အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး

နေပြည်တော် ၄ သြဂုတ်

 

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ (၂/၂၀၁၈)အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ၂ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ ဤကော်မတီ၏ဥက္ကဋ္ဌဒုတိယသမ္မတ ဦးမြင့်ဆွေက အဆိုပါအစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။ ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ ပြောကြားချက်တို့ကို ခြုံငုံသုံးသပ်ကြည့်ပါက နိုင်ငံတော်၏စီးပွားရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises - MSMEs)ဖွံ့ ဖြိုးတိုးတက်လာစေရေး၊ ဈေးကွက်ရရှိရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် တီထွင်ဆန်းသစ်ရေး စသည့်အချက်များ တိုးတက်အောင်မြင်စေရန်အတွက် ဝိုင်းဝန်းညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။

 

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့နှင့် SME Agency အဖွဲ့တို့အား ဖွဲ့စည်းခဲ့ပါသည်။ ဒုတိယသမ္မတက ဤအဖွဲ့သုံးဖွဲ့အကြားဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လမ်းညွှန်ပြောကြားခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၌ ကျင်းပခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်အရဒေသဆိုင်ရာ SME Agency အဖွဲ့များကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဖွဲ့စည်းခဲ့ပါသည်။

 

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဒေသထုတ်ကုန်များဆိုင်ရာ ပြပွဲပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့သည်ဖြစ်ရာ လေးကြိမ်မြောက်အထိ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ ဒေသထုတ်ကုန်များဆိုင်ရာ ပြပွဲ ပြိုင်ပွဲတို့ကို ကျင်းပရာ၌ ညှိနှိုင်းဆွေးနွေးနိုင်မှုအပေါ်မူတည်၍ နိုင်ငံတော်၏ဒေသများအကြား ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် မ္တလေးမြို့ ၌ ကချင်ပြည်နယ်နှင့် မ္တလေးတိုင်းဒေသကြီးတို့၏ ဒေသထုတ်ကုန်ဆိုင်ရာ ပြပွဲပြိုင်ပွဲကို ပူးပေါင်းကျင်းပခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်း ကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး၏ ထုတ်ကုန်ပြပွဲပြိုင်ပွဲသို့ ပုဂ္ဂလိကဘဏ်များပါ တက်ရောက်မည်ဖြစ်ပြီး အလားအလာရှိသည့်လုပ်ငန်းတို့အားချေးငွေထုတ်ပေးရန် စိစစ်သုံးသပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတို့၏၆၅ ရာခိုင်နှုန်းသည် လယ်ယာထွက်ကုန်များအား Value Added ပြုလုပ်လျက် စားသောက်ကုန်များအဖြစ် ထုတ်လုပ် လုပ်ကိုင်နေကြသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ စားသောက် ကုန်များအပေါ် စားသုံးသူတို့၏ ယုံကြည်ကိုးစားမှုရရှိရေးအတွက် စနစ်တကျစမ်းသပ်စစ်ဆေးခြင်းနှင့်အတူ FDA အသိအမှတ်ပြုစာရွက်စာတမ်းများထုတ်ပေးနိုင်ရေးတို့ကို ဆောင်ရွက်ကြရန် ဒုတိယသမ္မတ ဦးမြင့်ဆွေက လမ်းညွှန်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ပြောကြားမှုတို့သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ခံယူကျင့်သုံးရမည့် လမ်းညွှန်မှုများဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း