အရိုင်းစံပယ်

 

အောင်လင်း

 

“ဒါဖြင့်လည်းဟာ လက်ထပ်ပြီးမှပြောရောပေါ့။ ဘာလို့ အစောကြီး ကြိုပြောထားရလဲ”

 

မွန်သည် ဗစ်တာ့ကို လှမ်းကြည့်လိုက်ရင်း မျက်နှာပျက်နေလေသည်။ ဒေါ်ခင်မျိုးသန့်သည် ငွေဘူးထဲမှ စီးကရက်ကို ထုတ်၍ မီးညှိလိုက်ရင်း ဟန်ပါပါ ဖွာလိုက်သည်။

 

“ရှင်က ဒီလောက်တောင် ခေတ်နောက်ကျရ သလား။ အစကတည်းက ရှင်မသိဘူးလား။ လူကြီးဆိုတာ သိသာသိစေ မမြင်စေနဲ့တဲ့။ ရှင့်ကိုယူခဲ့တုန်းကရော ဘယ်လူကြီးတွေများ အသိပေးလို့လဲ။ ခင်တို့ဟာခင်တို့ ရုံးတက်လက်မှတ်ထိုးတယ် မဟုတ်လား။ ပြီးမှ ဧည့်ခံပွဲတစ်ခုပေးလိုက်တာပဲ။ အဲဒီတုန်းက ရှင့်အမေနဲ့တောင် ရန်ကုန်သူကို ယူရမလားဆိုပြီး ရန်တွေ့ခံရသေးတယ်”

 

“တော်စမ်းပါကွာ၊ ချေးခြောက် ရေနှူးမနေစမ်း ပါနဲ့”

 

“ဟုတ်တာပေါ့ ၊ အခုတော့ ချေးခြောက်ဖြစ်ရောပေါ့။ အစတုန်းကတော့ စံပယ်ပန်းကလေးကိုးရှင့်”

 

ဦးကျော်ဒင်သည် ပါးစပ်ကိုဖြဲ၍ ရယ်လိုက်သည်။

 

မော်က လက်ခုပ်တီးလိုက်သည်။ “ဟုတ်တယ်ကွ၊ ဒါမှ တို့မာမီ၊ ဒက်ဒီက မတရားဘူး”

 

ဦးကျော်ဒင်သည် စောစောက ခြေထားပြီးသော ဆေးပြင်းလိပ်ကို ပြန်၍ မီးညှိလိုက်သည်။

 

“အခုလည်း နွမ်းမပျယ်တဲ့ ပန်းစံပယ်လေးပါပဲကွာ။ အနံ့လည်းမပျက်၊ အဆင်းလည်းမပျက်တဲ့ တကယ့်နတ်ပန်းကလေးလို့  ထင်တုန်းပါပဲကွာ။ ဟဲ... ဟဲ”

 

“တော်စမ်းပါရှင်”

 

အားလုံးက ပြုံးနေကြသည်။ မွန်က ဣန္ဒြေဖြင့် စကားကို ဖြတ်လိုက်သည်။

 

“ကဲ...ဒက်ဒီတို့ဇာတ်လမ်းဟောင်းကြီးကို ပြန်ပြီးဖွင့်မနေပါနဲ့။ မွန့်ကိစ္စကို ပြောပါရစေ။ ဗစ်တာက ဒီနှစ် ဘီအက်စီ  အင်ဂျင်နီယာ နောက်ဆုံးနှစ် အောင်ရင် အမေရိကားသွားပြီး အမ်တီအက်စီဘွဲ့ယူမယ်။ ဒီတော့ အောင်ပြီးမှယူရင် မွန်တို့မှာ နေချိန်မရှိလိုက်ဘူး။ ခုမြန်မြန်ပဲ လက်ထပ်ချင်တယ်ဒက်ဒီ။ ဒါမှ စာမေးပွဲဖြေပြီးရင် နွေကျောင်းပိတ်ရက်မှာ ရှမ်းပြည်နယ်ဘက် အတူတူသွားပြီး အနားယူက မယ်။ ဟုတ်လား...မာမီ”

 

“ဟုတ်တာပေါ့၊ ချစ်စခင်စ ခွဲရတယ်ဆိုတာ ဘယ်ကောင်းမလဲ။ ကဲ...ဗစ်တာက ပြောကွယ်။ အန်တီ တို့က ဘာလုပ်ရမှာလဲ။ မင်္ဂလာစရိတ်ခံရမယ်ဆိုရင်လည်းပြော”

 

ဗစ်တာသည် ခေါင်းငုံ့နေရာမှ မျက်နှာကို မော့လိုက်သည်။

 

“ကျွန်တော်တော့ ဒီတာဝန်ကို ကျွန်တော်ပဲ ယူပါရစေလို့ တောင်းပန်ချင်တာပဲ။ တခြားအန်တီတို့ စီစဉ်ချင်တာတွေ စီစဉ်ပေါ့။ အိမ်ကလည်း ပြောပြီးပါပြီ၊ နေရေးထိုင်ရေးကစပြီး စီစဉ်ပြီးပြီ။ အင်းလျား ဘေးမှာ ဒက်ဒီဝယ်ပေးထားတဲ့ တိုက်တစ်လုံးကို ကျွန်တော်တို့ အပိုင်ရမယ်”

 

“ဒီလိုတော့ မွန်  လက်မခံဘူး မောင်။ နှစ်ဦးအတွက် စီစဉ်ရတဲ့ကိစ္စမှာ တစ်ယောက်တည်း တာဝန်ယူတယ်ဆိုတာ နည်းလမ်းမကျဘူး။ နောက်တော့ သူ့ဘက်ကိုယ့်ဘက် စကားအတင်စီး မခံနိုင်ဘူး”

 

“မွန်ကလည်းကွယ်...ကိုယ် စိတ်မကောင်းအောင် ဒီလိုတော့ မပြောပါနဲ့။ ကိုယ်က မွန့်အပေါ်မှာ စေတနာအရင်းအတိုင်း စီစဉ်တာပါကွယ်”

 

“စေတနာအရင်းအတိုင်းစီစဉ်ရင် မျှတအောင် စီစဉ်။ လူတစ်ယောက်ဟာ သူ့စေတနာကို အဓိက ထားပြီး သူများက တုံ့ပြန်တဲ့စေတနာကို လက်မခံ ဘူးဆိုရင် မတရားဘူး။ မောင် စေတနာရှိသလို မွန်ကလည်း စေတနာမရှိရဘူးလား”

 

ဗစ်တာသည် ဘာမှပြန်မပြောတော့ချေ။ မွန်ပြောသောစကားများမှာ ရှင်းလင်းပြတ်သားလှသည်။

 

‘မ’ ကိုယ်တိုင်ပင် မွန်၏မာနကို အံ့သြမိသည်။ ကိုဘခက်ကမူ ‘မ’ ဝေဖန်ခဲ့သလို မွန်သည် ပြတ်သား သည်၊ မာနရှိသည်၊ ရည်မှန်းချက်ကြီးသူတစ်ယောက် ဖြစ်သည်ကို အကဲခတ်လိုက်မိသည်။

 

“ကဲပါကွယ်...မွန်ကလည်း ဗစ်တာစိတ်မကောင်း ဖြစ်နေပါဦးမယ်။ မင်္ဂလာစရိတ်ကို တစ်ဝက်စီခံမယ်။ ပြီးတော့ မွန်တို့အတွက် ဒက်ဒီနဲ့ မာမီက မွန်တို့ ကြိုက်တဲ့ ကားတစ်စီး ဝယ်ပေးမယ်။ ပြီးတော့ ဗစ်တာနိုင်ငံခြားသွားရင် အဲဒီစရိတ်အတွက် မာမီက ခံမယ်”

 

“မလိုပါဘူး မာမီ၊ ဒါက လူပြောခံရတယ်။ မာမီ ကူညီချင်ရင် အတွင်းပစ္စည်းဝယ်ပေး။ ဗစ်တာ့စရိတ် က သူ့မိဘက ခံလိမ့်မယ်။ သမီးတို့က ခံစရာမလိုဘူး။ နို့မို့ရင် ယောက်ျားတစ်ယောက်ကို ဝယ်ယူရသလို ပြောစရာဖြစ်နေမယ်”

 

“ဟုတ်ပါတယ်အန်တီ၊ မွန်ပြောတဲ့အတိုင်း ကောင်းပါတယ်”

 

မွန်သည် ယောက်ျားတစ်ယောက်ကို စိတ်ကြိုက်ခေါင်းခေါက်၍ယူလိုက်ကြောင်း ‘မ’ က ကောင်းကောင်း သဘောပေါက်လိုက်မိသည်။ မွန်၏စကားများသည် ပြတ်သားလွန်းလှသည်ဟုလည်း ‘မ’ က ထင်မိသည်။

 

မော်ကမူ မွန်၏ပခုံးကို လှုပ်ခါရင်း ခုန်ပေါက်နေသည်။

 

“ဟေး....ဟုတ်တယ်...ဟုတ်တယ်၊ မာမီပြောတာ မှန်တယ်။ ဒါပဲနော်...မော်တို့အလှည့်ကျရင်လည်း ဒီလိုပဲပေးရမယ်။ ဘဲလ်ယားတစ်စီး၊ တိုက်တစ်လုံး၊ စန္ဒရားတစ်လုံး၊ တိတ်ရီကော်ဒါတစ်လုံး၊ ရေခဲ သေတ္တာ။ ပြီးတော့ ဘဏ်မှာ ငွေတစ်သောင်းစီ သွင်းပေးရမယ်။ ဟုတ်လား...နော်... မာမီ မော်က အငယ်ဆုံးဆိုတော့ မော့်ကို ပိုပြီးပေးရမယ်နော် မာမီ”

 

“အဲဒီကောင်မလေး အရူးလား...နင်က ဘယ် ယောက်ျားသွားပြီးယူမလို့လဲ”

 

မွန်က မော်၏ဆံပင်ကိုပွတ်ရင်း ငေါက်လိုက်သည်။ မော်က မျက်ခုံးကလေးကို ပင့်ပြီးလျှင် နှုတ်ခမ်းကို မဲ့လိုက်သည်။

 

“အံမယ်...ယောက်ျားယူတာများ ဘာခက်လို့လဲ။ အခုထွက်ပြီး ယူပြလိုက်မယ်။ ရှိုးကျကျနေနိုင်ဖို့ပဲ အရေးကြီးတာ။ မော်တို့က ရှင်းရှင်းပဲ။ ယောက်ျားယူပြီး ဘာအလုပ်မှ မလုပ်ဘူး။ ဘဲလ်ယားစီးပြီး ပါတီပွဲတွေ လျှောက်သွားပြီး ဘဏ်မှာရှိတဲ့ငွေကို ဖြုန်းပစ်လိုက်မှာပဲ။ ကုန်ရင် ယောက်ျားလုပ်တဲ့လူ ကို အရှာခိုင်းမယ်။ ယောက်ျားဆိုတာ မိန်းမဖြုန်းနိုင် ဖို့ ပိုက်ဆံရှာတဲ့ သတ္တဝါတွေပဲ မဟုတ်ဘူးလား ဒက်ဒီ”

 

“ဟယ်...ဒီကောင်မလေး အရူးမဟုတ် အကောင်းမဟုတ် လျှောက်ပြောမနေစမ်းနဲ့”

 

ဦးကျော်ဒင်သည် ဆေးပြင်းလိပ်ကို ဖွာရင်းနေရာမှ ထလိုက်သည်။ မော်ကမူ မချိုမချဉ်မျက်နှာဖြင့် ဦးကျော်ဒင်၏လက်တစ်ဖက်ကို ဆွဲလိုက်သည်။

 

“အမယ်...ဒက်ဒီက ရှက်မနေပါနဲ့၊ ဒက်ဒီရှာထားတဲ့ ပိုက်ဆံတွေဟာ မာမီ ပိုကာဒေါင်းဖို့ချည်းပဲ မဟုတ်လား”

 

“ဟေ့...ငါ ပိုကာဒေါင်းတာ ဘယ်တုန်းကများ ရှုံးဖူးလို့လဲ။ ညည်းတို့ ဖြုန်းသလောက်တောင် မရှိဘူး”

 

မော်သည် လျှာကလေးကထုတ်၍ မျက်လုံးပြူးလိုက်သည်။

 

မွန်က ဗစ်တာ့ကို လှမ်းကြည့်လိုက်သည်။ ဗစ်တာသည် မွန့်မျက်နှာကို အကဲခတ်၍ ကြည့်နေရှာသည်။

 

“ကဲ...မွန် ကျေနပ်တယ်နော်။ ရက်ရွေးပေးဖို့ ကတော့ အန်တီတို့ ကြည့်ပြီးရွေးမှာပေါ့”

 

“ငါရွေးမယ်ဟေ့...ငါရွေးပေးမယ်၊ ယူကြစမ်း တစ်ယောက်ပြီးတစ်ယောက်၊ ငါ့သမီးတစ်ယောက် ကတော့ ငါနဲ့အတူကျန်မှာပဲ။ မော်လည်း ယူချင်ရင် ယူသာယူ၊ တစ်နှစ် နှစ်မင်္ဂလာဆိုရင် ပိုပြီး ကောင်းတယ်”

 

မော်သည် ဦးကျော်ဒင်အား ဖက်လိုက်သည်။

 

“ဒါမှ တို့ဒက်ဒီကွ၊ သမီးကို ရက်ကောင်းလေးရွေး ပေးနော်”

 

“မော်ရယ်...နားငြီးလွန်းလို့ နင့်ပါးစပ်ကို ဝါးစရာ တစ်ခုခုထည့်ထားစမ်း”

 

‘မ’ က စိတ်ပျက်သံဖြင့် ညည်းလိုက်သည်။ မွန်ကလည်း မော့်ကို ခပ်တည်တည် လှမ်း၍ကြည့်လိုက် သည်။

 

“ရက်တော့ မာမီ ကြည့်ပြီး ရွေးပေးလိမ့်မယ်။ စီစဉ်စရာရှိတာ စီစဉ်ဖို့တော့ မောင်လာခဲ့နော်။ တီးဝိုင်းကတော့ ဆရာ့တီးဝိုင်းပဲ၊ အပြင်ငှားရင်လည်း ဆရာပါ ဝင်တီးရမှာပဲ...။

 

“ဟုတ်တာပေါ့၊ တီးဝိုင်းကိုတော့ ငါ့စိတ်ကြိုက်ဟေ့။ နင်တို့ဂေါ်ဂီတွေ မထည့်ရဘူး။ မြန်မာတီးဝိုင်း စစ်စစ် တီးရမယ်။ မောင်ဘခက်စောင်းနဲ့ နှဲဆရာ တစ်ယောက်၊ ဗုံဆရာတစ်ယောက်၊ အဆိုတော်တစ် ယောက် ငှားရမယ်”

 

ဒေါ်ခင်မျိုးသန့်က ဦးကျော်ဒင်ကို ပြုံး၍ကြည့် လိုက်ပြီးလျှင် ခပ်ငေါ့ငေါ့ ပြောလိုက်သည်။

 

“ဟုတ်ပါတယ်ရှင်၊ တီးဝိုင်းခေါင်းဆောင်ပဲ အသံမကောင်းချင်နေ အဆိုတော် ချောချောလေးတစ် ယောက် ငှားပေါ့”

 

“မင်း ဒါတွေနားမလည်ပါဘူးကွာ။ မင်းနားလည်တာက ဂျိုကာနှစ်ကောင်တို့၊ တုတ်စားတာတို့ပဲ နားလည်မှာပေါ့”

 

ဗစ်တာသည် နေရာမှထလိုက်ရင်း ဦးကျော်ဒင်နှင့် ဒေါ်ခင်မျိုးသန့်ကို ရိုသေကိုင်းရှိုင်းသော အမူအရာ ဖြင့် နှုတ်ဆက်လိုက်သည်။

 

“ကဲ...ကျွန်တော့်ကိုခွင့်ပြုပါဦးအန်ကယ်၊ အန်တီ ကျွန်တော်ပြန်ပါရစေ”

 

“အေး...အေး...ဟုတ်ပါရဲ့၊ ညဉ့်နက်နေမယ်။ ရက်ကောင်းရက်မြတ် ရွေးဖို့ကတော့ကွယ် အန်တီ ဆရာဘန္နဆီသွားပြီး မေးလိုက်မယ်”

 

“ဟုတ်ကဲ့ အန်တီ၊ မွန်...ကိုယ်ပြန်မယ်နော်”

 

ဗစ်တာက အားလုံးကို နှုတ်ဆက်၍ ဧည့်ခန်းမှ ထသွားသောအခါ မွန်သည် ဗစ်တာ့နောက်သို့ လိုက်သွားလေသည်။ မော်သည် မွန့်ကို ပြုံးစစဖြင့် ကြည့်နေသည်။ ဦးကျော်ဒင်သည် ကိုဘခက်ကို လှမ်းကြည့်ရင်း...

 

“ဟေ့...မောင်ဘခက်၊ ကော်ဖီသောက်ပါလားကွဲ့။ ကော်ဖီတွေ အိုးထဲမှာရှိတယ်”

 

“တော်ပြီ ဦးလေး၊ ကျွန်တော် စောစောက သောက်ပြီးပြီ”

 

ကိုဘခက်သည် ‘မ’ ကို တစ်ချက်မျှလှမ်းကြည့်ပြီးလျှင် အခန်းဆီသို့ ထွက်ခဲ့လေသည်။ ကိုဘခက် အခန်းတွင်းသို့ ဝင်သွားသောအခါ ဦးကျော်ဒင်နှင့် ဒေါ်ခင်မျိုးသန့်သည် အပေါ်ထပ်သို့ တက်သွားကြသည်။

 

‘မ’ ကမူ မောင်အေးကို လှမ်း၍ခေါ်လိုက်သည်။

 

“မောင်အေးရေ...ဆရာ့အခန်းထဲကို ကော်ဖီပို့လိုက်ပါ။ ဆေးလိပ်၊ မီးခြစ် လိုတာယူပေးလိုက်နော်။ တံခါးပေါက်တွေလည်း ကြည့်ပြီးပိတ်”

 

‘မ’ အပေါ်ထပ်သို့ တက်သွားသောအခါ မော်သည် အခန်းတွင်းသို့ အပြေးဝင်လာသည်။ မွန်က နောက်မှ လိုက်၍လာသည်။ မော်သည် ‘မ’ ခုတင်ဘေးတွင် ဝင်ပုန်းလိုက်သည်။

 

“‘မ’ရေ...မော်လေ ရုပ်ရှင်ကားကောင်းတစ်ခု ကြည့်ခဲ့ရတယ်ကွ။ မင်းသားက မင်းသမီးနှုတ်ခမ်း ကလေးကို တအားဖက်ပြီး နမ်းလိုက်တာကွာ... အသည်းတောင် ယားလာတယ်”

 

မွန်သည် မော့်ကို မျက်နှာထားဖြင့် ကြည့်လိုက်သည်။

 

ဆက်လက်ဖော်ပြပါမည်။