အတားအဆီးများ ဖယ်ရှား အခွင့်အရေးများ ဖော်ဆောင်

articles_advs

၃  ဒီဇင်ဘာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် မသန်စွမ်းသူဦးရေ တစ်ဘီလီယံ (သန်းတစ်ထောင်)ကျော်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင်မူ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်း (လူဦးရေ ၂ ဒသမ ၃ သန်းကျော်)သည် မသန်စွမ်းသူများ ဖြစ်ကြသည်ဟု ဆိုသည်။

မသန်စွမ်းသူဆိုသည်မှာ မွေးရာပါဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ကိုယ်ကာယ၊အမြင်၊အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည်ဉာဏ်သွေးပိုင်း၊ အာရုံခံစားမှုပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည်ခံစားနေရသူကို ဆိုသည်ဟူ၍ ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ ထို့အပြင် မသန်စွမ်းမှု ဆိုသည်မှာ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကိုဆိုသည်ဟူ၍ ဖွင့်ဆိုထားသည်။

နှစ်စဉ် ဒီဇင်ဘာလ ၃ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အဖြစ် သတ်မှတ်၍ ကမ္ဘာ့နိုင်ငံ အသီးသီးတို့တွင် ကျင်းပလျက် ရှိရာယခုနှစ်၏ ဆောင်ပုဒ်မှာ "The Future is Accessible " - "အတားအဆီးကင်းရေး မျှော်မှန်းလို့၊ မသန်စွမ်းလူ့အခွင့်အရေးဖော်ဆောင်စို့" ဟူ၍ဖြစ်သည်။ မသန်စွမ်းသူတစ်ယောက်အနေဖြင့် နေ့စဉ်ဘ၀ ရှင်သန်လှုပ်ရှားရသည့် အခါတွင် အခက်အခဲ အတားအဆီးများစွာတို့နှင့် ရင်ဆိုင်ကြရသည်။ ဥပမာ- ဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေရသည့် မသန်စွမ်းသူတစ်ဦး ပညာသင်ယူရန်အတွက် အိမ်မှကျောင်းသို့သွားရသည့် ခရီးတစ်ခုကို စဉ်းစားပုံဖော်ကြည့်လျှင်ပင် နားလည်နိုင်သည်။ ဘီးတပ် ကုလားထိုင်ဖြင့် လူသွားစင်္ကြံ (ပလက်ဖောင်းများ) ပေါ်တွင် အဆင်ပြေပြေ၊ ချောချောမွေ့မွေ့သွားလာနိုင်ရန်၊ ဘတ်စ်ကား၊ မီးရထား စသည့် ယာဉ်ရထားများပေါ်သို့ လွယ်လွယ်ကူကူ တက်ဆင်းနိုင်ရန်၊ ကျောင်းအဆောက်အအုံ၏ မည်သည့်အထပ်၊ မည်သည့်နေရာသို့ဖြစ်စေ အခြားသူ၏ အကူအညီမပါဘဲ သွားလာနိုင်ရန်လိုအပ်သကဲ့သို့ မသန်စွမ်းသူများ ထိုကဲ့သို့သွားလာနိုင်ရန် အများပြည်သူအသုံးပြုသည့် လမ်းတံတား။ အဆောက်အအုံ လူသွားစင်္ကြံ၊ယာဉ်ရထား စသည်တို့တွင် မည်သို့သော မသန်စွမ်းသူများဖြစ်စေ လွယ်လွယ်ကူကူ အသုံးပြုနိုင်ရန် စတင်ပုံစံထုတ် တည်ဆောက်စဉ်ကပင် ထည့်သွင်းစဉ်းစားတည်ဆောက်ကြရမှာ ဖြစ်သည်။

မသန်စွမ်းသူများ ရင်ဆိုင်ကြရသည့်နောက်ထပ်အတားအဆီးတစ်ခုမှာ လူ့အသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းတို့၏ မသန်စွမ်းသူများအပေါ် ရှုမြင်မှုနှင့် သဘောထားတို့ဖြစ်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဉာဏ်ရည်ပိုင်း စသည်ဖြင့် ချို့ယွင်းအားနည်းနေသည့် မသန်စွမ်းသူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ နှိမ်ချဆက်ဆံခြင်းတို့က မသန်စွမ်းသူများ၏ ပညာသင်ယူမှုအပေါ်တွင် လည်းကောင်း၊ အလုပ်အကိုင်ရှာဖွေရာတွင် လည်းကောင်း၊ များစွာသက်ရောက်မှုရှိသည်။ အမှန်တကယ်အားဖြင့်မူ မသန်စွမ်းသူတို့အား ၎င်းတို့ တစ်ဦးချင်းစီနှင့် ကိုက်ညီမည့် ပညာသင်ကြားမှုပုံစံများဖြင့် လေ့ကျင့်သင်ကြားပေးခြင်း၊ မသန်စွမ်းတစ်ဦးချင်းစီ၏ အလုပ်လုပ် ကိုင်နိုင်မှုနှင့် ကျွမ်းကျင်မှုတို့နှင့် လျော်ညီသည့် အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်းအတွက် တစ်တပ်တစ်အား အထောက်အကူပြုသူများဖြစ်လာနိုင်ပြီး ၎င်းတို့အား ပြုစုရသည့် ဝန်ထုပ်ဝန်ပိုးများ လျော့ကျစေမည်ဖြစ်သည့်အပြင် မသန်စွမ်း သူများအဖို့လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်က လက်မှတ်ရေးထိုးအတည် ပြုခဲ့သကဲ့သို့ ၂၀၁၅ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ပြဋ္ဌာန်း၍ မိမိနိုင်ငံသူ နိုင်ငံသား မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ အပြည့်အဝရရှိရေး၊ လူမှုဘ၀လုံခြုံစိတ်ချရပြီး ဖွံ့ဖြိုးတိုးတက်စေရေး၊ ခွဲခြားဆက်ဆံမှုများ၊ နိုင်ထက်စီးနင်းအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်ခံရမှုတို့မှ ကာကွယ်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

မသန်စွမ်းသူများ၏ ပညာသင်ကြားရေး၊ ကျန်းမာရေး၊ လွယ်ကူစွာ သွားလာနိုင်ရေး၊ နိုင်ငံရေးနှင့် ပြည်သူ့ရေးရာနယ်ပယ်တို့တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိရေး၊ မသန်စွမ်းသူများ ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး စသည်တို့တွင်လည်း အခက်အခဲ အတားအဆီးများကို ဖယ်ရှားကာ ဥပဒေနှင့်အညီ ဖော်ဆောင်ပေးခြင်းဖြင့် မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးများ အပြည့် အဝခံစားရရှိနိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း