အသက်နှင့်ခန္ဓာကို မြတ်နိုးတန်ဖိုးထား

ဗုဒ္ဓမြတ်စွာဘုရားရှင်က မိမိကိုယ်သာ ကိုးကွယ်ရာ၊ မှီခိုအားထားရာဟု ဟောကြားထားသည်။ သူတစ်ပါးကို အားကိုးခြင်းထက် မိမိတို့၏ ကံ၊ ဉာဏ်၊ ဝီရိယတို့ကို အားကိုးပြီး ကောင်းကျိုးချမ်းသာတို့ ဖြစ်ထွန်းအောင် ကြိုးပမ်းရွက်ဆောင်ကြရသည်။ ထိုသို့ကြိုးပမ်းရွက်ဆောင်ရန်အတွက် မိမိတို့၏ အသက်နှင့်ခန္ဓာသည် အရေးအကြီးဆုံး ဖြစ်သည်။ လူအများအနေဖြင့်လည်း မိမိ၏အသက်နှင့်ခန္ဓာကိုသာ တန်ဖိုးအကြီးဆုံးအရာ၊ အမြတ်နိုးဆုံးအရာဟု ခံယူထားကြသည်။

 

ရခဲလှသောလူ့ဘဝတစ်ခဏတာတွင် မိမိတို့၏အသက်နှင့်ခန္ဓာ တည်တံ့ခိုင်မြဲရေး၊ ကျန်းမာချမ်းသာရေးကို ကြိုးပမ်းအားထုတ်ကြရမည်၊ အလေးမူ ဂရုစိုက်ကြရမည်၊ သို့မှသာ မိမိတို့အလိုရှိရာကို ဆောင်ကြဉ်းယူနိုင်မည် ဖြစ်သည်။ မျက်မှောက်လောကတွင် မိမိတို့၏အသက်နှင့်ခန္ဓာကို တန်ဖိုးမထားကြသူများကို တွေ့ရသည်။ ပေါ့ပေါ့ဆဆ နေကြခြင်း၊ သတိမမူပြုမူကြ ခြင်းကြောင့် မိမိတို့၏အသက်နှင့်ခန္ဓာ အချည်းအနှီး ပျက်စီးဆုံးရှုံးခြင်းဖြစ်ရသည်များကို တွေ့ရသည်။

 

ကံ၊ ကံ၏အကျိုးအားကြောင့် အချိန်မတိုင်မီ၊ လူ့သက်တမ်းမပြည့်မီ ပျက်စီးခြင်းတို့ မလွဲမသွေဖြစ်ရသည်ဆိုသော်လည်း အသက်ကို ဉာဏ်စောင့်ခြင်းဖြင့် ပျက်စီးခြင်းတို့ လျော့နည်းခြင်းဖြစ်ပေါ်အောင် သတိမူ ကြိုးပမ်းအားထုတ်ရမည် ဖြစ်ပေသည်။ ယခုအခါ နိုင်ငံအတွက်၊ မိမိမိသားစုအတွက် တန်ဖိုးကြီးမားသော လူသားအရင်းအမြစ်များ ပျက်စီးဆုံးရှုံးရသော အဖြစ်များတွင် ယာဉ်မတော်တဆမှုကြောင့် ဖြစ်ပေါ်ရသော အမှုများမှာ အများဆုံးဟုဆိုနိုင်သည်။

 

နှစ်စဉ် တစ်နှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ထောင်ချီဖြစ်ပေါ်လျက်ရှိပြီး သေဆုံး၊ ဒဏ်ရာရသူပေါင်း ရာချီဖြစ်ပေါ်နေသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ သေဆုံး၊ ဒဏ်ရာရသူများ၏ ကိုယ်တိုင်ကြုံ တွေ့ရသည့် အဖြစ်ဆိုးများသာမက ၎င်းတို့၏ မိသားစုများ၏ နောက်ဆက်တွဲ ဆင်းရဲဒုက္ခများမှာ ကြီးမားလှပါသည်။ ယင်းသို့သော ပူပင်သောက များနှင့်ဘဝပျက်မှုများ နေ့စဉ်၊ လစဉ်၊ နှစ်စဉ်ဖြစ်ပေါ်နေသဖြင့် ထိုသို့မဖြစ် ပေါ်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ယခုအခါ မြန်မာလူမျိုးများအဖို့ ပျော်ရွှင်ဖွယ်အကောင်းဆုံး ရိုးရာအစဉ် အလာမပျက် ဆင်နွှဲကြသည့် သင်္ကြန်ပွဲတော်ကာလသို့ ရောက်ရှိတော့မည် ဖြစ်သည်။ ထိုကာလတွင် လူ့အသက်နှင့်ခန္ဓာများ ပျက်စီးဆုံးရှုံးမှုကို အများဆုံးဖြစ်စေသည့် မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ်များ နှစ်စဉ်ဖြစ်ပွားလေ့ရှိပါသည်။ မြန်မာတို့နှင့် အလားတူဆင်နွှဲသော ထိုင်းနိုင်ငံ၏ ထိခိုက်သေဆုံးမှုများနှင့်နှိုင်းစာလျှင် များပြားသည်ဟု မဆိုနိုင်သော်လည်း လျော့နည်းအောင် သတိပြုရမည်ဖြစ်သည်။

 

ယမန်နှစ် ၁၃၈၀ ပြည့်နှစ် နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွင်း တစ်နိုင်ငံလုံးတွင် မော်တော်ယာဉ် မတော်တဆမှု အကြိမ် ၃၅၀ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ ၆၉၀ ရှိကာ သေဆုံးသူ ၁၃၃ ဦးရှိသည်ဟု သိရသည်။ သင်္ကြန်ကာလ၌ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ယာဉ်မတော်တဆမှု ဖြစ်ကြရာတွင် ရန်ကုန်တိုင်းဒေသကြီးထက် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ထိုသို့လူ့အသက်နှင့်ခန္ဓာများ ပျက်စီးဆုံးရှုံးရခြင်းသည် ကံတရား ကြောင့် မည်သို့မျှရှောင်လွှဲမရခြင်းဟု ဆိုသည်ထက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာခြင်းမရှိဘဲ မော်တော်ယာဉ်ကို မဆင်မခြင်မောင်း နှင်သောကြောင့် မသေဆုံး၊ မထိခိုက်သင့်ဘဲ သေဆုံး၊ ထိခိုက်မှုဖြစ်ရသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း အပျော်လွန်ကာ ဖြစ်ပွားရခြင်းဟု ဆိုနိုင်သည်။

 

ထို့ကြောင့် မကြာမီကျရောက်တော့မည့် သင်္ကြန်ပွဲတော်ကာလအတွင်း မိဘပြည်သူများ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်နစ်နာမှုမရှိစေရေး အတွက် အထူးသဖြင့် ယာဉ်မောင်းသူများအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများကို တိကျစွာလိုက်နာကြရန် တိုက်တွန်းအပ်ပါသည်။ ။