အသက်ရှူစက်၊ အောက်စီဂျင်စက်၊ PPE ဝတ်စုံများအပါအဝင် ဆေးရုံသုံးပစ္စည်းများနှင့် ဆန်အိတ် ၁၀ဝ၀ ကမ္ဘောဇဘဏ်က ကယားပြည်နယ်အစိုးရအဖွဲ့သို့ လှူဒါန်း

ဧပြီ ၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကမ္ဘောဇဘဏ်က ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ နေ့စဉ်လှူဒါန်းလျက်ရှိရာ ကယားပြည်နယ်အတွက် ငွေကျပ် သိန်း ၉၀ဝ ကျော်တန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများနှင့် ဆန်အိတ် ၁၀ဝ၀ ကို ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းပွဲသို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်ရှိုးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ကမ္ဘောဇဘဏ်က လှုဒါန်းသော ဆန်အိတ် ၁၀ဝ၀ ကို ကယားပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ COVID-19 ကာကွယ်ကုသရေးပစ္စည်းများဖြစ်သည့် CE standard PPE ဝတ်စုံများ၊ N95 Mask များ၊ ဆေးရုံသုံးလက်အိတ်များ၊ မျက်မှန်များ၊ သာမိုမီတာများ၊ Hand Gel ဘူးများနှင့် လက်သန့်ဆေးရည်များကို ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းနှင့် လျှပ်စစ်ဝန်ကြီးက လည်းကောင်း၊ အသက်ရှူစက်၊ Patient Monitor များ၊ အောက်စီဂျင်စက်များကို ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးကလည်းကောင်း လက်ခံရယူကြသည်။ 

ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘောဇဘဏ်အနေဖြင့် ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ်က ကျပ်သိန်း ၁၀ဝ၀ လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် မြေပြိုမှုများကြောင့် သဘာဝဘေးသင့်ခဲ့သည့် မော်ချီးဒေသခံ တိုင်းရင်းသားများနေထိုင်ရန် ကျပ်သိန်း ၂၅၀ဝ ကျော် အကုန်အကျခံ၍ အနာဂတ်အလင်းတန်းကျေးရွာကို ပြန်လည်တည်ထောင်ပေးခဲ့ပြီး ကျေးရွာအင်္ဂါရပ်နှင့် ကိုက်ညီသည့် စာသင်ကျောင်း၊ စာကြည့်တိုက်၊ ရေတွင်းရေကန်၊ လျှပ်စစ်မီး၊ လမ်း စသည်တို့ကို တည်ဆောက်ပေးခဲ့ကြောင်း၊ ရေရှားပါးမှုမရှိစေရေးအတွက် ကျပ်သိန်း ၂၁၃ သိန်း အကုန်အကျခံကာ လွိုင်ကော်ပြည်သူ့ဆေးရုံတွင် စက်ရေတွင်း နှစ်တွင်း၊ ပညာရေးကောလိပ်တွင် တစ်တွင်း တူးဖော်ပေးခဲ့ပြီး ယခုအခါ ကယားပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ စိန်ခေါ်မှုကို ကာကွယ်တိုက်ဖျက်နိုင်ရန် ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများ၊ စားနပ်ရိက္ခာအတွက် ဆန်အိတ်များ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၉၀ဝ ကျော် လှူဒါန်းခြင်းအတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်ပြီး ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ကမ္ဘောဇဘဏ်သည် ဧပြီ ၉  ရက်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရွာ တိုက်နယ်ဆေးရုံ၊   လွိုင်ကော်မြို့နယ် လွိုင်လင်လေးတိုက်နယ်ဆေးရုံ၊ ဖယ်ခုံမြို့ပြည်သူ့ဆေးရုံ၊ တီကျစ်မြို့ ပြည်သူ့ဆေးရုံနှင့် မိုးဗြဲမြို့ရှိ မိုးဗြဲတိုက်နယ်ဆေးရုံသို့ ကာကွယ်ကုသရေးအထောက်အကူပြု CE standard PPE ဝတ်စုံများ၊ N95 Mask များ၊ ဆေးရုံသုံး လက်အိတ်များ၊ မျက်မှန်များ၊ သာမိုမီတာများ၊ Hand Gel ဘူးများနှင့် လက်သန့်ဆေးရည်များ လှုဒါန်းပေးအပ်ခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ  ပင်းတယပြည်သူ့ဆေးရုံ၊ ရွာငံပြည်သူ့ဆေးရုံ၊ မြိုင်တိုက်နယ်ဆေးရုံနှင့် ပွေးလှတိုက်နယ်ဆေးရုံများတွင် ကာကွယ်ကုသရေး အထောက်အကူပြု ပစ္စည်းများကို ယနေ့တွင် လှူဒါန်းပေးအပ်ခဲ့သည်။ 

ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ငွေကျပ် ၁၉၆၂၄ သိန်း လှူဒါန်းထားပြီး ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ တစ်နိုင်ငံလုံး အတိုင်းတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားသည်။    
                            
ကိုဇော်