အရည်အသွေးမီမီ ခိုင်ခိုင်ခံ့ခံ့

mdn

နေပြည်တော် ၂၃ အောက်တိုဘာ

 

မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်နိုင်ခြေရှိသည့် နိုင်ငံများထဲတွင် ပါဝင်သည်။ မုန်တိုင်း တိုက်ခတ်ခြင်း၊ ရေကြီး ရေလျှံခြင်း၊ တောင်ပြိုမြေပြိုခြင်း၊ မြေငလျင်လှုပ်ခြင်း စသည့်သဘာဝ ဘေးအန္တရာယ်များ အားလုံးကို မြန်မာနိုင်ငံသားတို့ အတိတ်ကာလ တစ်လျှောက်တွင် ရင်ဆိုင်ခဲ့ကြရဖူးသည်ချည်း။ သဘာဝဘေး အန္တရာယ်ဆိုသည်မှာ တားဆီး၍မရသည် ဖြစ်သည့်အလျောက် အနာဂတ်တွင်လည်း တစ်ချိန်မဟုတ်တစ်ချိန်တွင် သဘာဝဘေးတစ်ခု မဟုတ်တစ်ခုနှင့် ရင်ဆိုင်ကြရဦးမည်။

 

သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့် မြေငလျင်တို့က ' အင်အားကြီးလျှင်ကြီးသလောက် အဖျက်စွမ်းအား လည်း ကြီးတတ်ကြသည်။ မြန်မာနိုင်ငံသည် ပင်လယ်ကမ်းရိုးတန်းရှည်လျားသည့်အလျောက် မုန်တိုင်းတိုက်ခတ်လေ့ ရှိသည့် ရာသီတိုင်းတွင်မုန်တိုင်းတစ်ခုမဟုတ်တစ်ခု နှင့် ရင်ဆိုင်ကြရစမြဲ။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်တွင် မြန်မာနိုင်ငံ အောက်ပိုင်းကို ဖြတ်သန်းဝင်ရောက်ခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြီးမှာ မြန်မာနိုင်ငံ သမိုင်းတွင်ရော ကမ္ဘာ့သဘာဝဘေးအန္တရာယ် မှတ်တမ်းများတွင်ပါ အဆိုးရွားဆုံးစာရင်းဝင်သည်။ ပင်လယ်မှ ကုန်းတွင်း သို့ ဝင်ရောက်ချိန်တွင် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်းဖြင့် တိုက်ခတ် ခဲ့ပြီး ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကို ဆိုးဆိုးရွားရွားထိခိုက် ပျက်စီးစေခဲ့သည်။ လူပေါင်း ၁၄ဝဝဝဝ နီးနီး သေကျေပျက်စီးခဲ့ပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြသည်။ မုန်တိုင်းဒဏ်ခံရသူတို့ကို ရုပ်ပိုင်းရောစိတ်ပိုင်းပါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကာလရှည်ကြာ ဆောင်ရွက်ခဲ့ရသည်။ သို့ရာတွင် မူလအခြေအနေသို့ ပြန်လည်မရောက်ရှိနိုင်တော့။ နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကို ကြီးကြီး မားမား ထိခိုက်ပျက်စီးစေခဲ့သလို မုန်တိုင်းဒဏ်ခံရသည့် ဒေသတွင်း နေထိုင်သူတို့၏ စီးပွားရေးဘဝများ၊ လူမှုရေးဘဝများကိုပါ နှစ်ရှည်လ များ ထိခိုက်ပျက်စီးသွားစေခဲ့သည်။

 

မုန်တိုင်းကဲ့သို့ပင် မြေငလျင်သည်လည်း အဖျက်စွမ်းအားကြီးမား တတ်ရာ မြန်မာနိုင်ငံသည် သမိုင်းတစ်လျှောက် အဖျက်စွမ်းအားပြင်းထန် သည့် မြေငလျင်ကြီးများ လှုပ်ခတ်မှုကို ခံစားခဲ့ရသည်။ ထိုမြေငလျင်ကြီး များသည်လည်း ကမ္ဘာ့မြေငလျင်မှတ်တမ်းများတွင်ပါ ပါဝင်သည့် ငလျင်ကြီးများ ဖြစ်သည်။ ရခိုင်ကမ်းခြေ အစိတ်အပိုင်းအချို့ ပင်လယ်ထဲ နစ်မြုပ်ခဲ့ရသည့် ၁၇၆၂ ခုနှစ် ဧပြီ ၂ ရက် မြေငလျင်၊ အမရပူရမြို့ပျက်စီးပြီး လူပေါင်း ၃၀၀ ကျော် သေဆုံးကာ ဧရာဝတီမြစ်ကြီးပင်လျှင် ခေတ္တမျှ ပြောင်းပြန်စီးခဲ့ရသည့် ၁၈၃၉ ခုနှစ် အင်းဝငလျင်၊ မာကယ်လီ စကေး အဆင့် ၁၀ ရှိပြီး မြန်မာနိုင်ငံသမိုင်းတွင် အင်အားအပြင်းထန်ဆုံး ဖြစ်ခဲ့သည့် ၁၉၃၀ ပြည့်နှစ် ပဲခူးမြေငလျင်၊ မာကယ်လီ စကေး ၉ ရှိသော ၁၉၅၆ ခုနှစ် စစ်ကိုင်းငလျင်နှင့် ရှေးဟောင်းအမွေအနှစ်စေတီပုထိုးများ ပြိုကျပျက်စီးခဲ့ရသည့် ၁၉၇၅ ခုနှစ် ပုဂံငလျင်တို့မှာ မှတ်တမ်းဝင် ငလျင်ကြီးများဖြစ်သည်။ မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၏ ဧရာမမြို့ကြီး များဖြစ်နေသော ရန်ကုန်၊ မန္တလေး အပါအဝင် လူဦးရေ ထူထပ်များပြားသည့် မြို့အများအပြားမှာ ငလျင်ကြောပေါ်တွင် တည်ရှိ နေကြသည်။

 

မုန်တိုင်းဘယ်အချိန်တိုက်မည်၊ မြေငလျင်ဘယ်အချိန်လှုပ်မည်ကို ကြိုတင်၍ ခန့်မှန်းနိုင်ရန်မလွယ်။ မုန်တိုင်းကို မုန်တိုင်းအဖြစ် စတင်ရောက်ရှိလာချိန်မှ စောင့်ကြည့်ခန့်မှန်းကြရသလို မြေငလျင် ဆိုလျှင်လည်း အလွန်ထူးခြားသည့် ဘူမိသွင်ပြင်ပြောင်းလဲမှုများကို တွေ့ရှိရမှသာ ဖြစ်နိုင်ခြေကို ခန့်မှန်းကြရသည်ဟု ဆိုသည်။ ဆိုလိုသည်မှာ သဘာဝဘေးအန္တရာယ်များသည် အချိန်မရွေးဖြစ်ပေါ်လာနိုင် သည့်အလျောက် ကြိုတင်ပြင်ဆင်ထားကြရန်ပင် ဖြစ်သည်။ အထူးသဖြင့် လူသားတို့ သေကျေထိခိုက်ဒဏ်ရာရကြသည်မှာ အပျက်အစီးတို့ ထိခိုက်မှုကြောင့်ပင်ဖြစ်သည်။ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချပေးနိုင်ရန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သလို “ဘာပဲဆောက်ဆောက် ခိုင်အောင်ဆောက်” ပေးကြရန်ပင်ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံ၊ ရုံး၊ ကျောင်း၊ လမ်း၊ တံတား၊ ဆည်တာတမံ စသည်ဖြင့် ဆောက်လုပ်ကြရာတွင် မုန်တိုင်း၊ ရေကြီးရေလျှံ၊ မြေပြို၊ မြေငလျင် တို့ကိုပါ ထည့်သွင်းတွက်ချက်စဉ်းစားပြီး ဒီဇိုင်းပုံထုတ်ရာမှသည် ဆောက်လုပ်သည်အထိ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု မရှိရေး ကြိုတင်မျှော်တွေးကာ အရည်အသွေးမီမီခိုင်ခိုင်ခံ့ခံ့ တည်ဆောက် ကြရပါမည့်အကြောင်း။ ။

 

မြန်မာ့အလင်း