေါ်မှ ဆင်းလာသူကို မြင်သောအခါ မော့်မျက်နှာမှာ သိသိသာသာ ညှိုး၍သွားသည်။
ဘလှသန်းထွန်းသည် မျောက်လွှဲကျော်ကဲ့သို့ ကားပေါ်မှ ခုန်ပေါက် ဆင်းပြေးလာသည်။ မော်က အပေါက်ဝမှ နောက်သို့ရွှေ့ပြီး ရပ်လိုက်သည်။ 

ဘလှသန်းထွန်းသည် မော်၏လက်တစ်ဖက်ကိုဆွဲ၍ ဧည့်ခန်းတွင်းသို့ ပြေးဝင်လာသည်။ ပြီးမှ ဧည့်ခန်းစားပွဲတွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

မော်ကမူ ဘလှသန်းထွန်းကို ဂရုမစိုက်ဘဲ အပေါက်ဝဆီသို့သာ မျှော်ရင်း စိတ်မရှည်အောင်ရှိတော့သည်။ သည်တော့မှလည်း ဘလှသန်းထွန်းက မော့်ကို အကဲခတ်လိုက်မိသည်။ 

“ဟေး...မော်က ပြင်လို့ဆင်လို့ ဘယ်သွားမှာမို့လဲ” 

မော်သည် ဘလှသန်းထွန်း၏အမေးကို နှုတ်ခမ်းကလေးစူစူဖြင့် ဖြေလိုက်သည်။

“မစ္စတာရှားမားတို့ပါတီကို သွားဖို့” 

ဘလှသန်းထွန်းသည် မော့်ကို အံ့သြဟန်ဖြင့် ကြည့်နေမိသည်။ ပြီးမှ သူ့အိတ်ထဲမှ ဖိတ်စာကို ထုတ်၍ပြလိုက်သည်။
“ကိုယ်လည်း အဲဒီသွားမလို့၊ ဒီမှာလေ ... ဖိတ်စာ။ အခု မော့်ကို လာခေါ်တာ။ မော်က ဘယ်လိုသိနှင့်လဲ”

“မော်လည်း ဖိတ်မယ့်သူရှာတာပေါ့။ ခု သူ့ကိုစောင့်နေတာ”

“ဟင် ... ဘယ်သူ့ကိုစောင့်နေတယ်။ ကိုယ်နဲ့လိုက်ပါကွာ၊ ကိုယ် မော့်ကို တမင်လာခေါ်တာ။ ဂရေစီတို့နဲ့တောင် မသွားဘူး”

မော်သည် လက်မှနာရီကိုကြည့်လိုက်ရင်း နေရာမှ ထလိုက်သည်။ ဘလှသန်းထွန်း ပြောသောစကားကိုပင် မကြားဟန်ဖြင့် အပေါက်ဝဆီသို့သာ လည်တဆန့်ဆန့် ရှိနေတော့သည်။ သို့မျှော်ရင်းမှ တစ်ယောက်တည်း ညည်းလိုက်သည်။

“ချိန်းထားပြီး အချိန်မမှန်တာ မော် သိပ်စိတ်ဆိုးတာပဲ”

ဘလှသန်းထွန်းက မော့်အဖြစ်ကို နားမလည်သလိုရှိတော့သည်။ ခါတိုင်း မော်သည် ဘလှသန်းထွန်းက လာ၍ခေါ်လျှင် နှစ်ခါမခေါ်ရ ...။

ဖင်တကြွကြွဖြင့် ပေါ့ပါးသူဖြစ်သည်။ ယခုမှ ဘလှသန်းထွန်းခေါ်သည်ကိုပင် ဂရုမထားနိုင်အောင် ရှိနေသည်ကိုကား မတွေးတတ်အောင်ရှိတော့သည်။

“ဟေး ... မော်ရ မင်း ဘယ်သူ့ကိုစောင့်နေတာလဲ။ ကိုယ်လည်း သွားမှာပဲဟာ၊ ဘာလဲ ... ကိုယ်နဲ့မလိုက်ချင်ဘူးလား”
“မော် ... ကိုကိုကြည်နဲ့ချိန်းထားတယ်။ မော်က လူတစ်ယောက်ကို ကတိပေးပြီးရင် ကတိမဖျက်ချင်ဘူး။ မော့်ကိုလည်း ကတိတည်မှကြိုက်တယ်”

ဘလှသန်းထွန်းသည် မော့်စကား ကြောင့် အောင့်၍သွားဟန် ရှိသည်။ ရုတ်တရက် မျက်နှာပျက်သွားသော်လည်း ချက်ချင်းပင် ဣန္ဒြေဆည်လိုက်သည်။ လက်နှစ်ဖက်ကို ဘောင်းဘီ ခါးကြားတွင်သွင်းရင်း ကလေးများလို ဧည့်ခန်း၌ လျှောက်နေမိသည်။

“အေးပေါ့လေ ... ဒါဖြင့်လည်း စောင့်ဦးပေါ့။ အမေရိကန်ပြန်တွေများတယ်ပြီး လိုချင်တဲ့သူ ပေါတာပဲ”

“ဂျော်နီ ... မော့်ကို လာပြီးစိတ် ဆိုးအောင် စ မနေစမ်းနဲ့”

ဘလှသန်းထွန်းသည် ပုတ်သင်ညိုကဲ့သို့ ခေါင်းကို တဆတ်ဆတ်ညိတ် လိုက်သည်။

“မ စပါဘူးဗျာ။ မ စပါဘူး။ ခုနစ်နာရီ ထိုးလို့မှမလာရင် ကိုယ်နဲ့လိုက်ချင်လိုက်ပေါ့။ မလိုက်ရင် ကိုယ်သွားမယ်”

မော်သည် ဘာမှပြန်မပြောဘဲ သူ့မျက်နှာကိုသာ ပြန်၍အလှပြင်နေလိုက်သည်။ ထိုအတွင်း တယ်လီဖုန်းမှ ခေါ်သံကို ကြားရသည်။ မော်သည် အပြေးအလွှား တယ်လီဖုန်းကို ကိုင်လိုက်သည်။ တယ်လီဖုန်းမှ တစ်ခွန်းမျှ အားတက် သရောထူးလိုက်ပြီးလျှင် တစ်ဖက်မှပြော သောစကားကို နားထောင်လိုက်သည်။ မော့်မျက်နှာ နီ၍လာသည်။ ဘလှသန်းထွန်းသည် မော့်ကို လှောင်ပြုံးကလေး ပြုံး၍ကြည့်နေသည်။ မော်သည် လက်ပွေ့ အိတ်ကို ကောက်ကိုင်လိုက်ရင်း ဘလှသန်းထွန်းကို အမိန့်ပေးလိုက်သည်။

ဆက်လက်ဖော်ပြပါမည်။