အတက်ရောဂါ

နေပြည်တော် ၂၈ ဧပြီ

တက်ခြင်းဆိုသည်မှာ ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ ရုတ်တရက် မူမမှန် ပြောင်းလဲမှုများကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာတုန်၍ သတိလစ်သွားခြင်း ဖြစ်ပါသည်။

အတက်ရောဂါသည် စိတ်ရောဂါမဟုတ်ပါ၊ ဦးနှောက်နှင့်သက်ဆိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အတက်ရောဂါသည် အရွယ်မရွေး ဖြစ်ပွားနိုင်ပါသော်လည်း ကလေးဘဝနှင့် သက်ကြီးပိုင်းတွင် အဖြစ်များပါသည်။

ရောဂါလက္ခဏာများ

သတိလစ်မေ့မြောကာ တက်သွားခြင်း

ကိုယ်ခန္ဓာတစ်ခုလုံး (သို့) တစ်ခြမ်း အကြောဆွဲခြင်း

ပါးစပ်မှ အမြုပ်တစီစီထွက်ခြင်း

ဆီးဝမ်း မထိန်းနိုင်ခြင်း

မျက်လုံးသည် အများအားဖြင့်ပွင့်နေပြီး တစ်ဖက်သို့ စွေစောင်းကာ အဝေးသို့ကြည့်သကဲ့သို့ ရှိနေခြင်း

အချို့လူများတွင် တစ်စက္ကန့် (သို့) မိနစ် အနည်းငယ်သာ တက်ပြီး အလိုလိုပင် အတက်ကျကာ ပုံမှန်အနေအထားသို့ ပြန်ရောက်လေ့ရှိသည်။ အတက်ကျချိန်၌ စိတ်ရှုပ်ထွေးခြင်း၊ နွမ်းနယ်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်ပါသည်။

တက်နေသောလူနာအား အရေးပေါ်ပြုစုခြင်း

ဆောင်ရန်

လူနာအား အန္တရာယ်မကျရောက်နိုင်သည့် နေရာတွင် လဲလျောင်းထားပေးပါ။

လူနာအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အရာ မှန်သမျှ ဖယ်ရှားပစ်ပါ။

အဝတ်စခေါက်တစ်ခုကို လူနာ၏ ဦးခေါင်းအောက်တွင် ထားပေးပါ။

အဝတ်အစားများတင်းကြပ်နေပါက ဖြေလျှော့ပေးပါ။

အတက်ကြာမြင့်သည့်အချိန်ကို မှတ်သားထားပါ။

သက်တောင့်သက်သာ အနေအထားဖြင့် အဆင်ပြေရာဘက်သို့ ဘေးစောင်းအနေအထား လှည့်ပေးပါ။

အတက်ကျသည့် အချိန်အထိ လူနာ၏ အနားတွင်သာ နေပါ။ လူနာအား အနားယူစေပါ။

လူနာသည် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ခုရရှိခဲ့ပါက စနစ်တကျ ဆေးထည့်ပြီး ပတ်တီးစည်းပေးပါ။

ရှောင်ရန်

အထိတ်တလန့် မဖြစ်ပါစေနှင့်။

တက်နေသော လူနာအား ချုပ်မထားပါနှင့်။ 

လူနာ၏ ပါးစပ်ထဲသို့ မည်သည့်အရာမျှ မထည့်ပါနှင့်။

အတက်ရောဂါ လူနာများ၏ ကျန်းမာရေးအတွက် သိထားသင့်သော အချက်များ

၁။ အတက်ရောဂါသည် ဦးနှောက်နှင့်ဆိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ စိတ်ရောဂါ မဟုတ်ပါ။ ပြုစားခံရခြင်း၊ မကောင်းဆိုးဝါး ဝင်ပူးခြင်း၊ ပဌာန်းဆက်၊ သိုက်ဆက်ရှိခြင်း စသည်တို့ကြောင့် အတက်ရောဂါ ဖြစ်ပွားခြင်း မဟုတ်ပါ။

၂။ အတက်ရောဂါကို ခေတ်ပေါ်ဆေးဝါးများနှင့် လွယ်ကူစွာ ကုသနိုင်ပါသည်။ ဆောလျင်စွာ ကုသခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

၃။ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း အတက်ရောဂါကု ဆေးဝါးများ မှန်မှန်သောက်ရန် လိုအပ်ပါသည်။ မိမိသဘောနှင့် ဆေးဝါးများကို တိုးခြင်း၊ လျှော့ခြင်း၊ ရပ်ခြင်းများကို လုံးဝမပြုလုပ်ရပါ။

၄။ အတက်ရောဂါ ဝေဒနာရှင်၏ ဘဝတွင် ရှောင်ကြဉ်သင့်သည်များ ရှိသော်လည်း အများနည်းတူ စာသင်ခြင်း၊ အလုပ်လုပ်ခြင်းများကို ဆောင်ရွက်နိုင်ပါသည်။

၅။ အတက်ရောဂါရှင် အမျိုးသမီးများသည် အိမ်ထောင်ပြုပြီး ကျန်းမာသည့် ကလေးများကို မွေးဖွားနိုင်ပါသည်။

၆။ အတက်ရောဂါရှိသူသည် အိပ်ရေးဝဝ အိပ်ရန်လိုအပ်ပါသည်။ အတက်ရောဂါရှိသူအား အလွန်အမင်း ဂရုစိုက်ရန် မလိုအပ်သလို ဝိုင်းပယ်မထားရန်လည်း အလွန်အရေးကြီးပါသည်။

၇။ လူနာ၏မိသားစုဝင်များ၊ ဆရာဝန်ဆရာမများနှင့် သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များသည် လူနာတက်ပါက မည်ကဲ့သို့ ဆောင်ရွက်ပေးရမည်ဆိုသည့် ရှေးဦးသူနာပြုစုနည်းများကို သိရှိထားရန် လိုအပ်ပါသည်။

၈။ အတက်ရောဂါရှိသူ၏ လည်ပင်းတွင် သော့ဆွဲပေးခြင်း၊ တက်နေချိန်တွင် လက်ထဲသို့ သော့ထည့်ပေးခြင်း၊ ဖိနပ်ရှူခိုင်းခြင်း၊ ကြက်သွန်နီရှူခိုင်းခြင်း စသည်တို့သည် မှားယွင်းသော ကုသနည်းများ ဖြစ်ပါသည်။ ရောဂါသက်သာစေရန် အထောက်အကူ လုံးဝမပြုပါ။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN