အသင်းပေါင်း ၅၀ ပါဝင်ယှဉ်ပြိုင်သည့် တရုတ်နှစ်သစ်ကူးနေ့ အမျိုးသား၊ အမျိုးသမီး အလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ကျင်းပ

ရန်ကုန် ၂၅  ဇန်နဝါရီ 


 မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် တရုတ်နှစ်သစ်ကူးနေ့ အထိမ်း အမှတ် အမျိုးသား၊ အမျိုးသမီးအလွတ်တန်းနှင့် အသက်(၂၃)နှစ်အောက် 3×3 ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစားပြိုင်ဝင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။


ပြိုင်ပွဲတွင် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် နာယက ဒေါက်တာဒေါ်နီနီက အဖွင့်အမှာစကား ပြောကြားပြီး သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပထမနေ့ပွဲစဉ်တွင် အမျိုးသား၊ အမျိုးသမီးအလွတ်တန်းနှင့် အသက်(၂၃)နှစ်အောက် ၃×၃ ဘတ်စကက်ဘောပြိုင်ပွဲများအား ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြသည်။


“တရုတ်နှစ်သစ်ကူးအထိမ်းအမှတ် ဘတ်စကက်ဘော မကျင်းပတာကြာပါပြီ။ ပထမဆုံးအကြိမ် ပြန်လည် ကျင်းပခြင်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ လက်ရွေးစင်ကစားသမားများရွေးချယ်ပြီး (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ၃×၃ ဘတ်စကက်ဘောပြိုင်ပွဲ ထည့်သွင်းကျင်းပမှာဖြစ်လို့ ကြိုတင် ပြင်ဆင်တဲ့အနေနဲ့ ကျင်းပခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်မြင့်က ပြောသည်။


အဆိုပါပြိုင်ပွဲတွင် အသင်းပေါင်း ၅၀ ပါဝင်ပြီး အားကစားသမား ၂၀ဝ ခန့်ပါဝင်ယှဉ်ပြိုင်ကာ ပြိုင်ပွဲကိုဇန်နဝါရီ၂၇ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


သတင်းနှင့်ဓာတ်ပုံအေကေလင်း