အသွားအလာကန့်သတ်ထိန်းချုပ်မှုဟာ အွန်လိုင်းဈေးကွက်တွင် ကျယ်လာစေတယ်

၃၁ ဩဂုတ်

 

ကပ်ရောဂါပိုးဟာ သမရိုးကျ ရောင်းဝယ်ရေးကို လျော့ချပြီး အွန်လိုင်းဈေးကွက်ကို ပိုမိုတွင်ကျယ် လာစေတာကိုတွေ့ရပါတယ်။ နိုင်ငံတကာမှာ အွန်လိုင်းဈေးကွက်ဟာ သုံးလအတွင်း ၄၁ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၂၀ တစ်နှစ်လုံးအတွက် ဆိုရင် အွန်လိုင်းဈေးကွက်ဟာ ၂၂ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ဗြိတိန်နိုင်ငံ Marks & Spencer ဆိုင်ဝန်ထမ်း ၇၀၀ ကို ဩဂုတ်လ ၁၈ ရက်နေ့က လျှော့ချမယ်လို့ ကြေညာပြီး နာရီပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံက အွန်လိုင်းမှာသာ ရောင်းချတဲ့ အမေဇုန်ကုမ္ပဏီက လုပ်သား ၃,၅၀၀ ငှားရမ်းကြောင်း ထုတ်ပြန် ကြေညာပါတယ်။

 

ဗြိတိန်နိုင်ငံက Debenhams ကုန်တိုက်ကနေ လုပ်သား ၂,၅၀၀ ကို အလုပ်မှ လျှော့ချမယ်လို့ ထုတ်ပြန် ကြေညာသလို တခြားသော ဗြိတိန်ကုန်တိုက်တွေလည်း လုပ်သားအင်အား လျှော့ချမယ်လို့ ပြောပါတယ်။

 

ဒါပေမယ့် ဗြိတိန်နိုင်ငံက Tesco စူပါမားကတ် ကတော့ အွန်လိုင်းကနေ ဈေးရောင်းဖို့အတွက် လုပ်သား ၁၆,၀၀၀ ကို ငှားရမ်းမယ်လို့ ဆိုပါတယ်။

 

အမေဇုန်ရဲ့ ၂၀၂၀ ပြည့်နှစ် နှစ်ဝက် အမြတ်ငွေဟာ နှစ်ဆဖြစ်ကြောင်း၊ ဂျာမနီနိုင်ငံက Zalando ကုမ္ပဏီ မှာ ၂၀၂၀ ရဲ့ နှစ်ဝက်အတွက် အွန်လိုင်းမှ ဈေးဝယ်သူ ၂၀ ရာခိုင်နှုန်း တက်လာရာ အမေရိကန်ဒေါ်လာ ၃၄ သန်းအထိ ပိုရောင်းရကြောင်း သိရပါတယ်။

 

ပြင်သစ်၊ ဗြိတိန်၊ စပိန် နဲ့တရုတ်နိုင်ငံတွေမှာ အွန်လိုင်းမှာ ဈေးရောင်းအားမှာ ၂၀၁၉ ခုနှစ်က ၈ ဒသမ ၈ ရာခိုင်နှုန်းကနေ ၂၀၂၀ ရဲ့ ဒုတိယသုံးလပတ်မှာ ၁၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးသွားကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP