အသိပေးနှိုးဆော်ချက်

၁။    နိုင်ငံ၏ အခြေခံစားနပ်ရိက္ခာဖြစ်သော ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံသီးနှံများ စိုက်ပျိုး ထုတ်လုပ်မှု မကျဆင်းစေရေး၊ အထွက်နှုန်းကောင်းမွန်ရေး၊ စျေးကွက်ခိုင်မာစွာ ရရှိရေးတို့အတွက် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် နည်းပညာအကူအညီ ရရှိရေးတို့ကို စိုက်ပျိုးရေးဦးစီးဌာနမှ ကူညီချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၂။    ၂၀၁၉-၂၀၂၀ ခုနှစ်တွင် နိုင်ငံအတွင်း စပါးတန်ချိန် (၂၆)သန်းကျော် စိုက်ပျိုးထုတ်လုပ်ထားရှိခဲ့ပြီး၊ ပြည်တွင်းစားသုံးမှု လိုအပ်ချက်မှာ တစ်နှစ်လုံးအတွက် စပါးတန်ချိန် (၁၅)သန်းကျော်သာ ဖြစ်ပါသည်။ ထို့အပြင် ပြည်သူများနေ့စဉ်စားသုံးနေသည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အာလူး စသည့် စားဖိုဆောင်သီးနှံများ ထုတ်လုပ်ထွက်ရှိမှုအနေဖြင့်လည်း ပြည်တွင်းစားသုံးမှုအတွက် လုံလောက်ရုံ သာမက ပိုလျှံသည့်အခြေအနေတွင် ရှိပါသည်။ 

 

၃။    သီးနှံထုတ်လုပ်မှု စွမ်းအားတိုးတက်မြင့်မားစေရန်အတွက် တောင်သူလယ်သမားများ အနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေးနည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီးဌာန၊ ကျေးရွာအခြေစိုက် နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင် မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍ အကူအညီများ တောင်းခံရယူ နိုင်ပါကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာန Call Center Hot Line ဖုန်းနံပါတ်-၀၁၂၃၉၉၅၅၅ သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန