အတိတ်သမိုင်းကို သင်ခန်းစာယူ လွတ်လပ်ရေးကို ထိန်းသိမ်းလက်ဆင့်ကမ်း

mdn

နေပြည်တော် ၂၉   ဒီဇင်ဘာ

 

သတ္တလောကတွင် ခွန်အားကြီးသူကသာ နောက်ဆုံးတွင် ရှင်သန်ကျန်ရစ်နိုင်သည်ဟူသော အယူအဆ တစ်ရပ်ရှိသည်။ အစာကွင်းဆက် အရ အကောင်သေးကို အကောင်ငယ်က စား၊ အကောင်ငယ်ကို အကောင်လတ်က စား ၊ အကောင်လတ်ကို အကောင်ကြီးက စားနှင့် နောက်ဆုံးတွင် အကောင်အကြီးဆုံးကသာ ကျန်ရစ်သည်ဟူသော ရှုထောင့်မှ ယူဆကြခြင်းဖြစ်သည်။ သို့ရာတွင် ပြောင်းလဲလာသည့် သဘာဝပတ်ဝန်းကျင်ကြီးနှင့် လိုက်လျောညီထွေစွာ လိုက်ပါပြောင်းလဲ နိုင်ခြင်းမရှိသောကြောင့် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာက ကမ္ဘာ မြေပေါ်တွင် ရှင်သန်ကျက်စားခဲ့ကြဖူးသည့် ဒိုင်နိုဆောကဲ့သို့သော သတ္တဝါကြီးများရှိခဲ့ဖူးကြောင်း အထောက်အထားများတွေ့လာကြရသည့် အခါ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ပတ်ဝန်းကျင်ပြောင်းလဲမှုတွင် လိုက်လျောညီထွေစွာ လိုက်ပါပြောင်းလဲနိုင်ရေးသည်လည်း အရေးပါသည်ကို တွေ့ရှိလာကြရပြန်သည်။

 

 မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်လည်လေ့လာပါကလည်း ဆိုခဲ့ပါ သဘောတရားများကို အထင်အရှားတွေ့ရမည်ဖြစ်သည်။ ၁၈၈၅ ခုနှစ် ဆောင်းရာသီတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဘုရင်ကို နန်းချကာ ရေခြားမြေခြားရှိ မြို့ငယ်ကလေးတစ်မြို့ဆီသို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းမခံရမီကာလအထိ မြန်မာနိုင်ငံသည် လယ်ယာ စီးပွားရေးကို အခြေခံသည့် မြေရှင်ပဒေသရာဇ်နိုင်ငံ တစ်နိုင်ငံသာ ဖြစ်ခဲ့သည်။ တစ်ကမ္ဘာလုံးအနေဖြင့်ကြည့်လျှင် မြန်မာနိုင်ငံတစ်နိုင်ငံ တည်းသာမဟုတ်၊ အရင်းရှင်စီးပွားရေးစနစ် ရှင်သန်ကြီးထွားနေပြီ ဖြစ်သည့် အနောက်ဥရောပနိုင်ငံတချို့မှလွဲ၍ ကျန်နိုင်ငံများ၊ အထူးသဖြင့် အာရှနှင့် အာဖရိကနိုင်ငံများစွာတို့မှာလည်း မြေရှင်ပဒေသရာဇ်စနစ် ထဲမှာပင် နေမြဲအတိုင်းရှိနေကြဆဲ။ ကမ္ဘာပေါ်တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာနေပြီး ယင်းအပြောင်းအလဲများက မိမိတို့အပေါ် မည်သို့ အကျိုးသက်ရောက် လာနိုင်သည်ကို သိမြင်နိုင်စွမ်းမရှိဘဲ မိမိတို့ သည်သာ ကမ္ဘာကြီး၏ ဗဟိုအချက်အချာတွင် နေထိုင်ကြပြီး တန်ခိုး အင်အားအကြီးဆုံးဟူ၍ ယုံကြည်သူများကလည်း ယုံကြည် နေကြဆဲဖြစ်သည်။

 

မြန်မာနိုင်ငံတွင်လည်း အင်းဝခေတ်တွင် နိုင်ငံခြားသားတို့ ကုန်သည်များ၊ သာသနာပြုများအဖြစ် စတင်ရောက်ရှိလာကြပြီး ၎င်းတို့ထံမှ တစ်ဆင့် ကမ္ဘာကြီးအကြောင်းကို တစေ့တစောင်း သိရှိခဲ့ကြရသော်လည်း အနာဂတ်ကာလအထိ မျှော်တွေးနိုင်မှုအားနည်းခဲ့ကြသည်။ ထို့နောက် တောင်ငူခေတ်နှင့် ကုန်းဘောင်ခေတ်တွင် ပြည်ပစွက်ဖက်မှုများနှင့် ဆက်လက်ကြုံတွေ့ခဲ့ရကာ မြန်မာနိုင်ငံနှင့် အနီးဆုံး နယ်မြေချင်းရော ယဉ်ကျေးမှုချင်းပါ ဆက်စပ်နေသည့် အိန္ဒိယနိုင်ငံကြီးမှာ နယ်ချဲ့တို့၏ ကျွန်ပြုသိမ်းပိုက်မှုကိုခံရပြီးနောက် မိမိတို့မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကိုပါ ခြိမ်းခြောက်ခံလာခဲ့ရခြင်းဖြစ်သည်။ ဆက်လက်၍ မြန်မာ့မြေပေါ်ကို ကျူးကျော်စစ်များ တစ်ကြိမ်ပြီးတစ်ကြိမ် ဆင်နွှဲ လာသည့်အချိန်ကျသည့် အခါမှ စနစ်ဟောင်းကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးပမ်းအားထုတ်ခဲ့သည့်တိုင်အောင် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် နိုင်ငံအတွင်း အထွေထွေအားနည်းချက်များ ရှိခဲ့သည့်အနက် အဆိုးရွားဆုံးမှာကား အချင်းချင်းစိတ်ဝမ်းကွဲပြားကာ စည်းလုံးညီညွတ်မှု ပျက်ပြားနေခဲ့ခြင်းပင်ဖြစ်သည်။

 

အတိတ်သမိုင်းကို လေ့လာခြင်းသည် အကောင်းအဆိုးတို့ကို သင်ခန်းစာယူရန်အတွက် ဖြစ်သည်။ သမိုင်းကို သင်ခန်းစာယူပြီး နိုင်ငံ၏ အနာဂတ်ကို မှန်မှန်ကန်ကန် တည်ဆောက်နိုင်ရန်အတွက် ဖြစ်သည်။ နိုင်ငံတွင် စည်းလုံးညီညွတ်မှုအားကောင်းသည့် ကာလတိုင်းတွင် အဘက်ဘက်မှ အင်အားတောင့်တင်းခိုင်မာခဲ့ပြီး ပတ်ဝန်းကျင်နိုင်ငံ များကပါ လေးစားခန့်ညားခဲ့ရသည်ကို အတိတ်သမိုင်းတွင် လေ့လာ တွေ့ရှိနိုင်သကဲ့သို့ စည်းလုံးညီညွတ်မှုပြိုကွဲသည့်အခါတိုင်း ကျူးကျော် စော်ကားခံရသည်များ၊ တန်ခိုးဩဇာမှေးမှိန်ခဲ့ရသည်များ ကိုလည်း တွေ့ရှိနိုင်သည်။ ကမ္ဘာတစ်ခွင်၌ ပြောင်းလဲလာနေသည့် ခေတ်ပြိုင် အခြေအနေများ၊ ကမ္ဘာ့မြင်ကွင်း များကို မှန်မှန်ကန်ကန်ရှုမြင်ပြီး လိုက်လျောညီထွေစွာ ရှင်သန်ရပ်တည်နိုင်သည့် အမြော်အမြင်များဖြင့် နိုင်ငံကို တည်ဆောက်ကြရန်လည်း လိုအပ်သည်။

 

ပြည်တွင်းစည်းလုံးညီညွတ်မှုများ အားနည်းသည့်အခါ သွေးခွဲ သပ်လျှိုမှုများစွာတို့ ပေါ်ပေါက်လာခြင်းကို လည်းကောင်း၊ စည်းလုံး ညီညွတ်မှု ပြိုကွဲသွားသည့်အခါတွင်မူ အချုပ်အခြာအာဏာနှင့်တကွ နယ်မြေပိုင်နက်တို့ လက်လွှတ်ဆုံးရှုံးရပြီး ကျူးကျော်လာသူတို့၏ ခြေဖဝါးအောက်တွင် အောက်တန်းစားနိုင်ငံသားများအဖြစ် နေထိုင် ခဲ့ကြရသည်ကိုလည်းကောင်း သမိုင်းသင်ခန်းစာတို့ကို ပြန်လည် သတိရကာ မိမိတို့ ဘိုးဘွားမိဘများ သွေးချွေးတို့ကိုစတေး၍ စည်းလုံး ညီညွတ်စွာ ပြန်လည်ရယူထားရသည့် လွတ်လပ်ရေးကို မိမိတို့ပခုံးပြောင်း တာဝန်ယူကြရသည့် အချိန်တွင်လည်း စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းရင်း အနာဂတ်မျိုးဆက် သစ်များသို့ လက်ဆင့်ကမ်းကြရမည် ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း