အရည်အသွေးဆိုင်ရာ စံချိန်စံနှုန်းမမီသည့် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများအား လိုက်နာမှုမရှိပါက လုပ်ငန်းအား အပြီးတိုင် ပိတ်သိမ်းအရေးယူသွားမည်ဟု ဦးနိုင်ငံလင်း ပြောကြား

ရန်ကုန် ၁၆ မေ

 

အရည်အသွေးပိုင်း စစ်ဆေးချက်များနှင့် စံချိန်စံညွှန်းမမှီသော ဓာတ်ခွဲ၊ ဓာတ်မှန်များအား ပြုပြင်စေခြင်း၊ သတိပေးခြင်းများ ပြုလုပ်လျက်ရှိပြီး လိုက်နာမှုမရှိပါက လုပ်ငန်းအား အပြီးတိုင် ပိတ်သိမ်းအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားမဝင် ဆေးကုခန်းများနှင့် စံချိန်စံညွှန်း မကိုက်ညီသော ဓာတ်မှန်/ ဓာတ်ခွဲခန်းများအား မည်ကဲ့သို့ စိစစ်အရေးယူဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၅၊ ပုဒ်မခွဲ(ည)နှင့် ပုဒ်မ ၄၂၊ ပုဒ်မ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင်းသုံး၍ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာ ကြီးကြီးရေးကော်မတီကို အဖွဲ့ဝင် (၁၂)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့အနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ လျှောက်ထားလာမှုအပေါ် အဖွဲ့လိုက် ကွင်းဆင်းစစ်ဆေးလျက်ရှိပါကြောင်းနှင့် တရားမဝင် ဆေးခန်းများအား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေများနှင့်အညီ စစ်ဆေးအရေးယူ လျက်ရှိကြောင်း” ပြောသည်။

 

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပုဂ္ဂလိကအားကစားဝန်ကြီးဌာန၊ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဗဟိုအဖွဲ့၏ (၁၅-၂-၂၀၁၇) ရက်စွဲပါစာအရ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့သည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၂၂ နှင့် ပုဒ်မ ၄၂၊ ပုဒ်မခွဲ (ခ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဂ္ဂလိကကျန်းမာရေး အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ကို အဖွဲ့ဝင်(၂၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ဝင်များအနေဖြင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ အရည်အသွေးဆိုင်ရာ စစ်ဆေးမှုပုံစံများနှင့်တကွ ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

 

MDN