အသည်းရောင်ရောဂါနှင့် နောက်ဆက်တွဲရောဂါများ

 

မေယု-မျိုးအောင် (MANA)

 

ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ ရောဂါဖြစ်စေပြီး လူသားများ၏ကျန်းမာရေးကို ထိခိုက်စေသည့် ဗိုင်းရပ်စ်ပိုး ငါးမျိုးရှိပြီး အေ၊ ဘီ၊ စီ၊ ဒီ၊ အီးဟူ၍ ခွဲခြားထားပြီး မြန်မာနိုင်ငံတွင် အသည်းရောင်အသားဝါရောဂါ ဖြစ်စေသော ဗိုင်းရပ်စ်ပိုးမှာ ယခုအချိန်အထိ အေ၊ ဘီ၊ စီနှင့် ဒီ ဟူ၍ လေးမျိုးသာ ရှိသေးသည်ဟုလည်း သိရသည်။ သုတေသနပြု လေ့လာတွေ့ရှိချက်အရ ဗိုင်းရပ်စ်ပိုး “အေ” ကူးစက်မှုသည် အသက် ၁၄ နှစ်အရွယ်တွင် ၁ဝဝ ရာခိုင်နှုန်း (၁၉၉၁ ခုနှစ်)နှင့် ဗိုင်းရပ်စ်ပိုး “ဒီ” သည် ၂၉ ရာခိုင်နှုန်း (၂၀၀၈ ခုနှစ်)ရှိကာ မြန်မာ နိုင်ငံတစ်ဝန်း ကွင်းဆင်းစစ်တမ်း ကောက်ယူချက်အရ ဗိုင်းရပ်စ် “ဘီ” နှင့် “စီ” ကူးစက်မှုနှုန်းသည် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၆၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

 

ကမ္ဘာ့အသည်းရောင်ရောဂါနေ့

 

ကမ္ဘာပေါ်၌ ရှာဖွေဖော်ထုတ်ပေးခဲ့သော ဘီနှင့်စီ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသူပေါင်း ၃၂၅ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ၁ ဒသမ ၄ သန်းခန့် သေဆုံးလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ၂၀၁၅ ခုနှစ်တွင် နိုင်ငံတစ်ဝန်း သုတေသနပြု လေ့လာချက်အရ ဘီပိုးကူးစက်မှုနှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီပိုးကူးစက်မှုနှုန်း ၂ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။ လက်ရှိဖြစ်ပွားနေသော အသည်းရောင်အသားဝါ ဘီနှင့်စီ ရောဂါများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာအစိုးရများက အလေးထားလာကြသည်။ အသည်းရောင်အသားဝါ ရောဂါများသည် ကမ္ဘာပေါ်တွင် အလေးထား တိုက်ဖျက်ရသည့် ရောဂါအဖြစ် ၂၀၁၁ ခုနှစ်တွင် WHO က အသိအမှတ်ပြုခဲ့ပြီး အသည်းရောင်အသားဝါ ရောဂါ ဘီပိုးကို စတင်တွေ့ရှိခဲ့သည့် ၁၉၇၆ ခုနှစ် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုရှင် ဒေါက်တာ ဘလမ်းဘတ်ကို ဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ ဇူလိုင်လ ၂၈ ရက်နေ့ကို ကမ္ဘာ့အသည်းရောင် ရောဂါနေ့အဖြစ် ဆုံးဖြတ်သတ်မှတ်ခဲ့ကြသည်။

 

အမေရိကန်နိုင်ငံသား ဇီဝဓာတုဗေဒနှင့် ဆေးဘက်ဆိုင်ရာ မနုဿဗေဒပညာရှင်တစ်ဦး ဖြစ်သူ ဒေါက်တာဘရပ်ဆင်မြူရယ် ဘလမ်းဘတ် (၁၉၂၅-၂၀၁၁) သည် အမေရိကန်နိုင်ငံ မာရီလင်း အမျိုးသားကျန်းမာရေး သိပ္ပံတွင် ၁၉၅၇ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ မျိုးရိုးဗီဇပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒေါက်တာဘလမ်းဘတ်သည် သြစတြေးလျတိုက်ရှိ နယ်မြေများတွင် နေထိုင်ကြသော အာဘိုရီးဂျင်း ဒေသခံလူများတွင် တွေ့ရှိခဲ့သော သြစတြေးလျ ပဋိလုံပစ္စည်းသည် ဗိုင်းရပ်စ်ပိုး တစ်မျိုး၏ အပေါ်ယံအခွံ ပဋိလုံပစ္စည်းဖြစ်ကြောင်းကို ၁၉၆၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး အဆိုပါ ပိုးသည် အသည်းရောင်အသားဝါ ဘီဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်းကို ၁၉၆၅ ခုနှစ်တွင် ဖော်ထုတ်သတ်မှတ် တင်ပြနိုင်ခဲ့သည်။ ဘီဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်တွင် ဖြစ်ပွားမှုနှုန်းများသည့် အသည်းရောင်အသားဝါ ရောဂါနှင့် ရောဂါ၏နောက်ဆက်တွဲ အသည်းခြောက်၊ အသည်းကင်ဆာ သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သည်။

 

ပထမဆုံး ဘီပိုးကာကွယ်ဆေး

 

ဒေါက်တာဘလမ်းဘတ်သည် ၁၉၆၇ ခုနှစ်တွင် သွေးတွင်းမှ ဘီပိုးကို ပထမဆုံးစစ်ဆေးနိုင်သည့် စမ်းသပ်နည်းပညာဖြင့် ပစ္စည်းများ ထုတ်လုပ်နိုင်ခဲ့၍လည်းကောင်း၊ သွေးသွင်းကုသမှုခံယူမည့် လူနာများအတွက်လည်း သွေးသွင်းခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပွားရသည့် အသည်းရောင် အသားဝါရောဂါ မဖြစ်ရလေအောင် ကြိုတင်စစ်ဆေးနိုင်ခြင်းနှင့် ကာကွယ်မှုပေးနိုင်ခဲ့ခြင်းကြောင့်လည်း ကောင်း၊ ၁၉၆၉ ခုနှစ်တွင် ဘီပိုးရောဂါကို ကာကွယ်နိုင်သည့် ပထမဆုံး ဘီပိုးကာကွယ်ဆေးကို သွေးရည်ကြည်မှ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ခြင်း ကြောင့်လည်းကောင်း ဆေးပညာဆိုင်ရာ နိုဘယ်လ် ဆုကို ၁၉၇၆ ခုနှစ်တွင် ထိုက်တန်စွာ ချီးမြှင့်ခြင်း ခံရသည်။

 

အသည်းရောင်အသားဝါရောဂါကို ထိထိရောက်ရောက် တိုက်ဖျက်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် “အမျိုးသားအသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်” National Hepatitis Control Program - NHCP ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလကပင် စတင်တည်ထောင်ခဲ့ကာ ရောဂါ ကာကွယ်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ အသိပညာပေးခြင်း စသည့်လုပ်ငန်းများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ NHCP၏ မျှော်မှန်းချက် Vision မှာ အသည်းရောင် ရောဂါပိုးရှိနေသူများကို အန္တရာယ်ကင်း၍ ထိရောက်သောကုသမှုများ လက်လှမ်းမီရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ရောဂါ ကူးစက်မှု ရပ်တန့်အောင်ပြုလုပ်ကာ ဗိုင်းရပ်စ်အသည်းရောဂါများမှ လုံးဝကင်းစင်ရေးဖြစ်သည်။

 

အသည်းရောင်ရောဂါသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွား

 

အမျိုးသားအသည်းရောင်အသားဝါ ကာကွယ် ထိန်းချုပ်ရေးစီမံချက်သည် ၂၀၁၆-၂၀၂၀ ပြည့်နှစ်အတွင်း မဟာဗျူဟာလေးရပ်ဖြင့် ဆောင်ရွက်သွားမည်ဟု သိရပြီးယင်းဗျူဟာလေးရပ်မှာ (၁) အသည်း ရောင်အသားဝါ ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမရှိအောင် ကာကွယ်ခြင်း၊ (၂) ရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကုသမှုခံယူစေခြင်း၊ (၃) ရောဂါကုသရေး နှင့် တိုက်ဖျက်ရေးလုပ်ငန်းများ အရှိန်အဟုန် မြင့်အောင်ဆောင်ရွက်ခြင်း၊ (၄)အသည်းရောင် အသားဝါရောဂါဖြစ်ပွားမှုကို စောင့်ကြည့်လေ့လာခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရောဂါတိုက်ဖျက်ရေးလုပ်ငန်း နည်းဗျူဟာများချမှတ် အကောင်အထည် ဖော်ခြင်းတို့ဖြစ်သည်။ အသည်းသည် သည်းခြေရည် ထုတ်လုပ်ခြင်း၊ စွန့်ပယ်ခြင်း၊ အစားအသောက်မှ အာဟာရဓာတ်များကို ချေဖျက်ထိန်းညှိပေးခြင်း၊ သွေးများကို သန့်စင်အောင် ပြုလုပ်ခြင်း၊ ဗီတာမင်နှင့် သတ္တု ဓာတ်များကို သိမ်းဆည်းခြင်း၊ သွေးအတွင်းရှိ အယ်ဗျူမင်ဓာတ်နှင့် သွေးခဲစေသောဓာတ်များကို ထုတ်လုပ်ခြင်း၊ ရောဂါပိုးများကို နှိမ်နင်းခြင်းစသည့် လုပ်ဆောင်မှုများကို ပြုလုပ်ပေးနေသည့် အရေးကြီးသော ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အသည်းရောင်ရောဂါသည် များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်ကို သိရသည်။

 

အသည်းရောင်အသားဝါ ဘီနှင့်စီ ဗိုင်းရပ်စ် ရောဂါပိုးများကို ရှာဖွေဖော်ထုတ်တွေ့ရှိခဲ့ကြသဖြင့် ယနေ့အချိန်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရောဂါပိုးများကို စမ်းသပ်စစ်ဆေး ဖော်ထုတ်နိုင်သည့် စမ်းသပ်နည်းပညာ၊ ပစ္စည်းနှင့် စက်ကိရိယာအမျိုးမျိုးတို့ တီထွင်အသုံးပြုလာနိုင်သည်။ အထက်ပါ စမ်းသပ်ပစ္စည်းများကို အသုံးပြု၍ ရောဂါပိုးများကို ကြိုတင်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်လာနိုင်သဖြင့် လိုအပ်၍ သွေးသွင်းကုသမှုခံယူမည့် လူနာများအတွက်လည်း ရောဂါပိုးကူးစက်မှု လုံးဝမရှိရ လေအောင်နှင့် ပိုးရှိကိုယ်ဝန်ဆောင်မိခင်မှ ရင်သွေးငယ်သို့ ဗိုင်းရပ်စ်ရောဂါပိုးများ ကူးစက်ခြင်း လျော့ပါးရလေအောင် ကာကွယ်လာနိုင်သည်။ မိမိကိုယ်မိမိ ဘီနှင့် စီ ရောဂါပိုးများ ကူးစက်ခံ/သယ်ဆောင်ထားသည်ကို မသိရှိကြသေးသော ရောဂါပိုးရှိနေကြသည့် လူများကိုလည်း စစ်ဆေး စမ်းသပ်ရှာဖွေ ဖော်ထုတ်လာနိုင်သည်။

 

ဘီပိုးကာကွယ်ဆေးနှင့် ဘီပိုးဖြေဆေး

 

ဘီပိုးရောဂါ ကူးစက်ခြင်းကို ရာနှုန်းပြည့်နီးပါး ကာကွယ်မှုပြုနိုင်သည့် အစွမ်းထက်သော အဆင့်မြင့် မျိုးရိုးဗီဇမှထုတ်လုပ်သည့် ဘီပိုးကာကွယ်ဆေးနှင့် ဘီပိုးဖြေဆေးများကို စမ်းသပ်ထုတ်လုပ်ဖြန့်ဖြူး နိုင်ခဲ့ခြင်းကြောင့် မွေးကင်းစကလေးငယ်များကို မွေးပြီး ၂၄ နာရီအတွင်း ဘီပိုးကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ တစ်နှစ်အောက် ကလေးများတွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းအစီအစဉ် တွင် ဘီပိုးကာကွယ်ဆေးသုံးကြိမ် ထိုးနှံမှုခံယူရန် ထည့်သွင်ထားခြင်းနှင့် ဘီပိုးကူးစက်နိုင်ခြေများသည့် လူတိုင်းကိုလည်း ဘီပိုးကာကွယ်ဆေး ကြိုတင်ထိုးနှံ မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးလာနိုင်သည်။

 

ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်မှုပြုနိုင်သည့် နည်းလမ်းများနှင့်ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များကို ပြည်သူများသို့ ကျန်းမာရေး အသိပညာပေးခြင်းဖြင့် ပြည်သူများကလည်း လိုက်နာဆောင်ရွက်ခြင်းတို့ ပြုလုပ်လာနိုင်သည်။ ရောဂါပိုးရှိနေသူများကို ကုသပေးရန်အတွက် အန္တရာယ်ကင်း၍ အစွမ်းထက် တိကျထိရောက်သော ဆေးဝါးများကိုလည်း ထုတ်လုပ်ပေးနိုင်သည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ လမ်းညွှန်ချက်အရ ပြည်သူလူထုအနေဖြင့်လည်း မိမိကိုယ်မိမိ အသည်းရောင်အသားဝါ ရောဂါကူးစက်ခံရခြင်းမှ ကာကွယ်ရန်အတွက် အသည်းရောင်အသားဝါ “ဘီ” ရောဂါကာကွယ်ဆေးထိုးရန် ကျန်းမာရေး စောင့်ရှောက်မှုပေးနေသော ဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓားနှင့် သွားပွတ်တံများအတူ မျှဝေသုံးစွဲခြင်းမှ လုံးဝရှောင်ကြဉ်ခြင်း၊ ဘီပိုးရှိသော ကိုယ်ဝန်ဆောင် မိခင်များသည် မိမိ၏မွေးဖွားလာမည့် ရင်သွေးကို ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ဆေးမင်ကြောင်ထိုးခြင်းနှင့် နားဖောက်ခြင်းတို့တွင် ပိုးသတ်သန့်စင်ထားသော ကိရိယာများကိုသာ အသုံးပြုခြင်း၊ ဆေးကုသမှုခံယူတိုင်း (ဖြစ်နိုင်လျှင်) သောက်ဆေးကိုသာ အသုံးပြုလျက်ဆေးထိုးခြင်းကို ရှောင်ကြဉ် ခြင်းစသည့် အဓိက အချက်ခြောက်ချက်ကို လိုက်နာရန် လိုအပ်မည်ဖြစ်သည်။

 

အဆင့်မြင့် နောက်ဆုံးပေါ်နည်းပညာများကို အသုံးပြု၍ ပိုးကောင်ပမာဏ အတိအကျကိုလည်းကောင်း၊ ဗိုင်းရပ်စ်ပိုးများ၏ မျိုးရိုးဗီဇကွဲအမျိုးမျိုး ကိုလည်းကောင်း၊ ရောဂါကုသဆေးဝါးများကို ခံနိုင်ရည်ရှိနိုင်သောပိုး၏ မျိုးရိုးဗီဇများကိုလည်း ကောင်း ရှာဖွေဖော်ထုတ်လာနိုင်ခဲ့သည်။

 

ရောဂါပိုးများ၏ မော်လီကျူးဖွဲ့စည်းမှုနှင့် လုပ်ဆောင်ချက်များကိုလည်း တိကျစွာ စမ်းသပ်သုတေသနပြု ဖော်ထုတ်နိုင်ခဲ့သဖြင့် ဘီပိုးနှင့်စီပိုးအတွက် ထိရောက်သော၊ အစွမ်းထက်၍ အန္တရာယ်ကင်းသော အဆင့်မြင့်ကုသဆေးများကို ထုတ်လုပ် ဖြန့်ဖြူးလာနိုင်ခဲ့သည်။ ဘီပိုးကို လုံးဝပျောက်ကင်းအောင် ကုသမှုမပြုလုပ်နိုင်သေးသော်လည်း ဖော်ပြပါဆေးများကို ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါပိုးပွားများမှုကို လုံးဝထိန်းချုပ်ထားနိုင်ပြီး ရောဂါ၏နောက်ဆက်တွဲ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာ ဆက်လက်ဖြစ်ပွားခြင်းတို့ကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်ပြီဖြစ်သည်။ အသည်းရောင်အသားဝါ စီပိုးအတွက်မူ ယနေ့အထိ ရောဂါကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်မှု မရှိသေးသော်လည်း အချိန်တို (သုံးလမှ ခြောက်လ) အတွင်း ရာနှုန်းပြည့်နီးပါး စီပိုးပျောက်ကင်းအောင် ကုသမှုပေးနိုင်သည့် စီပိုးသေဆေးများကို ထုတ်လုပ်ပေးနိုင်နေပြီဖြစ်သည်။ ဘီပိုးနှင့် စီပိုးသေဆေးများသည် ထိုးဆေးများမဟုတ်ဘဲ သောက်ဆေးများဖြစ်၍ လွယ်လင့်တကူ ရရှိသောက်သုံးနိုင်သည်။ တစ်နေ့လျှင်တစ်ကြိမ်သာ သောက်ရသည့်အပြင် ကုန်ကျစရိတ်မှာလည်း လွန်စွာကြီးမြင့်မှု မရှိသဖြင့် လူနာများအတွက် လွန်စွာသင့်တော် အကျိုးရှိသည့်ဆေးများ ဖြစ်လာသည်။          

 

ကမ္ဘာတစ်ဝန်းရှိ လူသားများအားလုံးက အသည်းရောင်ရောဂါများကို သတိပြုအလေးထား လာကြစေရန်နှင့် အသည်းရောင်ရောဂါများကို ကမ္ဘာပေါ်တွင် လျော့နည်းပပျောက်သွားစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ ကမ္ဘာ့ အသည်းရောင်ရောဂါနေ့အခမ်းအနားများကို WHO က ဦးဆောင်၍ ဆောင်ပုဒ်များချမှတ်ကာ ကမ္ဘာ့ နိုင်ငံအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လာခဲ့ကြ သည်။ အသည်းရောင်ရောဂါ ကင်းစင်သော အနာဂတ်ကမ္ဘာကြီး ပေါ်ထွန်းလာရေးအတွက် ယခုအချိန်တွင် WHO နှင့် ကမ္ဘာ့အသည်းရောင်ရောဂါ မဟာမိတ်အဖွဲ့ (World Hepatitis Alliance - WHA)တို့၏ဦးဆောင်မှုဖြင့် ကမ္ဘာ့နိုင်ငံတိုင်းသည် အသည်းရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ စစ်ဆေး၊ ကုသရေးလုပ်ငန်းများကို အရေးပေးကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

ဘီနှင့်စီ ဗိုင်းရပ်စ်ပိုးတို့ကြောင့် ဖြစ်ပွားရသည့် အသည်းရောင်အသားဝါရောဂါများနှင့် နောက် ဆက်တွဲရောဂါများကြောင့် သေဆုံးမှုများသည် သိသာစွာလျော့နည်း ပပျောက်သွားတော့မည်ဖြစ် သည်။ WHO ၏ ရည်မှန်းချက်အတိုင်း ၂၀၃၀ ပြည့် နှစ်တွင် အသည်းရောင်အသားဝါရောဂါ ကင်းစင်သော အနာဂတ်ကမ္ဘာကြီးပေါ်ထွန်းလာနိုင်မည်ဖြစ်ပါကြောင်း ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါ ဘီနှင့် စီ ဗိုင်းရပ်စ်ပိုးများကို ရှာဖွေဖော်ထုတ်ပေးခဲ့ကြခြင်းဖြင့် လူသားသန်းပေါင်းများစွာတို့၏ အသက်များကို ကယ်တင်ပေးနိုင်ခဲ့ကြသော ဆေးပညာဆိုင်ရာ ဆေးပညာရှင်များအား လှိုက်လှဲစွာချီးကျူး ဂုဏ်ပြုမှတ်တမ်းတင်အပ်သည်။

 

မြန်မာနိုင်ငံတွင် သုတေသနလေ့လာဆန်းစစ် ချက်များအရ မန္တလေး၊ လားရှိုး၊ မော်လမြိုင်တို့တွင် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး ဖြစ်ပွားမှုနှုန်း ပိုများသည်ကိုတွေ့ရှိရပြီး ကူးစက်တတ်သည့် အကြောင်းအရာများကို လေ့လာသိရှိမှု အားနည်းခြင်းကြောင့်ဖြစ်သည်ဟု သိရသည်။ ဘီပိုး၊ စီပိုး ကာကွယ်ဆေးကို သုံးကြိမ်ထိုးထားပြီးပါက ရာနှုန်းပြည့်ကာကွယ်နိုင်မည်ဖြစ်ပြီး မျိုးရိုးတွင် အသည်းရောင် ဘီပိုးနှင့် စီပိုးရှိသူရှိပါက ကာကွယ်ဆေးထိုးထားခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များသည် အရေးကြီး၍ ကာကွယ်ဆေးကို ထိုးထားသင့်သည်ဟု သိရသည်။ ပြည်သူများအနေဖြင့် အသည်းရောဂါ ကြိုတင်သိရှိနိုင်ရန် သွေးစစ်ဖို့လိုအပ်သလို သက်ဆိုင်ရာမှ အသည်းရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ချက်များ လိုက်နာဆောင်ရွက်ကြပါရန် နှင့် ဇူလိုင်လ၂၈ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အသည်းရောင်ရောဂါနေ့ကို ကြိုဆိုရေးသား လိုက်ရပါသည်။ ။