အရက်နှင့် သက်ကြီးဘိုးဘွားကျန်းမာရေး

နေပြည်တော် ၇ မေ

သက်ကြီးဘိုးဘွားများ အရက်သောက်ပါက နှလုံးရောဂါ၊ အသည်းခြောက်ရောဂါ၊ အစာအိမ်အနာရောဂါများဖြစ်ခြင်း၊ ခြေလက်များထုံကျဉ်ကိုက်ခဲခြင်း၊ ပိုမို၍ သတိမေ့လျော့လာခြင်း၊ မကြာခဏ လိမ့်ကျခြင်း၊ ချော်လဲခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်းတို့ကို ပိုမိုဖြစ်ပွားတက်ပြီး အရက်သမား သက်ကြီးဘိုးဘွားတို့အား ပတ်ဝန်းကျင်မှ ရှောင်ကြဉ်လာပါမည်။

အရက်ဖြတ်ရန် လိုအပ်ချက်များ

• မိသားစု၊ ဆွေမျိုးမိတ်ဆွေများမှ ထောက်ခံအားပေးရပါမည်။

• အရက်၏ ဆိုးကျိုးများ ဆွေးနွေးပညာပေးပြီး အကျိုးအပြစ်များ ဆန်းစစ်ရပါမည်။

• တက်ကျွမ်းသူနှင့် တိုင်ပင်ဆွေးနွေးပြီး ဆေးရုံတက်၍ အရက်ဖြတ်ပါက ပိုမိုကောင်းမွန်ပါမည်။

သက်ကြီးဘိုးဘွားနှင့် ထိခိုက်ဒဏ်ရာ

သက်ကြီးဘိုးဘွားများအနေဖြင့် မျက်စိမှုန်ခြင်း၊ နားလေးခြင်းတို့ကြောင့်လည်းကောင်း၊ ကြွက်သားအားလျော့နည်းမှုနှင့် အရိုးအဆစ်များခိုင်မာမှု ကျဆင်းလာသောကြောင့် ခန္ဓာကိုယ်ဟန်ချက် မထိန်းနိုင်ခြင်း၊ အပူအအေးသိမှု ကျဆင်းလာမှုတို့ကြောင့် ထိခိုက်ဒဏ်ရာများပိုမိုရရှိလာနိုင်ပါသည်။

ထိခိုက်ဒဏ်ရာရရှိမှုမှ ကာကွယ်နိုင်မည့် နည်းလမ်းများ

• သက်ကြီးဘိုးဘွား၏ ပတ်ဝန်းကျင်တွင် မြင်သာထင်သာသော အရောင်များသုံးရမည်။

• ထိခိုက်ဒဏ်ရာရရှိနိုင်သော အတားအဆီးပစ္စည်းများကို ဖယ်ရှားထားရမည်။

• အလင်းရောင်ကောင်းစွာ ရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ပေးရမည်။

• ဖမ်းကိုင်၊ ဆုပ်ကိုင်နိုင်သော ပစ္စည်းများ၊ တန်းများ ထားပေးရမည်။

• ချော်လဲနိုင်သောဖိနပ်များကို မစီးရပါ။

• နားကောင်းစွာကြားအောင် နားဖာချေးပိတ်ဆို့မှုမရှိစေရန် မှန်မှန် နားဖာချေး ကလော်ပေးရမည်။

• မျက်မှန်ကိုပါဝါကိုက်အောင် နှစ်စဉ်စမ်းသပ်ပေးရမည်။

• တုတ်ကောက်၊ တောင်ဝှေးသုံး၍ သွားလာရန် အားပေးရမည်။ လှဲလျောင်းနေရာ၊ ထိုင်နေရာမှ ချက်ချင်း လျင်လျင်မြန်မြန်မထရန် သတိပေးရပါမည်။ ရုတ်တရက် သွေးပေါင်ချိန်ကျ၍ လဲကျနိုင်ပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN