အသင်းဟောင်း စပို့တင်းလစ္စဘွန်းသို့ စီရိုနယ်လ်ဒို ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိ

ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ကြောင့် စီရိုနယ်လ်ဒိုကိုယ်တိုင်ကလည်း အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းဆီ ပြန်လည် ပြောင်းရွှေ့ကစားဖို့ ရှိနေတယ်လို့ သည်ဆန်း သတင်းတစ်ရပ်အရ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိ ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပြီးခဲ့တဲ့သြဂုတ်လ အတွင်းက အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းကနေ မန်ယူအသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ မန်ယူအသင်းကို ပြန်လည်ရောက်ရှိလာချိန်မှာ မန်ယူအသင်းအတွက် ပွဲစဉ် စုစုပေါင်း ၃၈ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် မန်ယူအသင်း ကတော့ ရာသီသိမ်းချိန်မှာ ပရီမီယာလိဂ်အဆင့် (၆) နေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းဟာ နည်းပြသစ်အဖြစ် အဲရစ်တန်ဟက်ကို ခန့်အပ်ခဲ့ပြီးဖြစ်တာကြောင့် တိုက်စစ်မှူး စီရိုနယ်လ်ဒိုက ပုံမှန်ပွဲထွက်ကစားခွင့်ရမယ်ဆိုရင် မန်ယူအသင်းမှာ ဆက်ရှိနေမှာ ဖြစ်ကြောင်းနဲ့ နည်းပြတန်ဟက်ကို အကူအညီပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မန်ယူအသင်းရဲ့ လက်ရှိအပြောင်းအရွှေ့ ဈေးကွက်အတွင်း ကစားသမားခေါ်ယူမှု အခြေအနေနဲ့ပတ်သက်ပြီး စိတ်ပျက်မိတယ်လို့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ၂၀၀၃ ခုနှစ်အတွင်းက မန်ယူအသင်းဆီ မပြောင်းရွှေ့မီ လိဂ်ပွဲစဉ် ၂၅ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ အသင်းဟောင်း စပို့တင်းလစ္စဘွန်းအသင်းဆီ ပြောင်းရွှေ့ကစားမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

ငွေကြယ်