အသွင်ပြောင်းဆီများစားသုံးမှု ရှောင်ကြဉ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တောင်းဆို

မောင်သာယာ

 

၂၀၂၃ ခုနှစ်တွင် အသွင်ပြောင်းဆီဖြင့် ပြုလုပ်ထားသော စက်မှုထုတ်ကုန်ပစ္စည်းများကို ကမ္ဘာတစ်ဝန်း လုံးဝတားမြစ်သွားရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းဆိုထားသည်။ တုပပြုလုပ်ထားသည့် အသွင်ပြောင်းဆီများကြောင့် ကမ္ဘာတစ်ဝန်း အရွယ်မတိုင်မီသေဆုံးရသူ နှစ်စဉ် သန်းဝက်ခန့်ရှိသည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ အသွင်ပြောင်းဆီပါဝင်သော ထုတ်ကုန်များကို မီးအပူပေးထုတ်လုပ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် ဟင်းချက်ဆီများတွင် များသောအားဖြင့် တွေ့ရသည်။

 

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံပေါင်း ၅၈ နိုင်ငံကျော် က တုပပြုလုပ်ထားသော အသွင်ပြောင်းဆီများ စားသုံးခြင်းမှကာကွယ်ရန် ဥပဒေများ ထုတ်ပြန် ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြား သည်။   သို့သော်လည်း   နိုင်ငံပေါင်း ၁၀၀ ကျော်တွင်    အသွင်ပြောင်းဆီဖြင့်   ထုတ်လုပ်ထားသော စားသောက်ကုန်များကို   ဖယ်ရှားရှောင်ကြဉ်သင့်သည်ဟုဆိုသည်။

 

နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် အသွင်ပြောင်းဆီကြောင့် သေဆုံးရမှု သုံးပုံ - နှစ်ပုံရှိခဲ့သည်ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ အဆိုပါနိုင်ငံများအနက်  ကနေဒါ၊ လတ်ဗီးယား၊ စလိုဗေးနီးယားနှင့် အမေရိကန်တို့သည် တုပပြုလုပ်ထားသော အသွင်ပြောင်းဆီများကို ကန့်သတ်ထား ခြင်း သို့မဟုတ် တားမြစ်ထားသည့် နိုင်ငံများဖြစ်သည်။  သို့သော်လည်း  နိုင်ငံအတော်များများတွင် အရေးယူကန့်သတ်ထားခြင်းများ မရှိသေးချေ။ အဆိုပါနိုင်ငံများမှာ အာရှတွင် အဇာဘိုင်ဂျန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီရန်နှင့်   တောင်ကိုရီးယားနိုင်ငံတို့   ဖြစ်သည်။ အခြားနိုင်ငံများမှာ အီကွေဒေါ၊ မက္ကဆီကိုနှင့် အီဂျစ်နိုင်ငံတို့ဖြစ်သည်။

 

တွန်ဖရီဒန်သည် ပြည်သူ့ကျန်းမာရေးအဖွဲ့ အစည်းတစ်ခုဖြစ်သည့် ‘အသက်ကယ်ဖို့ဖြေရှင်းစို့အဖွဲ့၏ အကြီးအကဲဖြစ်သည်။ အဆိုပါအဖွဲ့သည် နိုင်ငံတကာစားနပ်ရိက္ခာထောက်ပံ့မှုတွင် တုပပြုလုပ် ထားသော အသွင်ပြောင်းဆီများဖယ်ရှားရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိ သည်။ အစားအသောက်များတွင် အသွင်ပြောင်းဆီ များ ဖယ်ရှားလိုက်ခြင်းကြောင့် ၂၀၄၀ ပြည့်နှစ်တွင် နှလုံးနှင့်ပတ်သက်သောရောဂါကြောင့် သေဆုံးရသူ ၁၇ သန်းအထိ ကာကွယ်နိုင်မည်ဟု တွန်ဖရီဒန်က ပြောကြားသည်။

 

အသွင်ပြောင်းဆီဆိုတာ ဘာလဲ

 

အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့သည် နှလုံးကျန်းမာရေးနှင့် သုတေသနပြုမှုများ ထောက်ပံ့ ကူညီနေသည့် အကျိုးအမြတ်မယူသော အဖွဲ့အစည်း ဖြစ်သည်။   အဆိုပါအဖွဲ့က   အသွင်ပြောင်းဆီကို သဘာဝအသွင်ပြောင်းဆီနှင့် တုပပြုလုပ်ထားသော အသွင်ပြောင်းဆီဟူ၍ အမျိုးအစားနှစ်မျိုးရှိသည်ဟု ဆိုသည်။ သဘာဝအသွင်ပြောင်းဆီကို တိရစ္ဆာန်အချို့၏ အူများမှရရှိသော အဆီများနှင့် နို့နှင့်အသားထွက် ပစ္စည်းများကဲ့သို့   တိရစ္ဆာန်များမှထုတ်လုပ်ထားသော အစားအစာများတွင် တွေ့ရသည်။

 

တုပပြုလုပ်ထားသော  အသွင်ပြောင်းဆီ တစ်နည်းအားဖြင့် အသွင်ပြောင်းအဆီ အက်စစ်ကို ဟင်းရွက်ဆီများထဲသို့  ဟိုက်ဒရိုဂျင်ဓာတ်  ထည့်ပေါင်းထားသည့် စက်မှုလုပ်ငန်းစဉ်ဖြင့် ဖန်တီးထား သည်။ အစားအစာ ထုတ်လုပ်သူများသည် ကုန်ကျစရိတ်သက်သာသည့်  အဆိုပါအသွင်ပြောင်းဆီ များကို အသုံးပြုခြင်းအားဖြင့် အစားအစာများသည် လတ်ဆတ်မှုပိုကြာရှည်ခံစေနိုင်မည်ဖြစ်သည်။

 

အသွင်ပြောင်းဆီများကို ဒိုးနပ်၊ ကိတ်မုန့်၊ ကွတ်ကီးနှင့် ကြော်ထားသည့် အစားအစာများတွင် တွေ့နိုင်သည်။ စတိုးဆိုင်စင်များပေါ်တွင် လပေါင်းများစွာ ထားရှိသော်လည်း နူးညံ့ပြီးစိုစွတ်နေသော မုန့်များမှာ များသောအားဖြင့် အသွင်ပြောင်းဆီ ပါဝင်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဆီသည် အခန်းအပူချိန်တွင် အခဲအဖြစ်ရှိနေသောကြောင့် ဖြစ်သည်။

 

အသက်ကယ်ဖို့ဖြေရှင်းစို့ အဖွဲ့၏ အကြီးအကဲ တွန်ဖရီဒန်က တုပပြုလုပ်ထားသည့် အသွင်ပြောင်း ဆီနှင့် ပြည့်ဝဆီများ၏ ကွဲပြားခြားနားချက်ကို သိရှိထားရန်မှာ  အလွန်အရေးကြီးသည်ဟု  ပြော ကြားသည်။   တွန်ဖရီဒန်က  အသွင်ပြောင်းဆီကို ‘အဆိပ်ဖြစ်စေသာဓာတုဟု ခေါ်ဆိုပြီး စားနပ်ရိက္ခာ များမှ လုံးဝဖယ်ရှားပစ်သင့်ကြောင်းနှင့် တုပပြုလုပ်ထားသော  အသွင်ပြောင်းဆီမှာ  လုံးဝတန်ဖိုးမရှိ ကြောင်း ပြောကြားသည်။

 

အသွင်ပြောင်းဆီများ ဖယ်ရှားရန် ကြိုးပမ်းမှုများ

 

၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အစားအသောက်ထောက်ပံ့မှုများမှ တုပပြုလုပ် ထားသော အသွင်ပြောင်းဆီများ ဖယ်ရှားရန်အတွက် ကမ္ဘာတစ်ဝန်းရှိ  အစိုးရများကို  တောင်းဆိုသည့် တစ်ဆင့်ပြီးတစ်ဆင့်ပြုလုပ်ရမည့် လမ်းညွှန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန် ချက်တွင် အသွင်ပြောင်းဆီအစား သံလွင်ဆီကဲ့သို့ သောဆီများကို   အစားထိုးအသုံးပြုရန်၊   အသွင် ပြောင်းဆီ၏ ဆိုးကျိုးအန္တရာယ်များကို   အများ ပြည်သူ သိရှိစေရန်၊ အသွင်ပြောင်းဆီအ

သုံးမပြုရေး မူဝါဒများနှင့် ဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းပေးရန် အစိုးရများကို တိုက်တွန်းထားသည်။

၂၀၂၀ ပြည့်နှစ်အကုန်တွင် အသစ်ပြဋ္ဌာန်းပေး လိုက်သည့် ဥပဒေများကြောင့်  လူဦးရေ ၃ ဒသမ ၂ ဘီလီယံကျော်ကို  ဓာတုပစ္စည်းများဆိုးကျိုး အန္တရာယ်မှ   ကာကွယ်ပေးနိုင်ခဲ့သည်ဟု   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ ယင်းကဲ့သို့ အရေးယူဆောင်ရွက်မှုအများစုကို   ချမ်းသာသော နိုင်ငံများနှင့် ဒေသများတွင် ပြုလုပ်သည်ကို တွေ့ရ သည်။   သို့သော်လည်း   ဘင်္ဂလားဒေ့ရှ်၊   အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ယူကရိန်းတို့အပါအဝင် ဝင်ငွေအလယ်အလတ်ရှိသည့် နိုင်ငံအချို့သည်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အသွင်ပြောင်းဆီများနှင့် ပတ်သက်သော မူဝါဒများကို လိုက်နာကျင့်သုံးခဲ့ကြ သည်။ အိန္ဒိယ၏မူဝါဒသည် လူဦးရေ တစ်ဘီလီယံ ကျော်ကို လွှမ်းခြုံသက်ရောက်မှုရှိစေသည်။ ထို့ပြင် နိုင်ဂျီးရီးယားနိုင်ငံသည် အသွင်ပြောင်းဆီကိုဖယ်ရှားရန် ဒုတိယမြောက် အာဖရိကနိုင်ငံအဖြစ် တောင် အာဖရိကနိုင်ငံနှင့် ပူးပေါင်းသွားမည်ဟု မျှော်လင့်ရသည်။

 

လူဦးရေ ငါးဘီလီယံသည် အသွင်ပြောင်းဆီ၏ ဆိုးကျိုးအန္တရာယ်ရှိနေဆဲဖြစ်သည်ဟု တွန်ဖရီဒန်က မှတ်ချက်ပြုသည်။  အစိုးရများအနေဖြင့်  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အကောင်းဆုံးသော မူဝါဒများ ကို လိုက်နာကျင့်သုံးခြင်းဖြင့် ကာကွယ်နိုင်သော သေဆုံးမှုများကို ရပ်တန့်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

 

နိုင်ငံတစ်နိုင်ငံတွင် မူဝါဒများ အောင်မြင်သွားပြီဆိုလျှင် အခြားနိုင်ငံများတွင်လည်း လိုက်ပါဆောင် ရွက်နိုင်ရေးအတွက် အားပေးကူညီနိုင်ပါကြောင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် တောင်အာရှ နှင့် အရှေ့တောင်အာရှနိုင်ငံများအားလုံးအတွက် စံနမူနာများ ဖြစ်လာနိုင်ကြောင်းနှင့် နိုင်ဂျီးရီးယား နိုင်ငံသည် တောင်အာဖရိကနိုင်ငံနှင့်အတူ အာဖရိကတိုက်အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်လာလိမ့်မည်ဟု တွန်ဖရီဒန်က မှတ်ချက်ပြုပြောကြားသည်။

 

ကိုးကား -  WHO Calls for Removal of Trans Fat in 2023 ကို ဘာသာပြန်သည်။