အသံပါရမီ ထူးခြားသူ၏ အမျိုးသား ကဇာတ်ရုံမှ သီဆိုပွဲ မကြာမီလာမည်

၂၄ ဖေဖော်ဝါရီ

 

တေးသံရှင် နီနီခင်ဇော်က သီချင်းသံစဉ်များကို အတူလိုက်ပါ စီးမျောနိုင်ကြမည့် တစ်ကိုယ်တော် ဖျော်ဖြေမှု အစီအစဉ်ကို မကြာမီကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

 

"နီနီခင်ဇော်ရဲ့ တစ်ကိုယ်တော် တင်ဆက်မှုဖြစ်တဲ့ Revolution Show ပွဲက တစ်နှစ်မှာ တစ်ခါသာ ကျင်းပဖြစ်ပါတယ်၊ နီနီချစ်တဲ့ ပရိသတ်ကြီးအတွက် အကောင်းဆုံး တင်ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်၊ ဒီပွဲလေးက ချစ်တဲ့ ပရိသတ်တွေနဲ့ အတူတူ သီချင်းသံစဉ်တွေကို လိုက်ပါစီးမျောကြမှာမို့ အားလုံးကို ဖိတ်ခေါ်ပါတယ်" ဟု နီနီခင်ဇော်က ပြောသည်။

 

အဆိုပါပွဲသည် RETRO အမည်ဖြင့် ကျင်းပမည်ဖြစ်ပြီး Revolution Show ပွဲတစ်ခု ဖြစ်ကြောင်း၊ ခေတ်ဟောင်းပုံစံ တေးသွားများအား ဖက်ရှင်များနှင့် ပေါင်းစပ်ထားသည့် အထူးအစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

 

"ပွဲမှာ ထူးခြားတာလေးက သုည လက်မှတ်ခပေါ့၊ နီနီနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေနိုင်ရင် မေးခွန်း တစ်ခုမှန်တိုင်း ၁၀ ရာခိုင်နှုန်း လက်မှတ်ခ လျှော့ဈေးရမယ်၊ မေးခွန်းက အားလုံးပေါင်း ၁၀ ခု ရှိတယ်၊ ၁၀ ခုလုံးသာ ဖြေနိုင်ခဲ့မယ်ဆိုရင် လုံးဝအခမဲ့ သုည လက်မှတ်ကို ရမှာပါ၊ အဲဒီလက်မှတ်က ရှေ့ဆုံးတန်းဖြစ်မယ်ပေါ့၊ တင်ဆက်ပြသမှု အပိုင်းမှာလည်း အများကြီး အားဖြည့်ထားပါတယ်၊ ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေကို မှန်းပြီး ပွဲကျင်းပဖို့ စီစဉ်ဖြစ်တာ၊ ဧပြီ ၇ရက် ည ၇ နာရီမှာ စတင်မှာပါ၊ နေရာကတော့ အမျိုးသားကဇာတ်ရုံမှာပါ၊ ဒီဇိုင်းကိုလည်း ခေတ်ဟောင်း ဒီဇိုင်းပုံစံမျိုး ပြင်ဆင်ဖို့ ရည်ရွယ်ထားပါတယ်၊ အရင်ပွဲတွေထက် ပိုကောင်းတဲ့ နီနီခင်ဇော်ကို မြင်ရမှာပါ" ဟု နီနီခင်ဇော်က သူ့တစ်ကိုယ်တော် တင်ဆက်မှုအကြောင်းကို ပြောသည်။

 

ကိုလင်း