အရည်အချင်းပြည့်ဝသည့် မြားပစ်နည်းပြဆရာ ဆရာမများကို မွေးထုတ်ပေးနိုင်ရေး မြားပစ်အားကစား  နည်းစနစ်များ နည်းပြသင်တန်းဖွင့်လှစ်

ရန်ကုန် ၁၇ မေ 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် မြားပစ်နည်းပြ မွမ်းမံသင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက တာမွေမြို့နယ် ကျိုက္ကဆံကွင်းရှိ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။ 

သင်တန်းတွင် အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇေသီဟ ဒုတိယဥက္ကဋ္ဌ ဦးတောက်ထွန်းတို့က သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် သင်တန်းပို့ချပေးမည့်အကြောင်းအရာများအား ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ကစားသမားတွေ ခါးဆက်ပြတ်နေသလို နည်းပြဆရာတွေလည်း ခါးဆက်ပျက်နေတယ်။ ဒါ့ကြောင့် အရည်အသွေးပြည့်ဝတဲ့ ထူးချွန်နည်းပြ ရရှိဖို့ဆိုတာ အရေးကြီးပါတယ်။ ထူးချွန်ထက်မြက်တဲ့ နည်းပြတွေရှိမှ ရွှေတံဆိပ်ရနိုင်မယ့် ကစားသမားများရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေတဲ့ မြားပစ်အားကစားနည်းစနစ်များကို သိရှိနားလည်ပြီး အရည်အချင်းပြည့်ဝတဲ့ မြားပစ်နည်းပြဆရာ ဆရာမများကို မွေးထုတ်ပေးဖို့ရည်ရွယ်ဖွင့်လှစ်တာဖြစ်ပါတယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ဦးကပြောသည်။

 

mdn

 

အဆိုပါမြားပစ်နည်းပြသင်တန်းကို ကိုးရီးယားနိုင်ငံမှ ကမ္ဘာ့အဆင့်နည်းပြဆရာ Mr.Youn Byung Sun နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံအာကာစိုး