အရည်အချင်းပြည့် နိုင်ငံသားကောင်း

mdn

နေပြည်တော် ၁၇ ဇူလိုင်

 

မြန်မာနိုင်ငံ၏လူဦးရေသည် ယခု ၂၀၁၉ ခုနှစ်တွင် ၅၄ သန်းကျော်ရှိ နေသည်။ ယင်းအရေ အတွက်သည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်များကိုအခြေခံ၍ ခန့်မှန်းတွက်ချက် ထားခြင်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၅၉ သန်းကျော်ခန့် ရှိလာနိုင်မည်ဟူ၍လည်း ခန့်မှန်းထားသည်။

 

နိုင်ငံတစ်နိုင်ငံ၏ အင်္ဂါရပ်လေးပါးတွင် (၁) နယ်နိမိတ်၊ (၂) လူဦးရေ၊ (၃) အစိုးရနှင့် (၄) အချုပ်အခြာအာဏာဟူ၍ ပါရှိရာ နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ သို့မဟုတ် နိုင်ငံသား ပြည်သူလူထုသည် ယင်းနိုင်ငံ၏ အင်္ဂါတစ်ပါး ပင်ဖြစ်သည်။ ဂရိအတွေးအခေါ် ပညာရှင်ကြီး အရစ္စတိုတယ်၏အဓိပ္ပာယ် ဖွင့်ဆိုမှုအရ နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်၏တာဝန်ကို ဝေပုံကျ ထမ်းဆောင်၍ ဝတ္တရားအလိုက် ခံစားထိုက်သော အခွင့်အရေးတို့ကို ခံစားပိုင်ခွင့်ရှိသူဖြစ်သည်ဟု ဆိုထားရာ နိုင်ငံသားတိုင်းတွင် တာဝန်နှင့် အခွင့်အရေးတို့ ဒွန်တွဲ၍ ရှိနေကြောင်း သိရှိနားလည်ထားကြရမည်ဖြစ် သည်။ နိုင်ငံသား တစ်ဦးအနေဖြင့် တာဝန်ဝတ္တရားတို့ ပျက်ကွက်ပါက နိုင်ငံသားတစ်ဦး၏ အရည်အချင်းပျက်ယွင်းမှု ဖြစ်ပြီး တစ်နည်းအားဖြင့် ဆိုပါက နိုင်ငံသားဖြစ်ထိုက်သော အရည်အချင်းမရှိသူဟူ၍ ဆိုရမည် ဖြစ်သည်။

 

တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရသူများသည် နိုင်ငံသားဟူ၍ ဖြစ်လာကြသော်လည်း တကယ့် နိုင်ငံသားပီသစေရန် တစ်နည်းအားဖြင့် နိုင်ငံသားကောင်းဟူ၍ ဖြစ်လာ စေရန်မှာမူ ဂုဏ်အင်္ဂါအရည်အချင်းများစွာတို့ ပြည့်စုံဖို့လိုအပ်သည်။ ယင်းအနက် အရေးကြီးဆုံးအချက်တစ်ရပ်မှာ နိုင်ငံသားတိုင်း ဉာဏ်ပညာ ဗဟုသုတနှင့် ပြည့်စုံရန် ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီကျင့်သုံးသော နိုင်ငံမှ နိုင်ငံသူ နိုင်ငံသားတိုင်း ကောင်းဆိုးကျိုးပြစ်တို့ကို ဝေဖန်ပိုင်းခြား နိုင်သည့် ဆင်ခြင်တုံတရားနှင့် ပြည့်စုံကြဖို့ လိုအပ်ချက်ဖြစ်သည်။ ဒုတိယ အရေးကြီးသည့်အချက်မှာ နိုင်ငံသားတိုင်း ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးတို့ကို စောင့်ထိန်းနိုင်သည့် သံယမသဘောရှိကြရန်ဖြစ်သည်။ ပြုလုပ်ရာတွင် လည်းကောင်း၊ ပြောဆိုရာတွင်လည်းကောင်း၊ တွေးခေါ်မြော်မြင်ရာတွင် လည်းကောင်း ဉာဏ်၏နောက်သို့သာ လိုက်ခြင်း၊ အလွန်အကျူးမပြုမူခြင်း၊ အစွန်းမရောက်ခြင်းတို့ပင်ဖြစ်သည်။ တတိယအရေးကြီးသည့်အချက်မှာ နိုင်ငံသားတိုင်း စည်းကမ်း လိုက်နာကြရန်၊ စည်းကမ်းကို ရိုသေလေးစားကြ ရန်ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် နေထိုင်ကြ သူတိုင်း အများနှင့် နေထိုင်ကြရသည့်အလျောက် လူတစ်ဦးချင်းစီ၏ အကျိုး၊ လူ့အဖွဲ့အစည်း၏ အကျိုးအတွက် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာကြ ရမြဲပင်ဖြစ်သည်။ စတုတ္ထအရေးကြီးသည့်အချက်မှာ နိုင်ငံသားတိုင်း ပြည်သူ့တာဝန်ကို သိနားလည်ခံယူခြင်းပင် ဖြစ်သည်။ တရားဥပဒေနှင့်အညီ နေထိုင်ခြင်း၊ အများအကျိုးအတွက် ဆောင်ရွက်ခြင်း၊ နိုင်ငံကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် ကိုယ်ရောစိတ်ပါဆောင်ရွက်ခြင်း၊ အသိဉာဏ်နှင့် ယှဉ်၍ မဲပေးခြင်း၊ တာဝန်ကျေပွန်စွာအခွန်ငွေတို့ပေး ဆောင်ခြင်းစသည်တို့မှာ ပြည်သူတို့၏ တာဝန်များပင်ဖြစ်သည်။ ပဥ္စမမြောက် နောက်ဆုံးအရေးကြီးသည့်အချက်မှာမူ နိုင်ငံသားချင်းချင်း အညီအညွတ်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အများအကျိုး၊ နိုင်ငံအကျိုးအတွက် စည်းလုံးညီညွတ် စွာပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး ယင်းသို့စည်းလုံးညီညွတ်ကြသည့် နိုင်ငံတိုင်းမှာ ထိပ်တန်းဘ၀ သို့ တက်လှမ်းနိုင်ကြမြဲဖြစ်သည်။

 

မိမိတို့သည် အရည်အချင်းနှင့်ပြည့်စုံသော နိုင်ငံသားများ ဖြစ်မဖြစ်ကိုမူ မိမိကိုယ်ကို လေ့လာ ဆန်းစစ်နိုင်ကြဖို့ပင်ဖြစ်သည်။ ဉာဏ်ပညာ ဗဟုသုတနှင့် ဆင်ခြင်တုံတရားတို့ နည်းပါးချို့တဲ့သော၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိသော၊ ကိုယ်နှုတ်နှလုံးသုံးပါးသော အပြုအမူတို့ အထိန်းအကွပ် မဲ့သော၊ စည်းမဲ့ကမ်းမဲ့ပရမ်းပတာနိုင်လှသော၊ တာဝန်ဝတ္တရားတို့ကို နားလည်ခံယူမှုမရှိသော၊ စည်းလုံးညီညွတ်မှုတို့ ကင်းမဲ့နေသော မည်ကာမတ္တနိုင်ငံသားဆိုရုံမျှဖြင့် လူဦးရေအရေအတွက် မည်မျှ များပြားစေကာမူ အရည်အချင်းကင်းမဲ့နေပါက ဂုဏ်အင်္ဂါမြင့်မားသော နိုင်ငံတည်ဆောက်ရေး အလှမ်းဝေးရသည့်အဖြစ်သို့ မကျရောက်စေရန် န်ိုင်ငံသားကောင်းများဖြစ်စေရေး ဖြည့်ကျင့်ကြရပါ မည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း