အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိ

နေပြည်တော် ၊ စက်တင်ဘာ ၂၅

 

ကျွဲ၊နွား အရှင်များကို ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချခြင်းမှ မွေးမြူသူနှင့် ကုန်သည်များအတွက် အကျိုးအမြတ်ရရှိနေကြသော်လည်း တိရစ္ဆာန်အရှင်တင်ပို့ခြင်းထက် တန်ဖိုးမြင့်၊ အရည်အသွေးမြင့် ထုတ်ကုန် များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုအကျိုးကျေးဇူးများမှာဖြစ်ကြောင်း၊ ဈေးကွက်တည်ငြိမ်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားရှိသည့် တန်ဖိုးမြင့်၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချနိုင်ရန် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သူ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း  ယနေ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားသည်။

 

ညှိနှိုင်းအစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်နှင့် အဖွဲ့ဝင်များ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။

 

ပြည်တွင်းမွေးမြူရေးလုပ်ငန်းရှင်များနှင့် တစ်ပိုင်တစ်နိုင် မွေးမြူသူ၊ ထုတ်လုပ်ရောင်းချသူများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် အေးခဲသားများ တင်သွင်းခွင့်ကို ယခင်က ကန့်သတ်ခဲ့ သော်လည်း ပြည်ပဧည့်သည်များဝင်ရောက်လာမှုနှင့် ပြည်တွင်းစားသုံးမှုပုံစံ ပြောင်းလဲလာမှုကြောင့် အရည်အသွေးမြင့် တန်ဖိုးမြင့်အေးခဲသားများကို တင်သွင်းခွင့် စိစစ်ခွင့်ပြုပေးခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီ (၂၇) ခု မှ ဘဲသားနှင့် ကြက်ဆင်သား ၁၇၃ ဒသမ ၃၆ တန် တင်သွင်းခဲ့ပြီး ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း ကုမ္ပဏီ (၂၃) ခုမှ အေးခဲသားတန်ချိန် ၂၂၆၃ ဒသမ ၀၅ တန် တင်သွင်းခဲ့ကြောင်း၊ ကျွဲသားကို အများဆုံးတင်သွင်းခြင်းဖြစ်ပြီး အမဲသားနှင့် ကြက်သားတင်သွင်းမှုများလည်းပါဝင်ကာ ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် ပြည်ပ အေးခဲသားတင်သွင်းမှုမှ အသားခြောက်ပြုလုပ်၍ ပြည်ပသို့ ပြန်လည်တင်ပို့ခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

 

တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ စီးပွားဖြစ်မွေးမြူထုတ်လုပ်သည့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးလာရေး၊ မွေးမြူရေးထွက်ကုန်ဆိုင်ရာ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် လိုအပ်သောမူဝါဒများ၊ အစီအမံများ ရေးဆွဲအကောင်အထည်ဖော်ပေးရန်နှင့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရန် အစိုးရဌာနများက ဆောင်ရွက်ပေးနိုင်ရေး၊ မွေးမြူရေးနှင့် အသားကဏ္ဍတွင် ပါဝင်ပတ်သူများဘက်က လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ပေး နိုင်ရေးတို့အတွက် ယနေ့ကျင်းပသည့် အသားကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)