အတည်ပြုပိုးတွေ့လူနာ Case-150  တည်းခိုသည့် အခန်း၌ တည်းခိုမိသည့် မြောင်းမြသားတစ်ဦး ဆေးစစ်မှုအရ ပိုးမတွေ့ကြောင်းသိရ

မြောင်းမြ  ၉    မေ

 

Case 150 တည်းခဲ့သည့် မန္တလေးတိုင်းဒေသကြီး ၊ မန္တလေးမြို့မှ တည်းခိုခန်းတစ်ခု၏ အခန်းတစ်ခု၌  ထပ်မံတည်းခို မိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြမြို့ ဒေသခံအမျိုးသားတစ်ဦးသည်  Case 150 နဲ့ (close contact )ထိတွေ့မိသူ စာရင်းဝင်သွားသည့်အတွက် မြို့နယ်အတွင်း၌ ရှာဖွေခေါ်ယူပြီး စွမ်းအားတောရ  Facility Quarantine တွင် စောင့်ရှောက်ထားရှိကာ တို့ဖတ်နမူနာများရယူ၍ အမျိုးသား ဓါတ်ခွဲဌာန NHL သို့ပို့ဆောင်ပေးထားရာ ယမန်နေ့နံနက်က ပိုးမတွေ့ရှိရ (Negative) ဖြစ်ကြောင်း သိရသည်။

 

" Case-150 နဲ့ဆက်စပ်တဲ့ မြောင်းမြသားလေးက Negative ဖြစ်တယ်လို့ NHL က အကြောင်း ပြန်လာပါတယ်၊ အားလုံးအတွက်တော့ ဝမ်းသာစရာပါ ၊ ဒါပေမဲ့ သူ့ကို Facility Quarantine မှာ ၂၁ ရက်ပြည့် အောင် ထားရှိပြီး စောင့်ကြည့်သွားမှာပါ "ဟု မြောင်းမြခရိုင် ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာတင့်တင့်ကျော်က ပြောသည်။

 

မြောင်းမြမြို့တွင်   Corona   Virus Disease-2019 (ကိုဗစ်-၁၉) ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ပြည်ပမှ နေရပ်ပြန်များနှင့် သံသယရှိသူများအား မြို့ပေါ်တွင် Facility Quarantine ထားရှိဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ စွမ်းအားတောရ ပရိယတ္တိကျောင်းတွင် (၅၉)ဦး ၊ သူနာပြု သင်တန်းကျောင်းတွင် (၃၈)ဦးတို့ကို (၂၁)ရက်စောင့်ကြည့်ပြီး ကျန်းမာရေး ၊  နေရေး ၊စားသောက်ရေးပါ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 

သင်းရနံ့