အရှုံးမပေး ကြံ့ကြံ့ခံသည့် သတ္တိဖြင့်

သွားဟယ်လာဟယ်၊ ရောင်းဝယ် ဖောက်ကားဟယ်၊ တိုးဟယ် ဝှေ့ဟယ်ဖြင့် အစဉ်အမြဲ လှုပ်ရှားနေလေ့ရှိသည့် ရန်ကုန်မြို့မြင်ကွင်း ကို တိတ်ဆိတ်ခြောက်သွေ့မှုက လွှမ်းခြုံထားနေ၏။ ရန်ကုန်မြို့တွင် သာမက အခြားသော မြို့ကြီးများနှင့် နိုင်ငံအနှံ့ရှိ ဒေသအတော် များများ၌ စိုးရိမ်ကြောင့်ကြမှုများနေသည့် ပြည်သူတို့ကို တွေ့နေရ ၏။ ကပ်ရောဂါ၏ အနေအထားကြောင့် ထိုသို့ စိုးရိမ်ပူပန်နေကြ သည်မှာ လူ့သဘာဝပဲဖြစ်၏ဟု သဘောရပါသည်။

ယခုဆိုလျှင် နိုင်ငံတွင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု သည် ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ခန့်မှန်းထားသည့်အတိုင်း အများအပြားတိုးမြင့်လာနေပေသည်။ ကိုဗစ်ရောဂါပိုးကူးစက်ခံရ သူ စုစုပေါင်း တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့ပြီ။ သေဆုံးသူခြောက်ဦးဟူသည့် အရေအတွက်ဖြင့် လပေါင်းများစွာ ထိန်းချုပ်ထား ခဲ့ရာမှ ယခု ဒုတိယဂယက်တွင် သေဆုံးသူ ၂၈၀ ကျော်ရှိခဲ့ပြီ။

လူအများစိုးရိမ်ပူပန်နေကြသည်တို့ လျော့ပါးသွားစေရန်မှာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု ကျဆင်းအောင် လူတိုင်းက ဝိုင်းဝန်းကြိုးစားခြင်းဖြင့် ကုစားကြရပါမည်။ ကြံ့ကြံ့ခိုင်မှု၊ သတိ ကြီးစွာထားမှု၊ မိမိ၏နေ့စဉ်နေထိုင်သွားလာမှုပုံစံကို အလေးအနက် ထား ဂရုပြုမှုတို့ဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်သာ။

ကိုဗစ်ရောဂါက မလွှဲမရှောင်သာ ကြုံတွေ့ကြရသည့် ကပ်ရောဂါ ဖြစ်၏။ ကမ္ဘာနှင့်အတူ ရင်ဆိုင်ကြရသော အကျပ်အတည်းဖြစ်၏။ ကမ္ဘာနှင့်အဝန်းသည်လည်း ဤရောဂါပိုးကူးစက်မှုဒဏ်ကို အပြင်း အထန် ခုခံနေကြရ၏။ အဖိတ်အစဉ်များ၊ နာကျင်မှုများဖြင့် အလူးအလဲ ခံနေကြရဆဲပင် ဖြစ်ပါသည်။

ခံစားနေရသူတို့ကို သက်သာပျောက်ကင်းအောင် ပြုစုရင်း၊ နောက်ထပ်ကူးစက်မှုများ တိုးပွားမလာအောင် ထိန်းချုပ်ကာကွယ် နေရခြင်းကပင် စိန်ခေါ်မှုအကြီးအမားဖြစ်နေပေသည်။ အခြား တစ်ဖက်တွင် ကာကွယ်ဆေး စမ်းသပ်ဖော်ထုတ်နိုင်ရန်ကိုလည်း အင်တိုက်အားတိုက် အားထုတ်နေကြ၏။ ကာကွယ်ဆေးရရှိတော့ မည်ဟူသည့် မျှော်လင့်ချက်ရောင်ခြည်များ ဝင်းလက်နေပြီဖြစ်သော် လည်း အမှန်တကယ် သုံးစွဲနိုင်ရေးအတွက် သတ်မှတ်အစီအစဉ် အဆင့်ဆင့်တို့ကို လိုက်နာကြရပါဦးမည်။

လူအများအတွက် လုံးဝဥဿုံ စိတ်ချလက်ချ အသုံးပြုနိုင်သည့် အဆင့်ရှိ ကာကွယ်ဆေးများ ထုတ်လုပ်နိုင်ရေးကို စိတ်ရှည်သည်းခံ စောင့်ဆိုင်းနေကြရဆဲဖြစ်၏။ အမှားအယွင်း၊ အတိမ်းအစောင်း မခံနိုင်သော လူတိုင်းသုံးစွဲရမည့် ဆေးဝါးဖြစ်သည့်အတွက် ဒီလိုပဲအောင့်အည်းသည်းခံ စောင့်ရမည်သာဖြစ်၏။ ကာကွယ်ဆေးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရင်း ရောဂါပိုးကူးစက်ပြန့်ပွားမှုလျော့ကျသွားအောင်လည်း အတတ်နိုင်ဆုံး သည်းခံနေထိုင်ကြရ မည်သာ။

အထူးသဖြင့် လူနေထူထပ်သော မြို့ကြီးများတွင် ရောဂါပိုး ကူးစက်မှုအန္တရာယ်က ပိုမိုကြီးမား၏။ လူနေထူထပ်လေ၊ လူချင်း အထိအတွေ့များလေ ပိုးကူးစက်နိုင်သည့် အခွင့်အလမ်းက ပိုများ လေဖြစ်၏။ ထို့ကြောင့် လူချင်းထိတွေ့နိုင်မှု အခွင့်အလမ်းကို လျှော့ချ နိုင်သမျှ လျှော့ခြင်းသည် ပိုးကူးစက်ပြန့်ပွားမှုကို လျော့ပါးစေသည့် အကောင်းဆုံးနည်းလမ်းတစ်ခုလည်း ဖြစ်၏။

သည့်အတွက်ကြောင့် အိမ်ထဲမှ အိမ်ပြင်မထွက်ဘဲ နေကြရန် ဥပဒေဖြင့်၊ စည်းကမ်းစည်းမျဉ်းတို့ဖြင့် တင်းတင်းကျပ်ကျပ် ကန့်သတ် နေရခြင်းဖြစ်ပါသည်။ ရောဂါကူးစက်ပြန့်ပွားမှု တိုးမြင့်များပြား လာသည်မှာ စိုးရိမ်ပူပန်စရာဖြစ်သည် မှန်သော်လည်း စိုးရိမ်ပူပန် နေရရုံမျှဖြင့် အခြေအနေအရပ်ရပ်က အေးချမ်းသွားမည်မဟုတ်ပါ။ သတိကြီးစွာဖြင့်နေထိုင်ကြခြင်း၊ စည်းကမ်းစည်းမျဉ်းနှင့် တားမြစ် ဥပဒေများကို အလေးအနက်ထား လိုက်နာကျင့်ဆောင်ကြခြင်းတို့ ကသာ ပူပန်နေမှုများ စိုးရိမ်ကြောင့်ကြနေရမှုများကကင်းဝေးစေမည် ဖြစ်ပါသည်။

မိမိတို့ မိသားစု၊ မိမိတို့ လူမှုအသိုင်းအဝိုင်း၏ ကောင်းမွန်သော အနာဂတ်၊ အေးချမ်းသာယာသော အနာဂတ်၊ လင်းလက်စိုပြည်သော အနာဂတ်ကို မျှော်မှန်းရင်း လက်ငင်းအကျပ်အတည်း အခက်အခဲ များကို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ တစ်ဦးချင်းစီ၏ ကြံ့ကြံ့ခံနိုင်သည့် သတ္တိ၊ အောင့်အည်းသည်းခံနိုင်သော စိတ်ဓာတ်၊ မှန်မှန်ကန်ကန်နှင့် စနစ်ကျသည့် နေထိုင်ကျင့်ကြံအားထုတ်မှုတို့ဖြင့် ယနေ့ရင်ဆိုင် နေရသော ကပ်ရောဂါဘေးကို အောင်မြင်စွာ ကျော်လွှားနိုင်မည် ဟု ယုံကြည်ပါကြောင်း။

mna