အသွားအလာ ကန့်သတ်ပိတ်ဆို့မှု စံနှုန်းများကို ချိုးဖောက်ခဲ့သည့် မော်တော်ယာဉ် ၈၆၁၁ စီးကို မွမ်ဘိုင်းရဲတပ်ဖွဲ့သိမ်းဆည်း

၃၀ ဇွန်

 

 

မွမ်ဘိုင်းမြို့အနှံ့တွင် ခိုင်လုံသော တရားဝင် အကြောင်းပြချက်မရှိပဲ လူနေဒေသမှ ၂ ကီလိုမီတာထက် ကျော်လွန်ကာ ခရီးသွားလာခွင့် ကန့်သတ်ထားမှုကို ချိုးဖောက်ခဲ့သော မော်တော်ယာဉ် ၈၆၁၁ စီးကို မွမ်ဘိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့သည်။

 

 

ထိုအချက်အလက်များအရ ရဲတပ်ဖွဲ့က ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရန်အတွက် ၎င်းတို့၏ နေအိမ်များမှ ၂ ကီလိုမီတာ အကွာအတွင်း မရှိမဖြစ် လိုအပ်သော လုပ်ဆောင်မှုများအတွက် ၎င်းတို့၏ ပြင်ပခရီးသွားလာမှုကို ကန့်သတ်ရန် ဇွန် ၂၈ ရက်နေ့က နိုင်ငံသားများကို မေတ္တာရပ်ခံ ပြောကြားပြီးနောက် ဇွန် ၂၉ ရက်နေ့တွင် မွမ်ဘိုင်းမြို့တော်ရှိ စစ်ဆေးရေးဂိတ် ၁၃၇ ခုတွင် မော်တော်ယာဉ် ၃၀ဝ၇၂ စီးကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

 

သိမ်းဆည်းရမိသော မော်တော်ယာဉ်များမှာ နှစ်ဘီးကား ၆၂၄၁ စီး၊ ကိုယ်ပိုင်ကား ၁၆၀၁ စီး၊ အငှားကား ၂၉၅ စီး၊ သုံးဘီး ၄၇၄ စီး တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ အချက်အလက်အရ သိရသည်။

 

 

မွမ်ဘိုင်းမြို့တွင် မှတ်ပုံတင်ထားသော မော်တော်ယာဉ် အစီးရေ သုံးသန်းကျော်ရှိပြီး အိန္ဒိယနိုင်ငံတွင် ကားပိတ်ဆို့မှု အများဆုံးမြို့ ဖြစ်သည်။

 

 

ရဲတပ်ဖွဲ့က ရုံးတက်ရမည့် သူများနှင့် ဆေးဘက်ဆိုင်ရာ အရေးပေါ် အခြေအနေ သွားရမည့် သူများအတွက်သာ ၂ ကီလိုမီတာထက် ကျော်လွန်သွားရောက်ခြင်းကို လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်ပြီး   ဉပဒေချိုးဖောက်သူများကို တင်းတင်းကြပ်ကြပ် အရေးယူမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။

 

 

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမြို့တွင် လူဦးရေ ၁၈ ဒသမ ၄ သန်းကျော်ရှိပြီး အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၂၈၀ဝ၀ ကျော်နှင့် ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၄၃၇၁ ဦး ရှိသဖြင့် ကူးစက်မှု အဆိုးရွားမြို့တစ်မြို့ ဖြစ်သည်။

 

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် နိုင်ငံအားလုံးတွင် ကူးစက်မှု စတုတ္ထမြောက် အများဆုံးဖြစ်သော အိန္ဒိယနိုင်ငံတွင် ဇွန် ၃၀ ရက်မနက်ပိုင်းအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၁၀၁၂၀ ရှိပြီး ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၆၄၇၅ ဦး ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို