အသိပညာလည်းပေးရင်း ထိထိရောက်ရောက်နှိမ်နင်း

mdn

နေပြည်တော် ၈ မတ်

 

တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူ ရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။

သစ်တောဦးစီးဌာနက မြန်မာ့သစ်တောများ ရေရှည်တည်တံ့ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးတို့ကို ဦးတည်၍ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ခင်းများ တည်ထောင်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ စီးပွားရေးစိုက်ခင်းဟောင်းများ ပြန်လည်ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းများသည် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်း၏ အရေးကြီးသည့် လုပ်ငန်းများလည်းဖြစ်သည်။ မြန်မာ့သစ်တောမူဝါဒကြေညာချက်နှင့်အညီ ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တော များကို နိုင်ငံဧရိယာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း၊ သဘာဝနယ်မြေများကို နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ သမင်မွေးရင်း ကျားစားရင်း အဖြစ်မျိုးသို့ မရောက်ရှိစေရေး အတွက် သစ်တောများအတွင်း ကျူးကျော်မှုများနှင့် တရားမဝင် သစ်ခိုးထုတ်မှုများကို ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမည်ဖြစ်သည်။

တရားမဝင်သစ်ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုများ လျော့နည်းပပျောက်စေရေးအတွက် သစ်တော ဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ် ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System) ကိုကျင့်သုံးလျက်ရှိပြီး သတင်းပေးဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ကာ တရားမဝင်သစ်တားဆီးရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားကို ရယူဆောင်ရွက်လျက်ရှိသည်။ တိုင်းကြီးနှင့်ပြည်နယ် အသီးသီးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီအထိတရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ ဖမ်းဆီးရမိမှုများမှာ ကျွန်းသစ် တန် ၁၄၁ဝဝ ကျော်၊ သစ်မာတန် ၅၁၀၀ ကျော်၊ အခြား သစ်တန်ချိန် ၇ဝဝဝ ခန့်၊ စုစုပေါင်း သစ်တန်ချိန် ၂၆၂ဝဝ ကျော်၊ မီးသွေး တန်ချိန် ၂၆၀၀ ကျော်၊ ကား ၈၄၄ စီး၊ ယန္တရားယာဉ်တစ်စီး၊ ထော်လာဂျီ၊ ထွန်စက် ၇၇ စီး၊ ဆိုင်ကယ်၊ ဆိုက်တွဲယာဉ်၊ နောက်တွဲယာဉ် ၂၉၃ စီး၊ စက်လှေ ပဲ့ထောင်ရေယာဉ်ပေါင်းစုံ ၁၇၁ စင်းတို့ဖြစ်ပြီး သစ်စက်/အင်ဂျင် ၂၆၂ လုံးတို့ဖြစ်ရာ သစ်မှောင်ခို ခိုးထုတ်နေသည့် အင်အား ပမာဏကို ခန့်မှန်းသိရှိနိုင်မည်ဖြစ်သည်။

၁၉၉၅ခုနှစ်မြန်မာ့သစ်တောမူဝါဒ သဘောထားကြေညာချက်တွင် ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ -

- သစ်တောများပြုစုထိန်းသိမ်းရေးနှင့် သစ်တောသယံဇာတများ အသုံးချရေးလုပ်ငန်းတို့တွင် ပြည်သူတို့က ပူးပေါင်းပါဝင်လာကြစေရန် ဆောင်ရွက်သွားရမည်ဟူ၍လည်းကောင်း၊

 - နိုင်ငံတော်၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရာတွင် သစ်တောများသည် အဓိကအခန်းမှ ပါဝင်နေကြောင်းကို ပြည်သူတို့အတွင်း အသိရှင်သန်စေရန် လှုံ့ဆော်သွားရမည်ဟူ၍ လည်းကောင်း ထည့်သွင်းဖော်ပြထားသည်။

 

မြန်မာ့သစ်တောများထာဝစဉ်တည်တံ့ရေးသည် အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထာဝစဉ်တည်ငြိမ်ရေးနှင့် ဂေဟစနစ်များ မျှတရေးတို့အတွက်အရေးပါသည့်အလျောက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်သည်။ တရားမဝင် သစ်ခိုးထုတ် သယ်ဆောင်ရောင်းဝယ်မှုများသည် ဝိသမလောဘသားများ၏ ကိုယ်ကျိုးစီးပွားဆောင်ရွက်မှု များဖြစ်သလို ဒေသခံကျေးလက်ပြည်သူများ၏ ဥပဒေ၊ နည်းဥပဒေ နားလည်မှု အားနည်းခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဗဟုသုတနည်းပါးခြင်းတို့နှင့် ဆက်စပ်နေရာ ပြည်သူကို ပညာပေးရင်း သစ်မှောင်ခိုမှုများကိုလည်း ထိထိရောက်ရောက် နှိမ်နင်းမှုများ ပြုလုပ်သွားကြရမည်သာ ဖြစ်သည်ဟု ရှုမြင်မိပါကြောင်း။

 

မြန်မာ့အလင်း