အသက် ၁၇ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကျင်းပ

ရေဦး ၁၈ မေ 

 

ရွှေဘိုခရိုင် ရေဦးမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် ၁၇နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို မေ ၁၇ ရက်ညနေ ၃ နာရီက မြို့မကျောက်တိုင် အားကစားကွင်း၌ ကျင်းပရာ ရှေးဦးစွာ ပြိုင်ပွဲဝင်ဘောလုံးကစားသမားများက အားကစားသစ္စာအဓိဌာန်ကို အတူရွတ်ဆိုခဲ့ကြသည်။

 

ဆက်လက်ပြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က "ယခုလိုပြိုင်ပွဲမျိုးကျင်းပပေးရခြင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဆောင်ပုဒ်ဖြစ်သော မြန်မာ့အားကစားမှ  ကမ္ဘာ့အားကစားဆီသို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက်  နိုင်ငံတော်ကလည်း အားကစားကို အစွမ်းကုန်တိုးတက်မြင့်မားအောင် အကောင်းဆုံးဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ယခင်နှစ်မှစ၍ ရပ်ကျေးအားကစားပြိုင်ပွဲများ ကျင်းပကာမြို့နယ် လက်ရွေးစင်ရွေးချယ်ပြီး  တိုင်းခရိုင်ပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်စေခဲ့ကြောင်း ၂၀၁၈ ခုနှစ်က ရွှေဘိုတွင်ကျင်းပခဲ့သော အသက် ၂၅ နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင်လည်း မြို့နယ်ကိုယ်စားပြုအသင်းအနေဖြင့်  ဒုတိယဆုရှိအောင်စွမ်းဆောင်ပေးခဲ့သည့် အတွက်  ဝမ်းသာပီတိဖြစ်မိကြောင်း၊ ထိုပြိုင်ပွဲမှတစ်ဆင့် ခရိုင်လက်ရွေးစင်အဖြစ်  ကစားသမားငါးဦး တိုင်းလက်ရွေးစင် ကစားသမားတစ်ဦး ရွေးချယ်ခံခဲ့ရကြောင်း၊  ထို့ပြင်ရေဦးမြို့နယ်မှ  အခြားအားကစားနည်းများတွင်လည်း တိုင်း / ခရိုင် လက်ရွေးစင်ကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း ၊ ရှေ့အစဉ်အလာများနည်းတူ ယခုကျင်းပပေးသည့်  ပြိုင်ပွဲမှတစ်ဆင့် တိုင်းခရိုင်အဆင့်သာမက နိုင်ငံကိုယ်စားပြု ဘောလုံးကစားသမားများအဖြစ် ရွေးချယ်ခံရအောင် ပြိုင်ပွဲတွင်  အစွမ်းကုန် ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ယခုအခါတွင် နိုင်ငံတော်က  ပင်ကိုအရည်အသွေးရှိသော  ရွက်ပုန်းသီးအားကစားသမားများကို ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးလျှက်ရှိပါကြောင်း မှာကြားခဲ့သည်။

 

ဆက်လက်ပြီး ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားကြမည့် ထူးချွန်ဘောလုံးအသင်းနှင့် ပညာရဲရင့် ဘောလုံးအသင်းတို့မှ  ပြိုင်ပွဲဝင်ကစားသမားများကို တစ်ဦးချင်းလက်ဆွဲနုတ်ဆက်ကာ အားပေးစကားများပြောကြားခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း ၁၂ သင်း  ရှိကြောင်း သိရသည်။

 

 သန်းထိုက် (ရေဦး)