အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ်(၄၀) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၌ ကျင်းပ

နေပြည်တော် ဧပြီ ၂၆

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program - KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၄၀)ကို ဧပြီ ၂၅ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ‌‌ဒေါ်နိုင်သက်ဦးက “ဝန်ထမ်းများအနေဖြင့် အရည်အချင်း၊ အရည်အသွေးများ စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး ကြိုးစားနေရမည်ဖြစ်ရာ နိုင်ငံတကာ အတွေ့အကြုံများကို သိရှိနားလည်ထားရမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် အခါအားလျော်စွာ နိုင်ငံခြားပညာတော်သင်များကို စေလွှတ်ပေးလျက်ရှိပြီး အဆင့်မြင့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရေး၊ သင်ယူရရှိခဲ့သည့် အသိပညာ၊ ဗဟုသုတ၊ အတွေးအမြင်များကို ပြန်လည်အသုံးချ၍ မိမိနိုင်ငံ၊ မိမိရုံးကို အကျိုးပြုနိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက် ဆွေးနွေးပွဲတွင် နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝေထွန်းက ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများ၊ ပြုစုခဲ့သည့်စာတမ်းနှင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများကို  ရှင်းလင်းဆွေး‌နွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

 

ဆွေးနွေးပွဲသို့ ဒုတိယစာရင်းစစ်ချုပ် ‌‌ဒေါ်နိုင်သက်ဦးအမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှုးများနှင့် ဝန်ထမ်းများက အွန်လိုင်းမှလည်းကောင်း တက်ရောက်ကြသည်။

 

(သတင်းစဉ်)