အသင်းနဲ့အတူ လာလီဂါဖလားခြောက်ကြိမ်ဆွတ်ခူးပေးထားတဲ့ ဒန်နီအဲလ်ဗက်စ်ကို ပြန်လည်ခေါ်ယူရန် ဘာစီလိုနာ သဘောတူညီမှုရရှိ

နိုဝင်ဘာ ၁၄

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း ဟာနူးကမ့်ကနေ ထွက်ခွာသွားပြီးနောက် ငါးနှစ်အကြာမှာ အသက် ၃၈ နှစ်အရွယ် နောက်တန်းကစားသမား ဒန်နီအဲလ်ဗက်စ်ကို ပြန်လည်ခေါ်ယူဖို့အတွက် စည်းမျဉ်းအရ သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။

စပိန်လာလီဂါကလပ် ဘာစီလိုနာအသင်း၊ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ်ပထမတန်း ကလပ် ပီအက်စ်ဂျီအသင်းတို့နဲ့အတူ ဆုဖလားစုစုပေါင်း ကိုးလုံးအထိရယူပေး ထားနိုင်ခဲ့တဲ့ နောက်တန်းကစားသမား ဒန်နီအဲလ်ဗက်စ်ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကုန်မှာ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာမှာလည်းဖြစ်ပါတယ်။

ဘရာဇီးကြယ်ပွင့် ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၆ ခုနှစ်အထိ ရှစ်နှစ်အကြာ ပါဝင်ကစားပေးခဲ့ရာမှာ စပိန်လာလီဂါ ဆုဖလားခြောက်ကြိမ်အထိ ရယူပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးအပါ အဝင်လည်းဖြစ်ပါတယ်။

နောက်တန်းကစားသမား ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်လာလီဂါဖလားခြောက်ကြိမ် အပါအဝင် ချန်ပီယံလိဂ်ဖလားသုံးကြိမ်နဲ့ စပိန်ကိုပါဒယ်ရေးဖလား လေးကြိမ်ကိုလည်း ရယူပေးနိုင်ခဲ့သူ ဖြစ်ပါ တယ်။ ဒါ့ပြင် နောက်တန်းကစားသမား ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ ကမ္ဘာ့ကလပ် အသင်းများ ဖလားသုံးကြိမ်၊ စပိန်စူပါဖလားသုံးကြိမ်နဲ့ ဥရောပစူပါဖလားလေးကြိမ်တို့ ကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။

ဘရာဇီးကြယ်ပွင့် ဒန်နီအဲလ်ဗက်စ်ဟာ ဘာစီလိုနာအသင်းနဲ့အတူ လာမယ့်တစ်ပတ်အတွင်းမှာ လေ့ကျင့်ရေး အစီအစဉ်မှာ ပြန်လည်ပါဝင်လာဖို့ ရှိနေပေမယ့် ဇန်နဝါရီလအထိ အသင်းနဲ့အတူ ပါဝင်ကစားနိုင်သေးမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

နောက်တန်းကစားသမားဒန်နီအဲလ်ဗက်စ်ဟာဘာစီလိုနာအသင်းနဲ့အတူ ဆုဖလားတွေရယူပေးနိုင်ခဲ့သလို ဂျူဗင်တပ်အသင်းနဲ့အတူ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီက အီတလီစီးရီးအေဖလား ရယူပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်း နဲ့အတူ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ဘောလုံးရာသီတွေမှာ ပြင်သစ်ပထမတန်း ဆုဖလား နှစ်ကြိမ်ရယူဆွတ်ခူးပေးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

နောက်တန်းကစားသမား ဒန်နီအဲလ်ဗက်စ်ဟာ ၂၀၁၉ ခုနှစ်အတွင်းမှာ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းဆီ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လစာပေးချေမှုနဲ့ ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဆော်ပေါ်လို အသင်းနဲ့လမ်းခွဲခဲ့ကာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

ငွေကြယ်